ရှမ်းပြည်တပ်မတော် မြောက်ပိုင်း(SSPP/SSA) ထိန်းချုပ် နယ်မြေထဲမှာရှိတဲ့ တာ့ဖာဆောင် တံတား အနီးက တပ်တွေကို နေရာရွှေ့ပြောင်းပေးဖို့ အစိုးရ စစ်တပ်က ဇွန်လ ၄ ရက်နေ့မှာ ရာဇသံ ပေးလာတဲ့အတွက် နှစ်ဘက် တပ်တွေအကြား စစ်ရေး တင်းမာမှုတွေ ရှိလာတယ်လို့ သိရ ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် အတွင်းက ကျေးသီးမြို့နယ်နဲ့ SSPP/SSA ဌာနချုပ်ဟောင်း ဆင်းကျော့ ဒေသ အကြားမှာ ဆက်သွယ်ထားတဲ့ တာ့ဖာဆောင် တံတားအနီးက ရှမ်းတပ်တွေကို အစိုးရ စစ်ကြောင်း လှည့်လည်ရေး အတွက် နေရာ ရွှေ့ပြောင်း ပေးဖို့ ခြေလျင် တပ်ရင်း(ခလရ) ၂၄၇ က လာရောက်ပြောဆိုရာမှ တင်းမာမှုတွေ ဖြစ်ပွားနေတာလို့ SSPP/SSA က ပြောပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ပိန်ဖက“တံတားနားမှာ ချထားတဲ့ ကျနော်တို့ တပ်တွေကို သူ တို့ (အစိုးရ) ရှေ့တန်းတပ်က ရွှေ့ခိုင်းတယ်။ လုပ်ရိုးလုပ်စဉ်လို ဖြစ်နေပြီ။ အခုဟာက ရာဇသံပေးတဲ့ သဘောပေါ့။ ကျနော်တို့ ထိန်းချုပ် နယ်မြေတွေထဲက နေရာတွေကို ခဏနေ ဟိုရွှေ့ခိုင်းလိုက်၊ ဒီရွှေ့ခိုင်းလိုက် လုပ်နေတာ။ သဘောက ရန်စတာလည်း ပါတယ်။ ခြိမ်းခြောက်တာလည်း ပါတယ်”လို့ ဧရာဝတီကို ပြောပါတယ်။
မြန်မာအစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့ SSPP/SSA တို့ အကြားမှာ ပဏာမ အပစ်အခတ် ရပ်စဲရေး သဘောတူချက် အပါအဝင် ရှေ့ဆက် လုပ်ဆောင်ရမယ့် ညှိနှိုင်း သဘောတူညီချက် ရရှိထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ သဘောတူညီချက်တွေဟာ တခုမှ အကောင်အထည် မဖော်နိုင်သေးဘူးလို့ ဗိုလ်မှူးကြီး ပိန်ဖက ပြောပါတယ်။
SSPP/SSA ရဲ့ ပြောရေး ဆိုခွင့်ရှိသူ တဦးဖြစ်တဲ့ ဗိုလ်မှူးစိုင်းလှက“ဒီကိစ္စက အောက်ခြေပိုင်း နားလည်မှုလွဲပြီး တင်းမာမှု ဖြစ်တာပါ။ ကျနော်လည်း တိုင်းအဆင့်ကို လှမ်းပြီး ဆက်သွယ် ထားပါတယ်။ အဆင်ပြေ သွားပါလိမ့်မယ်”လို့ ဧရာဝတီကို ပြောပါတယ်။
တာ့ဖာဆောင် တံတားဟာ SSPP/SSA အတွက် သာမက ဒေသအတွင်းက ရှမ်းတိုင်းရင်းသား ပြည်သူတွေ အတွက် စီးပွားရေး၊ ကျန်းမာရေးနဲ့ လူမှုရေးလုပ်ငန်းတွေမှာ ကူးသန်းသွားလာရေး အတွက် အရေးပါတဲ့ တံတားတစင်း ဖြစ်တယ်လို့ သိရပါတယ်။
SSA မြောက်ပိုင်း တပ်ဖွဲ့ကို ပြည်သူ့စစ် အသွင်ပြောင်းဖို့ ဖိအားပေးရာမှာ ငြင်းဆန်ခဲ့တဲ့ အတွက် အစိုးရရှေ့တန်း တပ်ဖွဲ့တွေက တာ့ဖာဆောင် တံတားကို ၂၀၁၁ ထဲမှာ ဖောက်ခွဲဖျက်ဆီးခဲ့ပြီး ငြိမ်းချမ်းရေး တည်ဆောက်ပြီးချိန် နှောင်းပိုင်းမှာ အဲဒီတံတားကို ရှမ်း တပ်ဖွဲ့တွေက ပြန်လည် တည်ဆောက်ခဲ့တယ်လို့ ပြောပါတယ်။
၂၀၁၂ ခုနှစ်က တန့်ယန်း မြို့နယ် ၇ မိုင် စခန်းနဲ့ မိုင်းရှူး မြို့နယ် လွိုင်ဖာဖိန့် စခန်းတို့ကို ဆုတ်ခွာပေးဖို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒု ဥက္ကဋ္ဌ ဦးသိန်းဇော်က တဆင့် ဆုတ်ခွာပေးဖို့ ဆက်သွယ်လာတာကြောင့် အဲဒီ စခန်းတွေကနေ ရှမ်းတပ်တွေက ဆုတ်ခွာပေးလိုက်တယ်လို့ ဆိုပါတယ်။
၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ လကုန်ပိုင်းကလည်း SSPP/SSA ထိန်းချုပ်နယ်မြေထဲက မိုင်းရှုးမြို့နယ် တာ့စံပူးကူးတို့ဆိပ်နဲ့ ကြေးသီး မြို့နယ် လွိုင်ကျို့ တောင်ကုန်းတို့ကို အစိုးရ စစ်တပ်တွေက တိုက်ခိုက် သိမ်းပိုက် လိုက်ပါတယ်။ အဲဒီ နေရာတွေက ရှမ်းတပ်ဖွဲ့ အတွက် စီးပွားရေး၊ စစ်ရေး အရ အရေးပါတဲ့ နေရာတွေ ဖြစ်တယ်လို့ သိရပါတယ်။
အစိုးရ စစ်တပ်က SSPP/SSA ထိန်းချုပ် နယ်မြေအတွင်းက အရေးပါတဲ့ နေရာတွေကို စစ်ရေးအရ စိုးမိုးနိုင်ရေး၊ စီးပွားရေး ဖြတ် တောက်နိုင်ရေး အတွက် အကြိမ်ကြိမ် ကြိုးစားခဲ့ရာမှာ ပဏာမ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ပြုလုပ်ပြီးနောက် SSPP/SSA ရဲ့ ဝမ့်ဟိုင်း ဌာနချုပ် တည်ရှိရာ တဝိုက်မှာတင် တပ်နေရာ ၂၀ ကျော် လက်လွှတ် ပေးခဲ့ရတယ်လို့ ဆိုပါတယ်။
“အဲဒီ နေရာ ၂၀ ကျော် ဆိုတာက ဝမ့်ဟိုင်း တဝိုက်မှာပဲ ရှိသေးတယ်။ မိုင်းကောင်း၊ မိုင်းအော့၊ မိုင်းရှုးတို့ဘက်က နေရာတွေ မပါသေး ဘူး။ ဝမ့်ဟိုင်း ဌာနချုပ်ကို ဝိုင်းရံနေတဲ့ အစိုးရ စစ်တပ် အင်အားတွေကို မြေပုံမှာ ကြည့်လိုက်လို့ ရှိရင်တော့ တော်တော်လေးကို စိတ်မချမ်းသာစရာပေါ့။ ဒါပေမယ့် လက်တွေ့မှာတော့ နယ်မြေ အနေအထား အရ ပြည်သူလူထုရဲ့ထောက်ခံမှု ရထားတော့ ကျနော် တို့ ဘာမှ စိုးရိမ်စရာ မရှိပါဘူး”လို့ ဗိုလ်မှူးကြီး ပိန်ဖက ရှင်းပြပါတယ်။
SSPP/SSA နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့ အကြား ၂၀၁၂ ခုနှစ်က ပဏာမ အပစ်အခတ် ရပ်စဲရေး သဘော တူညီမှု ရရှိထားပြီး နောက်ပိုင်း ၂၀၁၄ ခုနှစ် မတ်လ အထိ အစိုးရ စစ်တပ်နဲ့ တိုက်ပွဲပေါင်း ၁၀၀ ကျော် ဖြစ်ပွားခဲ့ပြီး အသေအပျောက် ဒဏ်ရာရသူများ ရှိတယ်လို့ သိရပါတယ်။