မန္တလေးတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ် နယ်စပ်၊ နေပြည်တော် အရှေ့ဘက် ၆ မိုင်ခန့်တွင် ရှိသည့် အထက်ပေါင်းလောင်း ရေ အားလျှပ်စစ် စီမံကိန်းကြောင့် ရွှေ့ပြောင်းခံရသည့် ကျေးရွာ၂၃ ရွာမှ ဒေသခံ တသောင်းကျော် စားဝတ်နေရေး အခက်အခဲများ ဖြစ် နေသည်ဟု သိရသည်။
“ပြောင်းရွှေ့ဖို့ အတွက် အိမ်တွေ ရေကန်တွေ ဆောက်ပေးတာလည်း ဖြစ်သလိုပဲ။ ဟိုတလောက လေ အရမ်းတိုက်တော့ တဲတွေ ခေါင်မိုးတွေ လန်ကုန်တယ်။ ပြီးတော့ ရေကန်တွေ တူးတာ မကြာသေးဘူး ပျက်ကုန်ပြီ”ဟု အဆိုပါ ဒေသခံများကို ကူညီပေးနေသည့် ကယန်း မျိုးဆက် ကျောင်းသားများ အဖွဲ့ ဥက္က္က္ကဌ ကိုပီတူး က ပြောသည်။
ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်း ဧရိယာတွင် မပါဝင်သော်လည်း ရေကာတာ အနီးဝန်းကျင်ရှိ ရေလွှမ်းမိုးနိုင်သည့် ရွာပေါင်း ၂၃ ရွာ မှ လူဦးရေ ၁သောင်း ကျော်သည် ၂၀၁၃ ခုနစ် သြဂုတ်လတွင် စတင် ပြောင်းရွှေ့ခံခဲ့ရခြင်း ဖြစ်သည်။
ရွှေ့ပြောင်းခံရသည့် ရွာ ၂၃ ရွာတွင် နေထိုင်ကြသူများသည် ပလောင်၊ ပအို့ဝ်၊ ကယားနှင့် မြန်မာ အများစု ဖြစ်ကြပြီး တောင်ယာ လယ်လုပ်ကြသူများ ဖြစ်ကြသည်။ ပြောင်းရွှေ့ရသည့် ရွာသစ်သည် ပင်လောင်းမှ ၂၅ မိုင်ခန့် ဝေးသော တောင်ပေါ် လမ်းကြမ်းသည့် ခရီးလမ်းတွင် ရှိနေပြီး မိုးရွာများပါက ၎င်းတို့ နေထိုင်ရာ နေရာသို့ ရေများစီးဆင်းလာသည့် အတွက် ရေဝပ်ရေလျှံ ဖြစ်ပေါ်ပြီး သွားရေးလာရေး ခက်ခဲမှုများ ရှိနေသည်ဟု သိရသည်။
ယင်းအခြေအနေများနှင့်ပတ်သက်ပြီး ဇွန်၄ ရက်တွင်ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမ ပုံမှန် အစည်းအဝေးတွင် ကလောမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဒေါ်သန်းငွေက အထက်ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်းကြောင့် ပြောင်းရွှေ့ကျေးရွာများမှ လူဦးရေ တသောင်းခန့် တို့၏ ဘဝအာမခံချက် ရှိရေး၊ ပညာရေး၊ ကျန်းမာရေး၊ နစ်နာကြေးများနှင့် ပတ် သက်ပြီး စီမံဆောင်ရွက်ပေးမှု ရှိ၊မရှိကို မေးမြန်း တင်ပြခဲ့သည်။
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးအောင်သန်းဦးက အထက်ပေါင်းလောင်း စီမံကိန်းနှင့် ပတ်သက်ပြီး ပြောင်းရွှေ့ကျေးရွာ ၂၃ ရွာ အိမ်ထောင်စု ၂၅၂၄ စု နေထိုင်ရေး အတွက် ကျေးရွာသစ် အဖြစ် မြေ ၆၀၄ ဧက ဖော်ထုတ်ပေးခဲ့ပြီး ယခုနှစ် မတ်လကုန် အထိ ဆောင်ရွက်ပေးရမည့် လုပ်ငန်း ၉၀ ရာခိုင်နှုန်းခန့်ကို ဆောင်ရွက်ပြီး ဖြစ်ကြောင်း လွှတ်တော်တွင် ပြန်လည် ဖြေကြားခဲ့သည်။
ထို့အပြင် ဝန်ကြီးက နိုင်ငံတော်မှ ပေးအပ်သည့် လျော်ကြေး၊ နစ်နာကြေးများကို အမှန်တကယ် နစ်နာသူများ ရရှိစေရန် အိမ်ထောင် စု တစုချင်း အလိုက် စနစ်တကျ ကောက်ယူပြီး ကျေနပ် ညှိနှိုင်း လက်မှတ်ရေးထိုး ပေးအပ်ခဲ့ကြောင်း၊ နစ်နာကြေးကြောင့် လက်ရှိ အချိန်အထိ တိုင်ကြားခြင်း မရှိသေးကြောင်းလည်း ထည့်သွင်း ဖြေကြားခဲ့သည်။
သို့သော် ပြောင်းရွှေ့ခံရသူ ရွာသားများအား နစ်နာကြေး ပေးရာတွင် သက်ဆိုင်ရာ တာဝန်ရှိသူများက ဝါးအိမ် တအိမ်လျှင် ကျပ် ၁၅ သိန်း၊ သစ်သားအိမ် တအိမ်လျှင် ၂၅ သိန်း၊ တိုက်အိမ် တအိမ်လျှင် သိန်း ၄၀၀ ပေးလျော်မည်ဟု ပြောဆိုထားသော်လည်း အချို့မှာ ဝါးအိမ် တအိမ်ကို ကျပ် ၉၃၀၀၀၊ သစ်သားအိမ်ကို သိန်း ၂၀၊ တိုက်အိမ်ကို ၈၅ သိန်းသာ ရရှိကြသည်ဟု ဒေါက်တာ ဒေါ်သန်းငွေ ၏ တင်ပြချက်တွင် ပါရှိသည်။
ထိုအစားထိုးပေးသည့် ကျေးရွာသစ်တွင် ရွာသားများ စိုက်ပျိူးလုပ်ကိုင်ရန် လယ်ယာမြေ မရှိသဖြင့် စိုက်ပျိုးရေး မလုပ်နိုင်သောကြောင့် ဝင်ငွေ မရှိကြသဖြင့် အစိုးရပေးသည့် လျော်ကြေးငွေဖြင့်သာ သုံးစွဲနေထိုင် နေကြရသည်ဟု ကိုပီတူး က ဆက်ပြောပြသည်။
ပေါင်းလောင်းရေအားလျှပ်စစ် စီမံကိန်းနှင့်ပတ်သက်ပြီး ရှမ်းသဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့မှ တာဝန်ခံ ဦးစိုင်းခေးဆိုင်ကလည်း “ပေါင်းလောင်းမြစ်က ရေတော်တော် နောက်နေပြီ။ ငါးတွေလည်း မရှိတော့တဲ့ အခြေအနေပဲ။ လယ်ယာလုပ်ကိုင်တဲ့ ဒေသခံတွေ အတွက် နောက်ပိုင်းမှာ ပိုပြီး အခက်အခဲ ကြုံလာနိုင်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
ကျေးရွာသစ်တွင် ခက်ခဲနေသည့် ပြဿနာများနှင့်ပတ်သက်ပြီး ရွာသားများက အစိုးရထံ စာတင်ရန် ကြောက်ရွံ့ နေကြကြောင်း၊ ရွာသားများသည် အလုပ်အကိုင် မရှိကြသည့် အတွက် ကလေးငယ်များကို ကျောင်းမထားနိုင်ကြောင်း၊ လက်ရှိ နေရာတွင် ကလေးများ ပညာရေးအတွက် ကျောင်းဆောင် မရှိကြောင်း ပြောင်းရွှေ့ခံရသည့် ကျေးရွာများကို ကူညီပေးနေသည့် ကိုပီတူးက ပြောဆိုသည်။
ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်းကို ၂၀၀၅ ခုနစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၃ ခုနစ် ဇူလိုင်လတွင် ရေကာတာ တည်ဆောက်မှုအပိုင်း ပြီးစီးကာ လျှပ်စစ် ဓာတ်အား လွွှတ်ရန်အတွက် စက်များ တပ်ဆင်ရန်သာ ကျန်နေကြောင်း၊ အဆိုပါ ရေအား လျှပ်စစ် စီမံကိန်း မှ ရရှိလာမည့် လျှပ်စစ်မီးကို အစိုးရ ရုံးစိုက်ရာ နေပြည်တော်အတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။