ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ်(ILO)၏ အလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ် ပထမဆုံးအကြိမ် မြန်မာနိုင်ငံက အလုပ်သမားများ သမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင် ရွေးချယ်ခံရကြောင်း သိရသည်။
ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် မေလ ၂၈ ရက်မှ ဇွန်လ ၁၂ ရက် အထိ ကျင်းပနေသော ILO ညီလာခံတွင် ၎င်းအား ယခုကဲ့ သို့ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ ရွေးချယ်ခံရမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ အလုပ်သမားများ သမဂ္ဂအဖွဲ့ချုပ် ဒု ဥက္ကဌ ဦးသန်းလွင်က “ဇွန်လ ၂ ရက် က ရွေးချယ်လိုက်တာပါ။ အခုလို ရွေးချယ်ခံရတဲ့ အတွက် ကိုယ့်နိုင်ငံရဲ့ အလုပ်သမားအရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ပိုပြီး ထိထိရောက်ရောက် လုပ်နိုင်တော့မှာပါ”ဟု ပြောသည်။
ILO က ယခုကဲ့သို့ အလုပ်အမှုဆောင်များ ရွေးချယ်ခြင်းကို သုံးနှစ်တကြိမ် လုပ်ဆောင်ပြီး အဓိက ကိုယ်စားလှယ် ၅၆ ဦးနှင့် လက်ထောက် ကိုယ်စားလှယ် ၆၆ ဦးတို့ကို ရွေးချယ်ကြောင်း၊ ဦးမောင်မောင်မှာ လက်ထောက် ကိုယ်စားလှယ် ၆၆ ဦး နေရာတွင် ရွေးချယ်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
ILO ကိုယ်စားလှယ် နှစ်ရပ်စလုံးတွင် အစိုးရပိုင်း၊ အလုပ်ရှင်ပိုင်းနှင့် အလုပ်သမားပိုင်းတို့ပါဝင်ပြီး ယင်းအလုပ်အမှုဆောင်များ၏ အစည်းအဝေးကို နှစ်စဉ် တနှစ်လျှင် သုံးကြိမ် ကျင်းပကြောင်း သိရသည်။ ILO အလုပ်အမှုဆောင် အဖွဲ့သည် ILO ၏ မူဝါဒများကို ချမှတ် ဆုံးဖြတ်ကြရသည်ဟု ဆိုသည်။
“ညီလာခံ ပြီးရင် ILO ရဲ့ အလုပ်အမှုဆောင် အဖွဲ့ အစည်းအဝေးတွေ တနှစ်ကို သုံးကြိမ် လုပ်မှာပါ။ ဦးမောင်မောင်ကတော့ အဲ့ဒီ ပွဲတွေကို အမြဲသွားရမှာပါ” ဟု ဦးသန်းအောင်က ပြောသည်။ ဦးမောင်မောင်သည် ယခုအချိန်အထိ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် ILO အစည်းအဝေးကို တက်ရောက်နေသည်ဟု ဆိုသည်။
မြန်မာနိုင်ငံ၏ အလုပ်သမား အရေးကိစ္စများနှင့် ပတ်သက်ပြီး လက်ရှိအခြေအနေတွင် အနည်းဆုံးလုပ်ခလစာ ရရှိရေး ညှိနှိုင်း မှုများ လုပ်ဆောင်နေဆဲဖြစ်ပြီး အတည်ပြု သတ်မှတ်နိုင်ခြင်း မရှိသေးကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။