"လူမျိုးစုံ ချစ်ကြည်ရင်းနှီးနိုင်ငံများ” ပေါ်ထွန်းလာခြင်း (၃)

အဲလ်ဖရက်စတီဖင်၊ ဟွမ်လင့်ဇ်၊ ယိုဂင်ဒရာ ယာဒက်ဗ်

This article has been converted from Zawgyi One to Unicode

အကြံပြုထားတဲ့ ရွေးချယ်ချက်တွေကို နည်းနည်းရှင်းပြဖို့ လိုပါလိမ့်မယ်။ Unitary နိုင်ငံတော်ထက်စာရင် ဖက်ဒရယ် နိုင်ငံတော်မှာ State-nation တည်ဆောက်ဖို့ လွယ်ကူ အဆင်ပြေလိမ့်မယ်ဆိုတာ ပြောချင်ပါတယ်။ အကြောင်းကတော့ နယ်မြေကို အခြေခံပြီး အရွယ်အစား ကြီးကြီးမားမား ရှိနေထားတဲ့ အမျိုးသားရေး ရည်မှန်းချက်မြင့်မားတဲ့ ယဉ်ကျေးမှု အုပ်စုတွေက သက်ဆိုင်ရာ နယ်မြေအတွင်းမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို တောင်းဆိုလို့ ရလာနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် တည်ဆောက်မယ့် ဖက်ဒရယ်က အချိုးမညီ ဖြစ်နေဖို့ ဘာကြောင့် လိုအပ်ပါသလဲ။

Stepan_Linz_1 Stepan_Linz_2

အချိုးညီ ဖက်ဒရယ်စနစ်မှာ ဆိုရင်တော့ ပြည်နယ်တွေ ဒေသတွေအားလုံးမှာ တာဝန်ဝတ္တရားတွေရော၊ ရပိုင်ခွင့်တွေရော ပါရှိပါတယ်။ ဆက်ပြီးထိန်းထားဖို့ ဒါမှမဟုတ် ပြန်လည်ရယူဖို့ ဆန္ဒရှိတဲ့ အထူးအခွင့်ရေးတွေကို ယဉ်ကျေးမှုအရ ထင်ရှားပြီး နယ်မြေအလိုက် စုစည်းနေထိုင်ကြတဲ့ တချို့အုပ်စုတွေက ရယူနိုင်ခဲ့မှာပါပဲ။ နယ်မြေဒေသတွေ အများကြီး ထိန်းထားနိုင်တဲ့ တချို့လူမျိုးနွယ်စုတွေဆိုရင် (ဥပမာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက် ဒေသက မီဇိုလူမျိုးတွေ) တော့ သူတို့ရဲ့ တမူထူးခြားတဲ့ မြေယာအသုံးပြုမှု ဥပဒေတွေကို အသိအမှတ်ပြု လက်ခံပေးမှသာ ဖက်ဒရေးရှင်းထဲမှာ ပါဝင်ဖို့ သဘောတူပါလိမ့်မယ်။ နိုင်ငံရေးဝန်းကျင်တရပ်လုံမှာ ငြိမ်းချမ်းရေးရဖို့နဲ့ အုပ်စုတွေ အသီးသီးက သူတိ့ုဆန္ဒအလျောက် ပါဝင် ပူးပေါင်းလာဖို့ဆိုရင် အဲဒီလို အကြောင်းအရာ ကိစ္စရပ်တွေမှာ အပေးအယူ အလျှော့အတင်းလုပ် စေ့စပ် ညှိနှိုင်းရတာတွေ ရှိပါတယ်။ ဒါပေမယ့် အပေးအယူလုပ် စေ့စပ်ညှိနှိုင်း ရတာတွေကို အချိုးညီစနစ်မှာ ပုံမှန်အားဖြင့် လက်ခံလေ့မရှိကြဘဲ အချိုးမညီ စနစ်မှာသာ လက်ခံကြတာကိုလည်း တေ့ွရပါတယ်။

ဒုတိယအနေနဲ့ မေးရမှာက State-nation နိုင်ငံတခုမှာ တသီးပုဂ္ဂလ အခွင့်အရေးတွေနဲ့ စုပေါင်း အသိအမှတ်ပြုမှုကို ဘာကြောင့် လိုအပ်ရတာပါလိမ့်။ လူပုဂ္ဂိုလ်တဦးချင်းရဲ့ အခွင့်အရေးတွေကို နိုင်ငံတော်က မချိုးဖောက်နိုင်အောင် အခြေခံဥပဒေနဲ့ နိုင်ငံတဝှမ်းလုံးမှာ အကာအကွယ် ပေးမထားရင် လူ့အဖွ့ဲအစည်းတခု နိုင်ငံတခုက ဒီမိုကရေစီ ဖြစ်မလာနိုင်ပါ။ အဲဒီလို အခွင့်အရေးတွေကို အကာအကွယ်ပေးရတာက နိုင်ငံတော် အခန်းကဏ္ဍဖြစ်ပြီး တခြားအဆင့်တွေကို တာဝန်လွှဲအပ်ပေးလို့ မရနိုင်ပါ။ ဒါပေမယ့် ဂန္ထဝင်လစ်ဘရယ် အခွင့်အရေးတွေ (အမှတ် ၂ လစ်ဘရယ်ဝါဒလို့ နိုင်ငံရေးသိပ္ပံပညာရှင် မိုက်ကယ် ဝေါလ်ဇာ (Michael Walzer) ခေါ်ပါတယ်) ထက်တောင် ကျော်လွန်သွားတဲ့ အခွင့်အရေးတွေကို တချို့နယ်မြေဒေသလိုက် စုဖွဲ့ထားတာ အားကောင်းတဲ့ ယဉ်ကျေးမှုအုပ်စုတွေ (နိုင်ငံတွေတောင် ပါဝင်ပါတယ်) က အသိအမှတ်ပြုပေးဖို့ လိုပါတယ်။

အဲဒီလို အသိအမှတ်ပြုပေးနိုင်မှပဲ အုပ်စုဝင်တွေက ယဉ်ကျေးမှုအရ ရှင်သန်နိုင်မှာ၊ ဒါမှမဟုတ် ဂန္တဝင် တသီးပုဂ္ဂလ အခွင့်အရေးတွေ၊ လစ်ဘရယ် အခွင့်အရေးတွေကို ကျင့်သုံးနိုင်မှာ ဖြစ်ပါတယ်။ သစ္စာခံ ကတိပြုမှုတွေ အမျိုးမျိုး ကွဲပြားနေပေမယ့် (သစ္စာခံ ကတိပြုမှုတွေ လုံးဝမရှိတာလည်း ဖြစ်နိုင်ပါတယ်)။ နိုင်ငံသားတွေရဲ့ အခြေခံ ရပိုင်ခွင့်တွေကို ကာကွယ်စောင့်ရှောက် ပေးနေမယ်ဆိုရင် တိုင်းရင်းသားလူမျိုးတွေ၊ သူတို့ရဲ့ယဉ်ကျေးမှုတွေ၊ ကိုးကွယ်ရာ ဘာသာတွေ ရှင်သန်ကြီးထွားအောင် စူးစူးစိုက်စိုက် လုပ်ဆောင်ပေးတဲ့ နိုင်ငံတော်ဆိုတာ လစ်ဘရယ်အမှတ် ၂ ကြောင့် ပေါ်ပေါက်လာနိုင်တယ်လို့ ဝေါလ်ဇာက ပြောပါတယ်။ အုပ်စုဝင်အများစုနဲ့ သက်ဆိုင်တဲ့ စုပေါင်း ပိုင်ဆိုင် ကောင်းကျိုးတွေကို တောင်းဆိုရယူတဲ့ အုပ်စုမှာ မပါဝင်ခင်အထိ၊ ဒါမှမဟုတ် မပိုင်ဆိုင်ခင် အထိမှာတော့ လူတဦးချင်း တယောက်ချင်းအနေနဲ့ သူ့ရဲ့အခွင့်အရေးတွေကို မြှင့်တင်တာ၊ ကျင့်သုံးတာကို မလုပ်နိုင်တဲ့ ဒီမိုကရေစီ တည်ဆောက်ရေး အချိန်ကာလတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ အချိုးမညီ ဖက်ဒရယ်စနစ်မှာ ဆိုရင်တော့ အဲဒီအုပ်စုလိုက် အခွင့်အရေးတွေကို နေရာပေး လက်ခံနိုင်ပါလိမ့်မယ်။ နေရာဒေသအလိုက် စုစည်းနေထိုင်တဲ့ အုပ်စုကြီးတခု ထင်ထင်ရှားရှား ရှိနေပြီး အဲဒီအုပ်စုကြီးက ဘာသာစကားတခုကိုလည်း ပြောဆိုသုံးစွဲနေတယ် ဆိုပါစို့။ အစိုးရ အင်စတီကျုးရှင်းတွေ၊ စာသင်ကျောင်းတွေ၊ မီဒီယာတွေမှာ အဲဒီဘာသာစကားကို သုံးစွဲစေရမယ်ဆိုပြီး တရားဝင် အသိအမှတ်ပြု အထူးအခွင့်အရေး ပေးလိုက်မယ်ဆိုရင် အဲဒီ တိုင်းရင်းသားအုပ်စုဝင်တွေက သူတို့ရဲ့ တသီးပုဂ္ဂလ အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက်တာတွေ လုပ်နိုင်ပါလိမ့်မယ်။

အဲလ်ဖရက်စတီဖင် (Alfred Stepan) သည် ကိုလံဘီယာ တက္ကသိုလ်မှ Wallace Sayre Professor of Government  ဖြစ်သည်။ ဟွမ်လင့်ဇ် (Juan J. Linz) သည် ယေးလ် တက္ကသိုလ်မှ Sterling Professor Emeritus of Political and Social Science ဖြစ်သည်။ ယိုဂင်ဒရာ ယာဒက်ဗ် (Yogendra Yadav) သည် ဒေလီမြို့ရှိ Centre for the Study of Developing Societies တွင် အကြီးတန်း အရာရှိ ဖြစ်သည်။ ၎င်းတို့စာအုပ် Crafting State-Nations: India and Other Multinational Democracies အပေါ် အခြေခံပြီး ယခု စာတမ်းကို ရေးသားခြင်း ဖြစ်သည်။ ယင်းစာတမ်းကို Educational Initiatives (ပညာရှေ့ဆောင်) Journal of Democracy နှင့် Johns Hopkins University Press တို့၏ ခွင့်ပြုချက်ရယူပြီး မြန်မာဘာသာပြန်ဆိုသည်။  Educational Initiatives အဖွဲ့ (www.eduinitiatives.org) သည် ဒီမိုကရေစီနှင့် ပတ်သက်သော သင်တန်းများ၊ အရည်အသွေးမြှင့် သင်တန်းများကို ပို့ချပေးနေသော ရန်ကုန်အခြေစိုက် အဖွဲ့အစည်းဖြစ်သည်။)

Loading