ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်၊ တာမိုးညဲမြို့နယ်ခွဲအတွင်း ပစ်ခတ်မှုကြောင့် ကွတ်ခိုင်မြို့အခြေစိုက် အမှတ် ၂၄၁ ခြေလျင် တပ်ရင်းမှ ယာယီတပ်ရင်းမှုး ဗိုလ်မှူးကျော်ထင်အောင် ကျဆုံးမှုသည် ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၏ လက်ချက် ဖြစ်ကြောင်း TNLA ပြန်ကြားရေးဒုတာဝန်ခံ တာပန်လက ပြောသည်။
ဇွန်လ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ပစ်ခတ်မှုကြောင့် ဗိုလ်မှူးကျော်ထင်အောင် ကျဆုံးသွားရခြင်းဖြစ်ပြီး TNLA ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုအတွင်း ကျဆုံးခြင်းဖြစ်ကြောင်း ပြောဆိုသည်။
TNLA ပြန်ကြားရေး ဒုတာဝန်ခံ တာပန်လက “သူတို့ဘက်က စီးလာတဲ့ကားကို ကျနော်တို့ဘက်က လက်နက်ကြီးနဲ့ ပစ်လိုက် လို့ သူတို့ကားလည်း ပျက်စီးသွားတယ်။ အဲဒီမှာရှိတဲ့ အရာရှိတွေလည်း ကျဆုံးသွားတယ်။ ကားရော လူရော ပျက်စီးသွားတယ်။ ကျနော်တို့ သတင်းရထားတာတော့ အဲဒီဘက်မှာ ၃ ယောက် ကျသွားတယ်။ ကားမှာ ဘယ်နှစ်ယောက် ပါလဲတော့ မသိဘူး ”ဟု ဧရာဝတီကို ပြောသည်။
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်တပ်အရာရှိကြီးတဦးကမူ ဗိုလ်မှူးကျော်ထင်အောင် ကျဆုံးမှုသည် ကချင် လွတ်မြောက် ရေး တပ် (KIA)နှင့် ပလောင်(တအာင်း)အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) တို့ ပူးပေါင်း လုပ်ဆောင် ခဲ့ဖြစ်ကြောင်း၊ ရှေ့တန်းမှ ပြန်လာသူများကို သွားရောက်ကြိုဆို ပြန်လာချိန်တွင် အခင်းဖြစ်ပွားခြင်း ဖြစ်ကြောင်း ဟု ဆိုသည်။
“ကားပေါ်မှာ ကလေးက ၂ ယောက်၊ ယောကျၤားးလေးတွေ။ တယောက်က ၅ နှစ်၊ နောက်တယောက်က ၃ နှစ် ပဲရှိသေးတယ်။ သူတို့တွေတော့ ဘာမှမဖြစ်ပါဘူး။ ကားကို တားတယ်။ ဒီလိုဖြစ်မယ်မှန်း မသိတော့ ရပ်လိုက်တယ်။ နောက် သူတို့မှန်း သိချိန် နောက်ကျသွားတယ်။ ကျနော်တို့ကို တဖက်တချက်က တောင်ကုန်း ပေါ်ကလည်း ပစ်တယ်။ ကျနော်တို့ ပြန်ပစ်တော့ သူတို့ ထွက်ပြေးတယ်”ဟု မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အရာရှိက ပြောသည်။
ဗိုလ်မှူးကျော်ထင်အောင်သည် ပစ်ခတ်မှုကြောင့် ပွဲချင်းပြီး သေဆုံးခဲ့ပြီး အခြားထိခိုက်ဒဏ်ရာရသူမရှိကြောင်း သိရှိရသည်။
“ သေနတ် ထိမှန်တာက လေပြွန်ကို ထိပြီး တခါထဲ ပွဲချင်းပြီး ကျဆုံးရတာပါ။ ကားပေါ်မှာ ကလေး ၂ယောက် အပြင် မိန်းမနဲ့ အမေလည်း ပါတယ်။ တခြား လုံခြုံရေး ဝန်ထမ်းတွေ ပါတယ်။ ကျနော်တို့ စစ်ဆေးနေတုန်းပါ”ဟု စစ်ဌာနချုပ်မှ အဆိုပါ တာဝန်ရှိသူက ဆက်ပြောသည်။
ကျဆုံးသွားသော ဗိုလ်မှူးကျော်ထင်အောင်သည် အသက် ၃၆ နှစ်ရွယ်ရှိပြီး ဇနီးဒေါ်ခိုင်သဉ္ဖာဦး၊ သား ၂ ဦးဖြစ်သည့် ဖိုးအောင်အောင်နှင့် ဖိုးစီစီတို့ ၂ ဦး ကျန်ရစ်ကာ ယနေ့ ကွတ်ခိုင်မြို့တွင် ဂူသွင်းသဂြိုလ်ကြောင်း သိရှိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအဖွဲ့ (NCCT)မှ ဒေါက်တာ ဆလိုင်း လျန်မှုန်းဆာခေါင်က “ ကျနော် အမြင်တော့ ၂ ဖက် တိုက်ပွဲတွေ ဆက်ဖြစ်နေတာက ငြိမ်းချမ်းရေး ဝေးစေပါတယ်။ ဒီတော့ တဖက်နဲ့တဖက် ထိန်းသိမ်းကြရင် ကောင်းမယ်။ အခုချိန် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်ဖို့ လိုတယ်။ ဒီလို ဖြစ်နေတာကို ရပ်စေ ချင်တယ်။ ထိန်းသိမ်းဖို့က နှစ်ဖက်စလုံးမှာ တာဝန်ရှိတယ်။ တပ်မှာရော တိုင်းရင်းသားတွေဘက်ပါ တာဝန် ရှိပါတယ်”ဟု ဧရာဝတီကို ပြောသည်။