မြန်မာနိုင်ငံ၏ အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်း တချိန်က နေထိုင်ခဲ့သည့် အေဒီလမ်း (ယခု မေခလမ်း) သည် မြန်မာနိုင်ငံတော် သမိုင်းမှ အတက်အကျများကို မျက်ဝါးထင်ထင်မြင်ခဲ့ရသည်။ သူအုပ်စိုးစဉ်က အထက်တန်းကျ၍ သစ်ပင်ကြီးများ စိမ်းစိုဖုံးလွှမ်းနေသည့် အိမ်ရာများ တည်ရှိရာ ရန်ကုန်မြို့၏ နာမည်ကြီး အင်းလျားကန် အနီးမှ လမ်းသည် အစောင့်အကြပ် ထူထပ်ပြီး စစ်သားများက မည်သည့် ဧည့်သည်ကိုမျှ ဝင်ရောက်ခွင့်ပြုခဲ့သည် မဟုတ်ပါ။
ဗိုလ်ချုပ်ကြီး နေဝင်းအာဏာ စွန့်လွှတ်ခဲ့ရပြီး ၂၀၀၂ ခုနှစ်တွင် ကွယ်လွန်ခဲ့သည့်နောက် ထိုနေရာ၏ ကျော်ကြားမှု၊ ဆွဲဆောင်မှု ပျောက်ဆုံးခဲ့ရသည်။ သို့သော်လည်း ဝင်ထွက်သွားလာရေးကို ဆက်လက်၍ တင်းကျပ်ထားဆဲ ဖြစ်သည်။ ယနေ့ အချိန်တွင်ပင် “ရပ်” ဆိုသည့် ဆိုင်းဘုတ်တခုနှင့် ရဲအဖွဲ့ စစ်ဆေးရေးဂိတ် ဖြင့် ပိတ်ဆို့ထားသည်။ အာဏာရှင်ဟောင်း၏ ဆွေမျိုးများနှင့် သမီးများ ဆက်လက် နေထိုင်ကြပြီး အေဒီလမ်း အတွင်းမှ အိမ်ယာ ပိုင်ဆိုင်မှု အမြောက်အများကို ပိုင်ဆိုင်ထား ကြသည်။

မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေး တံခါးဖွင့်လာပြီးနောက် နိုင်ငံတကာ ကုမ္ပဏီများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အနောက်တိုင်း အစိုးရများနှင့် သံရုံး များ အလုအယက်ဝင်ရောက်လာကြကာ သင့်တော်သည့် ရုံးခန်းနေရာနှင့် နေစရာ အိမ်များ ရှာဖွေကြသည့် အချိန်တွင် တချိန်က တိတ်ဆိတ် ၍ တသီးတခြားဖြစ်ခဲ့သော နေရာသည် တန်ဖိုးကြီး အိမ်ရာများရှိနေသည့် ရပ်ကွက်တခုအဖြစ်သို့ လျှင်လျှင် မြန်မြန် ပြောင်းလဲသွားသည်။
အဆင့်မြင့် အိမ်ရာရှားပါးမှုနှင့် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှု အလားအလာမျှော်လင့်ချက်တို့က ပိုင်ဆိုင်မှုနှင့် ငှားရမ်းခ ဈေးနှုန်းများကို မိုးပေါ်အထိမြင့်တက်သွားစေခဲ့သည်။ ထိုကာလအတွင်းတွင် အေဒီလမ်း ရှိအိမ်များ၏ ဈေးနှုန်းသည်လည်း အမေရိကန် ဒေါ်လာ သန်းနှင့်ချီပြီး တန်ဖိုးရှိလာသည်။
ပြီးခဲ့သည့်နှစ်က အေဒီလမ်း အတွင်းရှိ ဗိုလ်ချုပ်ကြီးနေဝင်း၏ ဆွေမျိုးများ ပိုင်ဆိုင်သည့် အိမ်အမှတ် ၁၉ မှ အိမ်အမှတ် ၃၀ အထိ အိမ်ရာတန်းကြီးထဲမှတခုကို အကြီးအကျယ် ပြင်ဆင်မွမ်းမံမှုများ စတင်ပြုလုပ်ခဲ့သည်။ ဗိုလ်ချုပ်ကြီးနေဝင်း ၏ နေအိမ်နှင့် ကပ်လျှက် ရှိသော အိမ်တလုံးကို နိုင်ငံတကာ အဆင့်အတန်းနှင့် အညီအဆင့်မြှင့်ပြုပြင်ရန် ၎င်းတို့ကို ညွှန်ကြားခဲ့ကြောင်း အဆိုပါ လုပ်ငန်းခွင်မှ မြန်မာ အလုပ်သမားများက ပြောပြသည်။
ထိုအိမ်ကို လာရောက်ငှားရမ်းနေထိုင်သူ အိမ်နီးချင်းသစ်ကို ထိုအချိန်က မြန်မာနိုင်ငံတွင် သိသောသူ အနည်းငယ်သာ ရှိသော်လည်း နေပြည်တော်မှ အစိုးရအတွက်တော့ သူက အရေးကြီးပါသည်။
ဘယ်လ်ဂျီယံ လူမျိုးတဦး ဖြစ်သော Roland Kobia သည် ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး အဖြစ် မကြာသေးမီကမှ ခန့်အပ် ခံရသူ ဖြစ်ပါသည်။ ဥပဒေပညာ သင်ကြားခဲ့သူဖြစ်သော Roland Kobia နောက်ဆုံး တာဝန် ထမ်းဆောင်ခဲ့သည့် နေရာမှာ အဇာဘိုင်ဂျန်တွင်ဖြစ်သည်။ ဥရောပသမ္မဂ၏ သတင်းထုတ်ပြန်မှု တခုအဆိုအရ သူ၏ တာဝန်များထဲမှ တခုသည် လာမည့်နှစ်များအတွင်း မြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂတို့၏ ဆက်ဆံရေးကို အဆင့်မြှင့်တင်ရန်နှင့် ဆက်ဆံရေးကို ရေရှည်တည်မြဲအောင် တည် ဆောက်ရန်ဖြစ်သည်ဟု သိရှိရသည်။
ဥရောပသမဂ္ဂက မြန်မာနိုင်ငံကို အရေးယူထိန်းချုပ်ထားခြင်းများကို ဖြေလျှော့ပေးခြင်းနှင့် သမ္မတဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး အစိုးရကို နိုင်ငံတကာ အသိုင်းအဝိုင်းက အလျှင်အမြန် လက်ခံလိုက်ခြင်းတို့၏ နောက်ဆက်တွဲ အဖြစ် အမြဲတမ်း ကိုယ်စားလှယ်ရုံးတရုံးကို ရန်ကုန်မြို့တွင် ၂၀၁၂ ခုနှစ် ဧပြီလအတွင်း ဖွင့်လှစ်ခဲ့သည်။
ဥရောပသမဂ္ဂ သံအမတ်ကြီး၏ နေအိမ်ဘေးမှ အိမ်သည် တချိန်က ဗိုလ်ချုပ်ကြီးနေဝင်းကိုယ်တိုင် နိုင်ငံတော် ဧည့်သည်များကို လက်ခံတွေ့ဆုံခဲ့သော၊ ပါတီပွဲများ ကျင်းပခဲ့သော နေရာဖြစ်ပြီး ၁၉၈၈ ဒီမိုကရေစီ အရေးအခင်း အတွင်းက လမ်းမထက်မှ ဆန္ဒပြသူများကို ဖြို ခွင်းတိုက်တိုက်ခိုက်ရန် လက်နက်ကိုင်တပ်ဖွဲ့များကို အမိန့်ထုတ်ခဲ့သော နေရာဖြစ်သည်။ ထို့အပြင် နဝတ/နအဖ တွင် အကြီးအကဲ ဖြစ်လာမည့် သူ့တပည့်များကို ခေါ်ယူပြီး စက်တင်ဘာ ၁၈ ရက်နေ့တွင် အာဏာသိမ်းရန် ညွှန်ကြားခဲ့သော သမိုင်းဝင် နေရာလည်း ဖြစ်သည်။
၁၉၅၀ ခုနှစ်အချိန် မြန်မာစစ်တပ်၏ အကြီးအကဲဖြစ်သော ဗိုလ်ချုပ်ကြီးနေဝင်း နှင့် ဇနီး ဖြစ်သူ ဒေါ်ခင်မေသန်းတို့သည် ပြည်တွင်းနှင့် နိုင်ငံခြားမှ ချမ်းသာကြွယ်ဝသူများ၊ ကျော်ကြားသူများ အများအပြားနေထိုင်ကြ သည့် အေဒီလမ်းတွင် နေထိုင်ရန် ဆုံးဖြတ်ခဲ့ကြသည်။
၁၉၆၂ ခုနှစ်တွင် နိုင်ငံအာဏာကို သိမ်းယူလိုက်ပြီးနောက် အေဒီလမ်းအတွင်းမှ အိမ်အားလုံးကို စောင့်ကြည့်ရန်နှင့် စစ်အစိုးရသစ်ကို သစ္စာမခံဟု ယူဆရသူများကို အတင်းအကျပ် နှင်ထုတ်ရန် သူ၏ ထောက်လှမ်းရေးတပ်ဖွဲ့ကို ဗိုလ်ချုပ်ကြီး နေဝင်းက အမိန့်ပေးခဲ့ပါသည်။ ဒီနိုင်ငံခြားသားများကို မြန်မာနိုင်ငံမှ အတင်းအကျပ် နှင်ထုတ်သည့် အချိန်တွင် အေဒီလမ်း တွင် နေထိုင်ကြသည့် ဗြိတိန်နိုင်ငံသား သမိုင်းပညာရှင်များ ဖြစ်သည့် John Sydenham Furnivall (မြန်မာနိုင်ငံတွင် J.S Furnivall ဟု ပိုသိကြသည်) နှင့် G.H. Luce တို့လည်း ထွက်ခွာသွားခဲ့ရသည်။
နောက်ဆုံးတွင် ဗိုလ်ချုပ်ကြီးနေဝင်း အယုံကြည်ရဆုံးဖြစ်သည့် ဝန်ကြီးများနှင့် လက်ထောက်များကိုသာ ထိုနေရာတွင် နေထိုင်ခွင့်ပြုတော့သည်။ အိမ်နီးချင်း တဦးက ကွယ်လွန်သူ ဒေါက်တာ မောင်မောင် ဖြစ်သည်။ ၁၉၈၈ ခုနှစ်တွင် အာဏာဆုံးရှုံးခဲ့ပြီးနောက် ဗိုလ်ချုပ်ကြီးနေဝင်းနှင့် သူ၏ အချစ်ဆုံး သမီးဖြစ်သူ ဒေါ်ခင်စန္ဒာဝင်းတို့ အေဒီလမ်းတွင် ဆက်လက်နေထိုင်ခဲ့ကြပြီး ၂၀၀၂ ခုနှစ် ကွယ်လွန်ချိန်အထိ နေအိမ်အကျယ်ချုပ်ဖြင့် နေခဲ့ရသည်။ သူ၏ မြေး ၃ ဦးတို့မှာ စစ်အစိုးရ၏ အမိန့်ဖြင့် အင်းစိန်ထောင်တွင် ဖမ်းဆီးထောင်ချခံခဲ့ရသည်။
ထို့နောက် အားလုံးကို တဖြည်းဖြည်းချင်း ပြန်လွှတ်ပေးခဲ့ပြီး ဗိုလ်ချုပ်ကြီးနေဝင်း၏ မြေး ၃ ဦးလည်း ယမန်နှစ်က ပြန်လည် လွတ် မြောက် လာခဲ့သည်။ တချိန်က မြန်မာနိုင်ငံ၏ ပထမနေရာမှ မိသားစုသည် ငွေကြေးနှင့် ပိုင်ဆိုင်မှု အမြောက် အများကို ဆက်လက်ထိန်းချုပ်ထားနိုင်ဆဲဖြစ်သည်မှာ သေချာပါသည်။ မြန်မာနိုင်ငံ တံခါးဖွင့်လိုက်ခြင်း၏ အကျိုးရလဒ် အနေဖြင့် ဦးနေဝင်းမိသားစု ဆွေမျိုးများ နေထိုင်ရာ အိမ်ရာတို့သည် အဆပေါင်းများစွာ တန်ဖိုး မြင့်တက်သွားသည်မှာ ယုံမှားသံသယရှိစရာ မလိုပေ။
အကြီးအကျယ် ပြင်ဆင်မွမ်းမံထားသော ဥရောပသမဂ္ဂ သံအမတ်ကြီး၏ အေဒီလမ်းမှ ဈေးကြီးလှသော နေအိမ်သည် သတိ မထားမိနိုင်စရာ မဟုတ်သလို ရန်ကုန်မြို့၏ မြင့်မား သော အိမ်ငှားခများ နှင့် အကျွမ်းတဝင် ဖြစ်နေသူများ ကြားတွင်လည်း မေးခွန်းများ မြင့်တက်လာစေသည်။
အင်းလျားကန်ဘေးမှ အဆင့်မြင့် အိမ်တလုံးအတွက် တလ ငှားရမ်းခသည် အမေရိကန်ဒေါ်လာ ၈၀၀၀၀ မှ ၁၀၀၀၀၀ ကြား သို့မဟုတ် ထိုထက်များလိမ့်မည်ဟု ကျွမ်းကျင်သူအချို့နှင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာ NGO များတွင် အလုပ်လုပ် နေသည့် မြန်မာ များက မှတ်ချက်ပြုကြသည်။
ဥရောပသမဂ္ဂ နှင့် ၎င်း၏ တိုးတက်လာနေသော မြန်မာပြုပြင်ပြောင်းလဲရေး အစိုးရနှင့် ဆက်ဆံရေးတို့ကို အကျွမ်းတဝင် ရှိသည့် နိုင်ငံခြားသား စာနယ်ဇင်းသမားတဦးက “ ဥရောပသမဂ္ဂ ရုံးချုပ်ရဲ့ လုပ်ထုံးလုပ်နည်းတွေအရ ငှားရမ်းခတွေကို အတိုင်းအတာ တခု သတ်မှတ်ပေးထားပါတယ်။ ဒါပေမယ့် ရန်ကုန်မြို့မှာ သံအမတ်သစ်ရဲ့ နေအိမ်အတွက် ကုန်ကျစရိတ် ပေးနိုင်ဖို့ စည်းမျဉ်းတွေကို ပြန်လည်ပြင်ဆင်ခဲ့ရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဈေးသိပ်မြင့်နေလို့ပါ။ ဥရောပ သမဂ္ဂလုပ်ခဲ့ တာတွေထဲမှာ ဒါကပထမဆုံးပါပဲ” ဟုပြောသည်။
အဆိုပါ နေအိမ်သို့ အလည်အပတ်ရောက်ခဲ့သူတဦးက “ဥရောပသမဂ္ဂ သံအမတ်ကြီးရဲ့ အိမ်က လှပါ တယ်။ ဒါပေမယ့် ဒါကို ဘယ်သူကမှ တရားဝင် စစ်ဆေးခဲ့ခြင်းမရှိဘူးလို့ ကျနော်ထင်တယ်။ ဒါက ဈေးကွက်ပေါက် ဈေးထက် နည်းပါတယ်လို့ သူတို့ ပြောနိုင်တယ်လို့ တောင်မှ ကျနော်မထင်ဘူး” ဟု ဆိုသည်။
၁၉၆၂ ခုနှစ်အာဏာသိမ်းယူခဲ့ပြီးနောက် နိုင်ငံခြားသားများကို နှင်ထုတ်ခဲ့သော၊ နိုင်ငံခြားသားများကို မုန်းတီးသော အာဏာရှင် ဗိုလ်ချုပ်ကြီး နေဝင်းသာ သူ၏ ဆွေမျိုးများက သူ့နေအိမ် တဝိုက်မှ အိမ်များကို နိုင်ငံခြား သံတမန်များသို့ တနှစ်လျှင် ဒေါ်လာသန်းနှင့် ချီသည့်ဈေးနှုန်းများ ဖြင့် ငှားရမ်းနေသည့် သတင်းကိုကြားလျှင် စိတ်အနှောင့် အယှက်ဖြစ်မှာလား မချိပြုံး ပြုံးမှာလား တွေးစရာတခုပါ။
သမ္မတ ဦးသိန်းစိန် အစိုးရနှင့် ဥရောပသမဂ္ဂတို့ နီးစပ်မှုကြောင့် ၎င်း၏ လက်အောက်ခံ အဖွဲ့အစည်း တခုဖြစ်သော ဥရောပ ကော်မရှင်သည်လည်း မြန်မာနိုင်ငံမှ သူတို့ကိုယ်စားလှယ် အဖွဲ့ကိုတိုးချဲ့ရသည့်အတွက် ရုံးခန်းနေရာအသစ်လိုအပ်လာပြီး ကော်မရှင်ရုံးကို ရန်ကုန်မြို့ လှည်းတန်း စင်တာ ဆဋ္ဌမထပ်သို့ ပြောင်းရွှေ့ခဲ့သည်။ ဒီနေရာမှာလည်း အကျပ်အတည်း တခုက ရှိနေပြန်သည်။
ဥရောပသမဂ္ဂ သည် မြန်မာနိုင်ငံ၏ အတိတ်ဆိုးတွင် သြဇာကြီး မင်းမူသူများ၏ လက်သို့ ပိုက်ဆံမပေးဖြစ်အောင် ရှောင်ရှားရသည့် နေရာတွင်လည်း အခက်အခဲနှင့် ရင်ဆိုင်နေရသည်။ အကြောင်းမှာ ကိုးကန့်တရုတ် စစ်ဘုရင်နှင့် ဘိန်းဘုရင်တဦး ဖြစ်သော လော်စစ်ဟန်က မူးယစ်ဆေးမှ ရရှိသည့် ငွေများဖြင့် တည်ထောင်ထားသော အေးရှားဝေါလ်လုပ်ငန်းစုပိုင် လှည်းတန်းစင်တာတွင် ဥရောပသမဂ္ဂရုံးဖွင့်လှစ်လိုက်ရခြင်း ကြောင့်ဖြစ်သည်။
လော်စစ်ဟန် အရှေ့တောင်အာရှ၏ အကြီးဆုံး ဘိန်းဖြူ ကုန်သွယ်ခြင်းကို တချိန်က ချုပ်ကိုင်ထားခဲ့သူဖြစ်ပြီး ယမန်နှစ်က လော်စစ်ဟန် ကွယ်လွန်သွားခဲ့သည်။ ယခုအခါတွင် သူ၏ သားဖြစ်သူ စတီဗင်လော (ဦးထွန်းမြင့်နိုင်) နှင့် ဇနီး စင်္ကာပူနိုင်ငံသူ Cecilia Ng တို့က အေးရှားဝေါလ်ကို ဆက်လက်လုပ်ဆောင်နေကြသည်။ မြန်မာနိုင်ငံမှ အကြီးဆုံး ကုမ္ပဏီလုပ်ငန်း စုများထဲတွင် တခုအပါအဝင်ဖြစ်သော အေးရှားဝေါလ်သည် ဆိပ်ကမ်းလုပ်ငန်း၊ ဆောက်လုပ်ရေး၊ ပို့ဆောင်ရေး နှင့် ကုန်သွယ်ရေး လုပ်ငန်းများ အပါအဝင် မြန်မာနိုင်ငံတွင် လက်ညှိးထိုးမလွဲသော လုပ်ငန်းများစွာကို လုပ်ကိုင်နေသည်။
ထို့ပြင် ကုမ္ပဏီက ယခင်စစ်အစိုးရအဖွဲ့ဝင်များနှင့်ရော ယခုလက်ရှိ အစိုးရခေါင်းဆောင်များနှင့်ပါ အလွန်နီးကပ်သည့် ဆက်သွယ်မှုရှိနေသည်ဆိုခြင်းကိုလည်း သံသယ ဖြစ်စရာ မလိုပါ။
လှည်းတန်း စင်တာ ဆောက်လုပ်ခဲ့ရာတွင် ၂၀၀၃ ခုနှစ်တွင် အတင်းအဓမ္မ ဖယ်ရှားပေးခဲ့ရသော ၁ ဒဿမ ၅ ဧက ရှိသည့် မြေနေရာ အတွက် ပေးအပ်ရန် ကတိပြုထားသည့် လျော်ကြေးငွေကို ပေးအပ်ခဲ့ခြင်း မရှိသဖြင့် ယခုအချိန်အထိ မူလပိုင်ရှင်များက ကန့်ကွက်နေသော အငြင်းပွားဖွယ်ရာ ကိစ္စများ နှင့် ကြုံတွေ့နေရသည်။ အေးရှားဝေါလ် ကုမ္ပဏီက လှည်းတန်းစင်တာ ဆောက်လုပ်ရာတွင် မူလမြေပိုင်ရှင်များအတွက် တိုက်ခန်းများ ယခုအချိန်အထိ ပြန်လည်ပေးအပ်ခြင်း မရှိသေးဟု မနှစ်က မြန်မာတိုင်းမ် ဂျာနယ်တွင် သတင်း အဖြစ် ဖော်ပြထားသည်။
ဥရောပ ကော်မရှင်၏ ရုံးခန်းအသစ်က လှည်းတန်းစင်တာတွင် ဖြစ်ကြောင်း သိရှိရသည့် အတွက် စိတ်ပျက်မိကြောင်း INGO ဝန်ထမ်းတချို့က ပြောဆိုသည်။ “ဥရောပ သမဂ္ဂ ပြည်သူတွေ ထမ်းဆောင်ကြတဲ့ အခွန်ငွေတွေ က မြန်မာ ပြည်သူ တွေအတွက် ရည်စူးခဲ့တာပါ။ ဒီမှာ ပွင့်လင်း မြင်သာမှုတွေ ဘယ်ရောက်ကုန်ပြီလဲ” ဟု INGO ဝန်ထမ်းတဦးက ကျနော့်ကို ပြောသည်။
“ပွင့်လင်း မြင်သာ” လာပြီဆိုသော ခေတ်တွင် အရင်ခေတ်အတွင်းက ကြွယ်ဝခဲ့သော လက်တဆုပ်စာ အာဏာပိုင်များပင် ပိုပြီးချမ်းသာ ကြွယ်ဝပြီး အခွင့်အရေးတွေ ပိုပြီး ရသွားခဲ့သည်။ ပြည်သူတွေရဲ့ ဘဝက ဘာမှပြောင်းလဲမှု မရှိသေးပါ။ မြန်မာပြည်၌ ဆင်းရဲမွဲတေနေသော ပြည်သူပြည်သားတွေကို ကူညီရန် ဆက်ဆံရေး တိုးမြှင့်ရန် လာရောက် ရုံးစိုက်နေသော ဥရောပသမဂ္ဂ၏ ပထမ ကူညီစောင်မမှုကို ရခဲ့သူတွေကတော့ အာဏာရှင်ဟောင်းနှင့် ဗိုလ်ချုပ်ဟောင်းတွေပဲ ဖြစ်နေပြန်ပါပြီ။
(အောင်ဇော်၏ New European Residents in Ne Win’s Old Neighborhood of Villains ကို ဆီလျော်အောင် ပြန်လည်ရေးသား ထားခဲ့သည့် ဤ သတင်းကို ဥရောပ သတင်းစာများတွင်လည်း ဘာသာပြန် ဖော်ပြခဲ့သည်။ ဘရက်ဆဲလ် အခြေစိုက် ဥရောပသမဂ္ဂ အနေနဲ့ ဤဆောင်းပါးအပေါ်တွင် ဖြေရှင်းချက်ထုတ်မည်ဟု သတင်းများရရှိခဲ့သော်လည်း ယခု ပုံနှိပ်ချိန်အထိ ထုတ်ပြန်ခြင်း မရှိသေးသည်ကို တွေ့ရသည်။)