ကလေးတယောက်ကို ပြုစုစောင့်ရှောက် ထိန်းကျောင်းရတယ် ဆိုတဲ့ ကိစ္စဟာ တကယ်တော့ မလွယ်လှတဲ့ အရာပါ။ မိဘများ အနေနဲ့ ကလေးတို့ရဲ့ ကျန်းမာရေး၊ ပညာရေး စတာတွေကို သင်ကြားပြုစု စောင့်ရှောက်ပေးရသလိုပဲ သူတို့ အသက်အရွယ် ကြီးပြင်းလာတဲ့ အချိန် (လူကြီးဖြစ်လာချိန်မှာ) တကယ့် လူ့လောကကြီးထဲကို ဝင်ဖို့အတွက် လိုအပ်တဲ့ အရာလေးတွေ မှန်သမျှကို ငယ်စဉ် ကတည်းက လေ့ကျင့်ပေးထားဖို့ လိုပါတယ်။
လူ့လောကထဲကို ဝင်တဲ့ အချိန်မှာ ကိုယ့်ရဲ့ကလေးဟာ မိဘ အပါအဝင် ဘယ်သူ့ကိုမှ စိတ်ပိုင်းရုပ်ပိုင်း အားလုံး မမှီခိုဘဲနဲ့ ကိုယ့်ခြေ ထောက် ပေါ်မှာ ခိုင်ခိုင်မြဲမြဲ ရပ်တည်နိုင်ဖို့နဲ့ ကိုယ့်တာဝန် ကိုယ်ယူတတ်စေဖို့ အတွက် ကလေးတို့ကို ငယ်ငယ်ကတည်းက လေ့ ကျင့်ပေးထားဖို့ လိုပါတယ်။
ကိုယ့်အားကိုယ်ကိုး တတ်စေဖို့နဲ့ ကိုယ့်တာဝန် ကိုယ်ယူတတ်တဲ့ စိတ်ကလေးဟာ တကယ်တော့ လူမှုအသိုင်းဝိုင်း ဝန်းကျင် အတွက် အင်မတန်မှကို အကျိုးရှိတဲ့ စိတ်ပါ။ ဖွံ့ဖြိုးပြီး တိုင်းပြည်များ မှာတော့ ကလေးတို့ ကိုယ့်အားကိုယ်ကိုး တတ်စေဖို့နဲ့ ကိုယ့်တာဝန် ကိုယ်ယူတတ်စေဖို့ အတွက် မိဘများက သတိထားပြီးတော့ လေ့ကျင့်ပေးလေ့ ရှိပါတယ်။ လေ့ကျင့်ပေးတယ် ဆိုတာကလည်း ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ ကလေးတို့ လုပ်တတ်တဲ့၊ လုပ်နိုင်တဲ့ အလုပ်မှန်သမျှကို ကလေးကိုယ်တိုင် လုပ်ခိုင်းတာပါပဲ။
ကျွမ်းကျင်သူ ပညာရှင်တို့ရဲ့ အဆိုအရ ကလေးတို့ ကိုယ့်ကိုယ်ကိုယ် အားကိုးတတ်စေဖို့ အတွက် ကလေးတို့ မှောက်တတ်ပြီ၊ ခေါင်းထောင်နိုင်ပြီ ဆိုကတည်းကိုက စတင်ပြီးတော့ လေ့ကျင့်ပေးရမယ်လို့ ဆိုပါတယ်။ ကလေး စမှောက်ပြီးတော့ ဝမ်းလျား စထိုးတဲ့ အချိန်မှာ ကလေးတို့ဟာ သူတို့ရှေ့ကမြင်တဲ့ တွေ့တဲ့ အရာလေးတွေကို ဆွဲချင်ကြ၊ လိုချင်ကြပါပြီ။ လှမ်းဆွဲလို့ မမီနိုင်တဲ့အခါမျိုးမှာ လူကြီးက သနားပြီးတော့ ကလေးရဲ့ လက်ထဲကို ယူထည့်ပေးလိုက်တာမျိုး မလုပ်ဘဲနဲ့ ကလေး မီနိုင်လောက်တဲ့ နေရာလောက်မှာ ပစ္စည်းကို ရွှေ့ထားပေးပြီးတော့ ကလေးဘာသာ လှမ်းယူခိုင်းရပါမယ်။
ပစ္စည်းလေးတွေကို သူတို့ ကိုယ်တိုင် ကြိုးစားပြီးတော့ ယူရတာမို့ ကလေးတို့ အားစိုက်ရပါတယ်။ အားစိုက်ပြီးတော့ ရသွားတဲ့ အခါမျိုးမှာ သူတို့ အင်မတန် ကျေနပ်ကြတယ်လို့ ဆိုပါတယ်။ အဲဒီ ကျေနပ်မှုဟာ ကလေးတို့ရဲ့ အနာဂတ် အတွက် အရေးကြီးတဲ့ ကိုယ့် ကိုယ်ကိုယ် ယုံကြည်တဲ့စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် အကောင်းမြင်အထင်ကြီး စိတ်တွေကို ဖွံ့ဖြိုးလာအောင် မျိုးစေ့ချပေးလိုက်တာပါပဲ။
အဲဒီလိုပဲ ဇွန်းကိုင်နိုင်တဲ့ အရွယ်မှာ ပေချင်ပေ၊ ပွချင်ပွ ကလေးတို့ဘာသာ ကလေးတို့ အစာ စားစေတာ၊ လမ်းလျှောက်တတ်တဲ့ အရွယ်မှာ ကလေး ညောင်းမှာစိုးလို့ ဆိုပြီးတော့ လူကြီးက မချီပိုးဘဲနဲ့ သူတို့ဘာသာ သူတို့ လမ်းလျှောက်စေတာ၊ သူတို့ ကစားတဲ့ အရုပ်လေးတွေကို သူတို့ဘာသာ သူတို့ ပြန်သိမ်းခိုင်းတာ၊ ကလေး နိုင်လောက်တဲ့ ပစ္စည်းလေးတွေကို မိဘက ကူသယ် မပေးဘဲနဲ့ သူတို့ဘာသာ သူတို့ သယ်ခိုင်းတာမျိုး တွေဟာလည်း ကလေးတို့ ကိုယ့်ဘာသာ အားကိုးချင်စိတ် ရှိလာစေဖို့ အတွက် ကလေးတို့ကို လေ့ကျင့်ပေးတာတွေ ပါပဲ။
ကျမတို့ လူမှုဝန်းကျင်မှာတော့ အသက်အရွယ် တော်တော်ကြီးတဲ့ အထိ မိဘကို သားသမီးက အားကိုး နေတတ်ကြ တာမျိုးတွေ တွေ့နေရဆဲပါ။ သမီး အိမ်ထောင်ကျသည် အထိ သမီးဖြစ်သူ ထမင်းဟင်း မချက်တတ်သေးလို့ အမေက ဟင်းလိုက်ချက် ပေးရ၊ အိမ်ထောင် လိုက်ထိန်းပေးနေရတဲ့ အဖြစ်မျိုးတွေကို မြင်တွေ့ နေကြရပါတယ်။
အဲဒီလိုပဲ ကိုးနှစ်၊ ဆယ်နှစ် အရွယ်ကြီး အထိ ကလေးကို နောက်ကနေ ထမင်း လိုက်ခွံ့ကျွေး နေရသေးတဲ့ မိဘတွေကိုလည်း ကျမ တို့ ဝန်းကျင်မှာ တွေ့နေရတာပါပဲ။ အိမ်အလုပ်သမား ထားနိုင်တဲ့ အိမ်များမှာ ဆိုရင်ဖြင့် ကလေးတို့ဟာ သူတို့ တကိုယ်စာ တာဝန် တောင်မှ မယူတတ်ကြတော့ ပါဘူး။ ရေချိုးတာ၊ အကျႌ ဝတ်တာ၊ သွားတိုက်တာ စတဲ့ ကလေးတို့ ကိုယ်တိုင် လုပ်နိုင်၊ လုပ်တတ် တဲ့ အရာမှန်သမျှကို အိမ်အလုပ်သမား က လိုက်လုပ်ပေး ကြရပါတယ်။
ရုတ်တရက် ကြည့်မယ် ဆိုရင်တော့ဖြင့် ဒါဟာ မိဘတို့ရဲ့ ချစ်ခြင်းမေတ္တာပဲလို့ ထင်စရာ ရှိပါတယ်။ ကိုယ့်ရဲ့ သားသမီးကို ဘာတခု မှ မခိုင်းမစေဘဲ ထားတာ၊ အရာအားလုံး နောက်ကနေ လိုက်လုပ်ပေးနေတာဟာ တကယ်တော့ သားသမီးကို ချစ်ရာ မရောက် ပါဘူး။ အထူးသဖြင့် ဒီကနေ့ခေတ်လို ခေတ်မျိုးမှာ သမီးမိန်းကလေးပဲ ဖြစ်ဖြစ်၊ သားယောက်ျားလေးပဲ ဖြစ်ဖြစ် ဘယ်လောက်ပဲ မိဘ က သားသမီးကို ချစ်ချစ်၊ သားသမီးကို ကိုယ်နဲ့မကွာ ထားလို့ ရတဲ့ခေတ် မဟုတ်တော့ပါဘူး။
ဒါကြောင့်မို့လို့ ဒီနေ့ခေတ်ရဲ့ မိဘတို့ ဝတ္တရားထဲမှာ ကလေးတို့ ကြီးပြင်းလာတဲ့ အချိန်မှာ စိတ်ရော၊ ရုပ်ပါ မိဘတို့ အကူအညီ မပါဘဲ နဲ့ ကိုယ့်ဘာသာကိုယ် ရပ်တည်နိုင်ဖို့ အတွက် ကလေးတို့ကို ငယ်စဉ်ကတည်းက လေ့ကျင့် သင်ကြားပေးဖို့ လိုလာပါပြီ။
သင်ကြားပေးတဲ့ အခါမျိုးမှာ ရေချိုးတာ၊ အကျႌ ဝတ်တာ၊ သွားတိုက်တာစတဲ့ ကလေးတို့ရဲ့ တကိုယ်စာ တာဝန်များကို ကလေးတို့ ကိုယ်တိုင် လုပ်တတ်အောင်လို့ သင်ကြားပေးရမှာပါ။ သုံးလေးနှစ်လောက် ရောက်လာပြီ ဆိုတာနဲ့ ကလေးတို့ရဲ့သွားကို ကိုယ်တိုင် ဘယ်လို တိုက်ရတယ်၊ ရေဘယ်လို လောင်းချိုး ရတယ် ဆိုတာကို မိဘများ အနေနဲ့ သင်ကြားပေးရပါမယ်။
ကလေးသွားတိုက်တဲ့၊ ရေချိုးတဲ့ ဘေးနားကနေ ပြီးတော့ ကလေးများကို သေသေသေချာချာ စနစ်တကျနဲ့ လုပ်တတ် ကိုင်တတ် အောင် လို့ သင်ပေးဖို့ လိုပါတယ်။ အဲဒီလိုပဲ လက်ကို ဆပ်ပြာနဲ့ ဘယ်လို ဆေးကြောရတယ် ဆိုတာကိုလည်း သေသေချာချာ သင် ပေး ဖို့ လိုပါတယ်။ အကျႌဝတ်တာ၊ ဖိနပ်စီးတာ တွေမှာလည်း ထို့အတူ ပါပဲ။
ကျောင်းတက်တဲ့ အရွယ် ရောက်လာပြီဆိုရင်လည်း ညဘက်မှာ စာအုပ်တွေကို လွယ်အိတ်ထဲ ထည့်ပေးတာ၊ စာအုပ်၊ ပေတံ၊ ခဲတံ ပါ,မပါ စစ်တာမျိုးက အစ၊ မိဘများကိုယ်တိုင် လိုက်မလုပ်ဘဲနဲ့ ကလေးကို ကိုယ်တိုင် လုပ်ခိုင်းရပါမယ်။ မနက် ကျောင်းသွားဖို့ အိပ် ရာကထတဲ့ အခါမှာလည်း မိဘက နှိုးယူရတာမျိုး အကျင့်မလုပ်ဘဲနဲ့ သံပတ်နဲ့ ကိုယ့်ဘာသာကိုယ် ထတတ်အောင်၊ သူတို့ ကိုယ် တိုင် အချိန်နာရီလေးကို ကြည့်ပြီး တွက်ပြီးတော့ ကျောင်းချိန် မီအောင် ရေချိုး၊ ထမင်းစား စတာတွေကို လုပ်ကိုင်တတ် အောင် လို့ မိဘများက လေ့ကျင့်ပေးဖို့ လိုပါတယ်။
ကလေးတို့ကို သင်ကြားပေးရတာဟာ တကယ်တော့ မိဘကိုယ်တိုင် လုပ်ပေးလိုက်ရတာထက် ပိုခက် ပိုပင်ပန်း ပါတယ်။ ဒါကြောင့် မို့လို့ မိဘတော်တော်များများဟာ စိတ် မရှည်တတ်ကြပါဘူး။ အချိန်လည်း ပိုကြာသလို ကလေးက မလုပ်တတ်လုပ်တတ်နဲ့ လုပ်နေ တာမို့ စိတ် မရှည်ချင်စရာ အင်မတန်ကောင်းပါတယ်။ တချို့ မိဘများ ကျပြန်တော့လည်း သင်ပေးရင်းနဲ့ “နင်က ဒါလေးတောင် မလုပ်တတ်ဘူးလား၊ အသုံးကို မကျဘူး၊ ညံ့တယ်” စသဖြင့် စိတ်တွေ စောပြီး စေတနာ ဒေါသောနဲ့ ပြောတတ်ကြပါတယ်။
အဲဒီလို ပြောလိုက်ခြင်းဟာ ကလေးတို့ရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တဲ့ စိတ်ကလေးကို ပြိုကွဲသွားအောင်လို့ ဖြိုခွဲလိုက်တာနဲ့ အတူ တူ ပါပဲ။ ကလေးဟာ သူ မလုပ်တတ်တဲ့ အလုပ်သစ် တခုခုကို စမ်းသပ် လုပ်ကိုင်တော့မယ် ဆိုတိုင်း ငါ မလုပ်နိုင်ဘူး၊ ငါဟာ လူညံ့ စသဖြင့် တွေးတော ကြောက်ရွံ့ သွားတတ်ကြပါတယ်။
နောက်တခု မိဘများအနေနဲ့ သတိပြုရမှာက ဒီအလုပ်တွေဟာ လူကြီးများ အတွက်တော့ နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့ပြီးသား အရာတွေ ဖြစ်ပေမယ့် ကလေးများ အတွက်ကတော့ သူတို့ တခါဖူးမှ မလုပ်ဘူးသေးတဲ့ အလုပ်သစ်တွေ ပါ။ အလုပ်သစ် တခုကို အခုမှ ကိုယ်တိုင် စမ်းတဝါးဝါးနဲ့ လုပ်ကိုင် နေရတာမို့ ကျွမ်းကျင်ဖို့ အချိန် လိုပါတယ်။
ဒါကြောင့် မို့လို့ ကိုယ်လုပ်တဲ့ အတိုင်း၊ ကိုယ့်စိတ်တိုင်းကျ အတိုင်းတော့ ကလေးတို့ အနေနဲ့ လိုက်မလုပ်နိုင်၊ လိုက် မလုပ်တတ်ကြ သေးဘူး ဆိုတာပါပဲ။ ကလေးတို့ကို ကိုယ့်ဘာသာ လုပ်တတ်အောင်လို့ လေ့ကျင့်ပေးတဲ့ အခါမျိုးမှာ စိတ်ရှည်ဖို့ လိုပါတယ်။ စိတ်ရှည်ရှည် လေ့ကျင့်ပေးရင်းနဲ့ ကလေးတို့ကို ကိုယ်တိုင် လုပ်ခိုင်း ကြရမှာပါ။
ကိုယ့်အားကိုယ်ကိုး၊ ကိုယ့်တာဝန် ကိုယ်ယူတတ်တဲ့ ကလေးတယောက်ဖြစ်အောင်လို့ ကလေးများကို လေ့ကျင့်ပေးခြင်းဟာ ကိုယ့် ရဲ့တာဝန်ကို သူများကို မပေးတတ်တဲ့၊ ကိုယ့်တာဝန် ကိုယ်ယူ၊ ကိုယ့်အား ကိုယ်ကိုးတတ်တဲ့ လူကြီးများ ကျမတို့အနာဂတ် လူ့အဖွဲ့စည်းမှာ များပြားလာဖို့အတွက် လေ့ကျင့်ပေးခြင်းပါပဲ။
ကိုယ့်တာဝန်ကို ကိုယ်ယူရဲပြီး ကိုယ့်အားကိုယ်ကိုးတတ်တဲ့ လူများဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိသူများ ဖြစ်ကြပါတယ်။ ဒါကြောင့် မို့လို့ အနာဂတ်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီးတော့ ကိုယ့်အား ကိုယ်ကိုးတတ်တဲ့ လူကြီးများ ဖြစ်လာစေဖို့ အတွက် မိဘများအနေနဲ့ ကလေးတို့ကို ငယ်ငယ်ကတည်းက လေ့ကျင့် သင်ကြားပေးကြပါဦး။ ။