မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် စဉ့်ကူးမြို့ ညောင်ဝန်း ကျေးရွာရှိ စစ်တပ်က သိမ်းယူထားသော လယ်ယာမြေများကို ဒေသခံ လယ် သမားများက ပြန်လည် လက်ရောက်ရယူသည့် ထွန်တုံးတိုက်ပွဲကို ဇွန် ၆ ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လယ်မြေများသည် ၁၉၇၃ ခုနှစ် ဝန်းကျင်ကတည်းက ထောက်ပို့တပ် အမှတ် ၁၂၁ တပ်မှ သိမ်းယူထားသော လယ်ယာမြေ ဧက ၃၀၀၀ ကျော်ဖြစ်ပြီး ၁၉၉၅ ခုနှစ်တွင် ဂရိတ်ဝေါ ကုမ္ပဏီသို့ ကြံစိုက်ပျိုးရန် အငှားစနစ်ဖြင့် ပေးခဲ့သည့် မြေများ ဖြစ်ကြောင်း၊ လယ် သမားများက နွားအရှဉ်း ၇၀ ဖြင့် မြေထွန်ခြင်း၊ ပျိုးကျဲခြင်းများ ပြုလုပ်ခြင်း ဖြစ်ကြောင်း ယနေ့ ထွန်တုံး တိုက်ပွဲ ပြုလုပ်ခဲ့သော လယ်သမား ဦးမြင့်ကြည်က ဧရာဝတီကို ပြောသည်။
“၂၀၀၃ ခုနှစ်ကစပြီး ဒီလယ်ယာမြေကိစ္စကို ဖြေရှင်းပေးဖို့ စာတင်တယ်။ အရပ်သား အစိုးရ တက်လာတော့လည်း စာ တင်တယ်။ ဒီနှစ် မေလထဲမှာလည်း စာထပ်တင်တယ်။ မဖြေရှင်းပေးဘူး။ အဲဒါကြောင့် ထွန်တုံးတိုက်ပွဲလုပ်တာ။ ဒီနေ့ လယ်ထွန်တာ၊ ပျိုးကျဲတာ အားလုံး ဧက ၃၀၀ ကျော် ပြီးသွားတယ်။ နောက်နေ့တွေ ဆက်လုပ်ဦးမယ်”ဟုလည်း ၎င်းက ဆိုသည်။
ထွန်တုံးတိုက်ပွဲ ပြုလုပ်ရာတွင် ဒေသခံ ရဲ တပ်ဖွဲ့ဝင်များအနေဖြင့် လိုက်လံနှောင့်ယှက်ခြင်း၊ တားမြစ်ခြင်း၊ ဖမ်းဆီး အရေးယူခြင်းများ မပြုလုပ်ကြောင်း၊ မှတ်တမ်း ဗီဒီယိုများကိုတော့ လာရောက်ရိုက်ကူးခဲ့သည့် အတွက် နောက်ပိုင်းအခြေအနေ မည်သို့ဆက်ဖြစ်နိုင် မည် ကိုမူ မသိရှိသေးကြောင်း လယ်သမား ဦးစိန်ဌေးက ဧရာဝတီကို ပြောသည်။
၁၉၇၃ ခုနှစ် စစ်တပ်က သိမ်းယူပြီးနောက်ပိုင်း၌ တချို့လယ်မြေများပေါ်တွင် ထွန်ယက်စိုက်ပျိုးခွင့် ရခဲ့သော်လည်း ဂရိတ်ဝေါ ကုမ္ပဏီ မှ ဝင်ရောက်လုပ်ကိုင်သည့်အခါ လယ်သမားများမှာ လုံး၀ ထွန်ယက်စိုက်ပျိုးခွင့် မရခဲ့တော့ကြောင်းလည်း ၎င်းက ဆက်ပြော သည်။
ဂရိတ်ဝေါ ကုမ္ပဏီက တချို့နေရာများတွင် ကြံစိုက်ပျိုးနိုင်ခြင်းမရှိသဖြင့် နှစ်ကြာလာသောအခါ လယ်ယာမြေများမှာ အရိုင်းမြေကဲ့သို့ ဖြစ်လာသောကြောင့် ဒေသခံလယ်သမားတချို့ကို လုပ်ကိုင်ခွင့် ပြန်ပေးခဲ့သော်လည်း နှစ်အနည်းငယ်အကြာတွင် အဆိုပါ လယ်ယာ မြေများကို ပြန်လည် သိမ်းယူခဲ့သည့် ဖြစ်ရပ်များလည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့အတွက် ဒေသခံလယ်သမားများမှာ စိုက်ပျိုးရန် ခက်ခဲသော ဝေးလံလှသည့် တောထဲတွင် သွားရောက် လုပ်ကိုင်ကြရကြောင်း၊ အာဏာပိုင် အဆင့်ဆင့်ထံသို့ ဖြေရှင်းပေးရန် တင်ပြခဲ့သည်မှာလည်း ၈ ကြိမ်ခန့်အထိ ရှိနေပြီဖြစ်သည်ဟု ဆိုသည်။
အဆိုပါ ထွန်တုံးတိုက်ပွဲ ဝင်ရောက်ဆင်နွှဲမှုနှင့်ပတ်သက်ပြီး ဂရိတ်ဝေါကုမ္ပဏီသို့ ဆက်သွယ်မေးမြန်းရာတွင် ၎င်းတို့အနေဖြင့် သတင်း ကို ကြားမိသော်လည်း အသေးစိတ် အချက်အလက်များ မရရှိသေးသည့်အတွက် မည်သို့ ဆက်လုပ်မည်ကို မပြောနိုင် သေး ကြောင်း ဂရိတ်ဝေါ ကုမ္ပဏီပိုင်ရှင်၏ အကြံပေးဖြစ်သူ ဦးအေးကျော်က ဧရာဝတီ သို့ ပြောသည်။
“ကျနော်တို့ဆီ တိကျတဲ့ သတင်းတွေ တက်မလာသေးဘူး။ ပိုင်ရှင်ဖြစ်သူကလည်း ခရီးသွားနေတယ်။ ထွန်တုံးတိုက်ပွဲ လာလုပ် တယ် ဆိုတာတော့ ကြားပေမယ့် တိတိကျကျ ဘာမှမသိရသေးတော့ ဘာဆက်လုပ်မယ်ဆိုတာ ကျနော် ဘယ်ပြောနိုင်ဦးမလဲဗျ။ နောက်ပြီး ဒီမြေတွေက စစ်တပ်ကနေ ကျနော်တို့က ငှားထားတဲ့ လယ်ယာမြေတွေ။ ကျနော်တို့အပိုင် မဟုတ်ပါဘူး”ဟုလည်း ၎င်းက ပြောဆိုသည်။