ကယန်းပြည်သစ် တပ်မတော် (KNLA) က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရှိနေသရွေ့ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ စနစ်နှင့် ဖက် ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်မည် မဟုတ်သဖြင့် ပြင်ဆင် (သို့) အသစ် ရေးဆွဲရန် တိုက်တွန်းကြောင်း သိရသည်။
“လွန်ခဲ့တဲ့ နှစ် ၅၀ က ကယန်းပြည်သူတွေ တော်လှန်ခဲ့တဲ့ စစ်အာဏာရှင် စနစ်ကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ဒီနေ့အထိ မွေးမြူထားဆဲ ဖြစ်ပါတယ်။ ဒါကြောင့် အစ၊ အလယ်၊ အဆုံး အကုန်လုံး ပြင်ဆင်ရေး ဒါမှမဟုတ် အသစ် ရေးဆွဲရေး အတွက် အဖိနှိပ်ခံ လူမျိုးပေါင်းစုံ မြန်မာ ပြည်သူလူထု တရပ်လုံးက တောင်းဆို ကြိုးပမ်း နေကြတာပါ။ ကယန်းပြည်သစ် တပ်မတော်က အဲဒီလို တောင်းဆိုနေတဲ့ အဖိနှိပ်ခံ ပြည်သူလူထုဘက်မှာ ပြတ်ပြတ်သားသား ရပ်တည်သွားမှာ ဖြစ်ပါတယ်”ဟု ကယန်း ပြည်သစ်ပါတီ (KNLP) ဥက္ကဋ္ဌ ဦးသန်းစိုးနိုင်က ပြောသည်။
ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံမြို့နယ်၊ ဆီးဘူးကျေးရွာရှိ ကယန်းပြည်သစ်ပါတီ ဌာနချုပ်တွင် ကျင်းပသည့် ကယန်း အမျိုးသား လက်နက်ကိုင် တော်လှန်ရေး နှစ် (၅၀) ပြည့် ရွှေရတု အထိမ်းအမှတ်ကို ဇွန် ၄ ရက်က ကျင်းပခဲ့ပြီး ယင်းအခမ်းအနား၌် KNLA ၏ နိုင်ငံရေး ပါတီ ဖြစ်သည့် KNLP က တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။
စစ်အာဏာရှင် သက်ဆိုးရှည်စေသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်၍ တန်းတူ၍ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရှိပြီး ဒီမိုကရေစီ စနစ် ကျင့်သုံးသော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး၊ ပင်လုံစိတ်ဓာတ် အခြေခံသော ညီလာခံ ကျင်းပရေး တို့နှင့် ပြည် သူ လူထုက လက်ခံယုံကြည်နိုင်သော နည်းလမ်းမျိုးစုံ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း KNLP ဥက္ကဋ္ဌ ဦးသန်းစိုးနိုင်က ဆက်ပြောသည်။
ယင်းအခမ်းအနားကို KNLA/KNLP ခေါင်းဆောင်များနှင့် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ‘ဝ’ ပြည်သွေးစည်း ညီညွှတ်ရေး ပါတီ (UWSP)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး တပ်ဦး (ကလလတ)၊ ရှမ်းပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး အဖွဲ့ (ရလလဖ) တို့ အပါအဝင် အဖွဲ့အစည်း ၂၀ ကျော်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။
ကယန်းအမျိုးသား လက်နက်ကိုင် တော်လှန်ရေးကို ၁၉၆၄ ခုနှစ် ဇွန်လ ၄ ရက်တွင် စတင် ဆင်နွှဲခဲ့ပြီး ကယန်း ပြည်သစ်ပါတီကို ၁၉၆၄ ခုနှစ် သြဂုတ်လ ၈ ရက်၌ စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ကယန်းပြည်သစ် အဖွဲ့သည် ၁၉၉၄ ခုနှစ် ဇူလိုင် ၂၆ တွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့ ဖြစ်သည်။
KNLP နှင့်အတူ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကချင်လွတ်လပ်ရေး အဖွဲ့ (KIO)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး (ကလလတ)၊ ရှမ်းပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက် ရေး အဖွဲ့ (ရလလဖ) တို့သည် လက်နက်ကိုင် တော်လှန်ရေး သက်တမ်း ၃၀ ကြာသည် အထိ တပ်ပေါင်းစု မဟာမိတ်များ အဖြစ် လက်တွဲလျက်ရှိသည်ဟု သိရသည်။