ဧရာရွှေဝါကုမ္ပဏီက သိမ်းယူလုပ်ကိုင်ခဲ့သည့် လယ်ယာမြေများ ယနေ့အချိန် အထိ မူလပိုင်ရှင်များ လက်ဝယ် ပြန်မရရှိသေး သည့် အတွက် ဧရာဝတီတိုင်း ဒေသကြီး ကန်ကြီးထောင့် မြို့နယ်မှ လယ်သမား ၃၅ ဦးက ပုသိမ်မြို့တွင် ဇွန် ၆ ရက်က ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။
ဧရာရွှေဝါ ကုမ္ပဏီက သိမ်းယူခဲ့သည့် လယ်မြေများကို နိုင်ငံတော်သို့ ပြန်လည် အပ်နှံထားပြီး မူလပိုင်ရှင်များထံ အမြန်ဆုံး ပြန်လည်ပေးအပ်ရန် တိုင်းဒေသကြီး အစိုးရအား တာဝန်ပေးထားသော်လည်း အချိန် ၁ နှစ် ကျော်ကြာသည်အထိ ဆောင်ရွက်ခြင်း မရှိသောကြောင့် ဆန္ဒထုတ်ဖော်တောင်ဆိုခြင်း ဖြစ်သည်ဟု ဆန္ဒပြပွဲတွင် ပါဝင်သော လယ်သမားများက ပြောသည်။
ယမန်နှစ် မတ်လ အတွင်းက ပြုလုပ်သော ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော် အစည်းအဝေးတွင် တိုင်းဒေသကြီး အစိုးရ အား ဧရာရွှေဝါ ကုမ္ပဏီက သိမ်းယူခဲ့သည့် လယ်မြေများကို မူလပိုင်ရှင်များထံ အမြန်ဆုံး ပြန်လည်ပေးအပ်ရန် ဆုံးဖြတ်ပြီး လုပ်ဆောင် စေခဲ့သည်ဟုလည်း ၎င်းတို့က ဆက်ပြောသည်။
“ဧရာရွှေဝါ ကုမ္ပဏီက ၂၀၁၂ ခုနှစ်မှာ လယ်ယာမြေတွေကို နိုင်ငံတော်ကို ပြန်အပ်တယ် ဆိုပေမယ့် ကျနော်တို့ မူလပိုင်ရှင် လက်ထဲကို အခုချိန်အထိ မရောက်သေးပါဘူး။ ဧရာရွှေဝါနဲ့ အကျိုးတူ လုပ်ကိုင်ခဲ့တဲ့ လူတွေ လက်ထဲမှာပဲ လယ်တွေက ရှိနေ ပါသေးတယ်။ လယ်ယာမြေတွေကို မူလပိုင်ရှင်တွေဆီ အမြန်ဆုံး ပြန်ပေးဖို့ ဆန္ဒဖော်ထုတ်တာပါ”ဟု လယ်ဧက ၂၀ ကျော် သိမ်းဆည်းခံခဲ့ရသည့် ကန်ကြီးထောင့်မြို့နယ် ဒါးကကျေးရွာမှ လယ်သမား ဦးအောင်မြင့်က ဧရာဝတီကို ပြောသည်။
မူလပိုင်ရှင် လယ်သမားများနှင့် ပုသိမ်မြို့အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ကာကွယ်ရေး ကွန်ရက် (HRWDN) အဖွဲ့ဝင် များ ပူးပေါင်းပြီး ဇွန်လ ၆ ရက် နံနက်ပိုင်းတွင် ပုသိမ်မြို့တော်ခန်းမ ရှေ့မှ ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး ဧရာဝတီတိုင်း အစိုး ရ အဖွဲ့ရုံး၊ တိုင်းတရား လွှတ်တော်ရုံးများရှေ့၌ လှည့်လည် ကြွေးကြော် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
သိမ်းယူခံရသည့် လယ်မြေများသည် လက်ရှိ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဌ တာဝန် ထမ်းဆောင်နေသည့် သူရဦးရွှေမန်း ဧရာဝတီတိုင်း စစ်တိုင်းမှူး အဖြစ် ၁၉၉၈ ခုနှစ်က တာဝန်ထမ်းဆောင်စဉ် ဧရာရွှေဝါ ကုမ္ပဏီကို ရေကြီးကွင်း၊ ရေနက်ကွင်း၊ မြေလွတ်မြေရိုင်းများ ဖော်ထုတ်ရေး စီမံကိန်း အဖြစ် လုပ်ကိုင်ရန် ဧရာဝတီတိုင်း ဒေသကြီးရှိ ရေကြည်၊ ကျောင်းကုန်း၊ ကန်ကြီးထောင့်၊ သာပေါင်း စသည့် မြို့နယ်များမှ မြေဧကပေါင်း ၄၁,၂၀၀ ဧကအား ပေးအပ်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံ လယ်သမားများက ပြောဆိုကြသည်။
ဧရာရွှေဝါ ကုမ္ပဏီကို ဦးရွှေမန်း ၏ သားတဦးဖြစ်သူ ဦးအောင်သက်မန်း တည်ထောင်လုပ်ကိုင် နေခြင်းဖြစ်ပြီး ဦးတေဇ က ဥက္ကဋ္ဌ တာဝန်ယူခဲ့ဖူးကြောင်း ဒေသခံများက ပြောသည်။
ဧရာရွှေဝါကုမ္ပဏီသည် စီမံကိန်းနယ်မြေတွင် ပါဝင်သော ရေကြီးကွင်း၊ ရေနက်ကွင်း၊ မြေလွတ်မြေရိုင်းများ သာမက ဒေသခံ လယ်သမားများ၏ သီးစားပေါက် လယ်မြေများကိုပါ ဒေသအာဏာပိုင်များနှင့် ပူးပေါင်းသိမ်းယူခဲ့ရာ ရေကြည်၊ ကျောင်းကုန်း၊ ကန်ကြီးထောင့်၊ သာပေါင်းစသည့် မြို့နယ်များမှ လယ်မြေဧက သောင်းနှင့်ချီ၍ သိမ်းဆည်း ခံခဲ့ရသည်ဟုလည်း သိရသည်။
သိမ်းယူထားသော လယ်မြေများကို လယ်သမားများနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်သည်ဟု ဆိုကာ အာဏာပိုင်များက ငွေကြေး တတ်နိုင်သော လယ်သမားများအား ဧက ၅၀၊ ၁၀၀၊ ၃၀၀ စသဖြင့် လုပ်ကွက်များ သတ်မှတ်ပြီး ၁ ဧကလျှင် စပါး ၂ တင်းနှုန်းဖြင့် သီးစားချထား လုပ်ကိုင်စေခဲ့သည်ဟု လယ်သိမ်းခံ ဒေသခံလယ်သမားများက ပြောသည်။
ယင်းလုပ်ရပ်နှင့် ပတ်သက်ပြီး လယ်သမားအရေး လှုပ်ရှားသူ HRWDN အဖွဲ့မှ ဦးမြင့်နိုင်က “လယ်တွေကို မူလပိုင်ရှင် လယ်သမားတွေကို ပြန်မပေးဘဲ ဧရာရွေဝါနဲ့ ယခင်ကတည်းက အကျိုးတူ လုပ်ခဲ့တဲ့ လူတွေကို သီးစားချပေးတာဟာ တရားမျှတမှု မရှိပါဘူး။ ဒီလယ်တွေကို မူလပိုင်ရှင် လယ်သမားတွေထံ အမြန်ဆုံး ပြန်လည် ပေးအပ်ဖို့ ဧရာဝတီတိုင်း အစိုးရကို တောင်းဆိုပါတယ်”ဟု ဆိုသည်။
၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၆ ရက်တွင် ယင်းလယ်မြေများအား ဧရာရွှေဝါကုမ္ပဏီ ဥက္ကဋ္ဌ ဦးတေဇကိုယ်တိုင် လက်မှတ်ထိုး၍ ပြီးခဲ့သည့် နိုင်ငံတော်သို့ ပြန်လည်အပ်နှံခဲ့ရာ စိုက်ပျိုးနိုင်သည့် လယ်မြေ ၃၅၈၈၆.၆၄ ဧက၊ အင်းအိုင် ၄၈၁၃.၃၆ ဧကနှင့် ငါးကန် ၁၂၀၅.၅ ဧက ပါဝင်သည်ဟု ဒေသခံ တောင်သူများက ပြောသည်။
ပြန်လည်ပေးအပ်သော သိမ်းဆည်းခံမြေများကို ဧရာရွှေဝါကုမ္ပဏီက မူလပိုင်ရှင်များသို့ ပြန်လည် ပေးအပ်ရန် လွှဲအပ်ခဲ့သော် လည်း အာဏာပိုင်များနှင့် သီးစား လုပ်ကိုင်ခွင့်ရသူများက ယခုအချိန်အထိ လွှဲပြောင်းပေးခြင်း မရှိသဖြင့် မူလပိုင်ရှင် လယ် သမားများက ဆန္ဒဖော်ထုတ်ရခြင်း ဖြစ်သည်ဟု သိရသည်။