ရန်ကုန်မြို့၊ ဆင်ခြေဖုံး မြို့နယ်တချို့တွင် လူသေဆုံးသည်အထိ အဆိပ်ပြင်းထန်သော ပတူကောင်များ ပျံ့နှံ့နေလျက်ရှိပြီး သက်ဆိုင်ရာအာဏာပိုင်များက ပတူကောင်နှိမ်နင်းရေး လုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်လာရကြောင်း သိရှိရသည်။
ရန်ကုန် အရှေ့ပိုင်းခရိုင် ၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် ၊ အမှတ် ၄၄ ရပ်ကွက် ၊ ငွေစင်လမ်း ၊ အိမ်အမှတ် ၁၁၁၅ တွင်လူသေဆုံးနိုင်သည်အထိ အန္တရာယ်ရှိ အဆိပ်ပြင်းသော ပတူကောင်အသိုက်နှင့် ပတူကောင်များတွေ့ရှိသဖြင့် မြို့နယ် မီးသတ်တပ်ဖွဲ့က ဇွန်လ ၅ ရက်နေ့၊ မနက်ပိုင်းတွင် သွားရောက်ရှင်းလင်းခဲ့ရကြောင်း၊ ရန်ကုန်မြို့တွင် ပတူကောင် ကိုက်မှု ကြောင့် လူသေဆုံး၊ ထိခိုက်ဒဏ်ရာရသော ဖြစ်စဉ်များ မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)တွင် တွေ့ရှိခဲ့ရသော ပတူကောင်များသည် အိမ်နောက်ဖေး ရေကပျဉ် ထင်းရှုးသေတ္တာထဲတွင် ခိုအောင်းလျက်ရှိရာ မီးသတ် တပ်ဖွဲ့ဝင်များက အကာအကွယ်ဝတ်စုံများ ဝတ်ဆင်ပြီး မက်နိုဖော့စ် ပိုးသတ်ဆေးဘူး သုံး၍ ပတူကောင်များ ရှင်းလင်းခဲ့ရကြောင်း၊ ထောင်ဂဏန်းနီးပါးရှိသော ပတူကောင်များကို အချိန် ၂ နာရီကျော် ကြာ ရှင်းလင်းခဲ့ ရကြောင်း၊ ဒဂုံမြို့သစ်တွင် ပတူကောင်များ တွေ့ရှိမှု ၁၁ ကြိမ်ခန့်ရှိလာပြီဖြစ် ကြောင်းမြောက်ဒဂုံမြို့နယ် မီးသတ် ဦးစီးဌာနမှလက်ထောက်ဦးစီးမှူး ဦးခင်ဇော်အောင်က ဧရာဝတီသို့ ပြောသည်။
“ ဒီတခေါက်နဲ့ဆိုရင် ဒဂုံအရှေ့နဲ့ ဒဂုံမြောက်မှာ ပတူကောင်တွေ တွေ့တာ ၁၁ ကြိမ်ရှိပြီ။ ရှင်းလင်းတဲ့ သူတွေက ကာကွယ်ရေး ဝတ်စုံနဲ့ဆိုတော့ အကိုက်မခံရဘူး။ ပြီးခဲ့တဲ့ တခေါက်ကတော့ ဒဂုံမြောက် (၃၈) ရပ်ကွက်မှာ ခွေးကို ၃ ကောင်ကို ပတူကောင်တွေ ဝိုင်းကိုက်လိုက်တာ ခွေးသေ သွားတယ်။ ကျနော်တို့ လူတွေလည်း အကိုက်ခံရတာ ဖူးရောင်တာတွေ ၊ ကိုယ်တွေ လက်တွေ ကိုက်ခဲတာတွေ ဖြစ်တယ်။ အဆိပ်တက်တာမျိုးပေါ့ ” ဟုဦးခင်ဇော်အောင်က ရှင်းပြသည်။
ပတူကောင် ကိုက်ခံရသည့် ဖြစ်စဉ်များ မကြာခဏ တွေ့ကြုံခဲ့ရသော မြောက်ဒဂုံမြို့နယ်မှ ဦးသန်းထွေးက“ အကောင် တွေက တောကြီးပျားလိုပဲ။ အကောင်က လူကြီး လက်မ တဝက်လောက်ရှိတယ်။အဝါကျားနဲ့ ။ လေးငါး ကောင်လောက် အကိုက်ခံရရင် ဖျားရော ။ ဆေးရုံတွေ ဘာတွေပို့ရတယ်။ အကိုက်ခံရတာ အကောင် အရမ်းများရင်တော့ လူပါသေနိုင်တယ် ” ဟု ပြောသည်။
လူသူအရောက်အပေါက်နည်းသော တောနက်များတွင်သာ ကျက်စားလေ့ရှိသည့်ပတူကောင်များသည် ရန်ကုန်မြို့တွင် မကြာခဏဆိုသလို တွေ့မြင်ရပြီး ပတူကောင်ကိုက်၍ လူသေဆုံးဒဏ်ရာရမှုများ ယမန်နှစ်က ဖြစ်ပွားခဲ့သည်။
၂၀၁၃ ခုနှစ် မေလ ၁၃ ရက်နေ့က ရန်ကုန်မြို့ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ မြန်မာနှစ်ခြင်း ခရစ်ယာန် အသင်းချုပ်ဝင်းအတွင်း လမ်းလျှောက်နေသူ အသက် ၄၆ နှစ်အရွယ် ဦးစောဘတင့်ကို ပတူကောင်များဝိုင်းကိုက်သဖြင့် အသက်ဆုံးရှုံးခဲ့ရပြီး ဦးစောဘတင့်ကို ဝင်ရောက်ကူညီခဲ့သူထဲတွင် လူ (၇) ဦး အကိုက်ခံရပြီး ၎င်းတို့အထဲမှ ၃ ဦးမှာ ဆေးရုံတက်ခဲ့ရကြောင်း၊ ၂၀၁၃ ခုနှစ် မေလ ၁၇ ရက်နေ့ကလည်း တောင်ဥက္ကလာပ မြို့နယ် ၁၃ ရပ်ကွက်အတွင်း ရေကန်တခု အနီးတွင် လမ်းလျှောက်နေသူ အသက် ၁၀ နှစ်အရွယ်နှင့် ၂ နှစ်အရွယ်ကလေးငယ်နှစ်ဦး ပတူကောင် အကိုက်ခံရပြီး ဆေးရုံ တက်ခဲ့ရကြောင်း သိရှိရသည်။