အာဆီယံ ဒေသတွင်း နိုင်ငံများ၏ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး လုပ်ငန်းများ မြန်မာနိုင်ငံ ပါဝင်ဆောင် ရွက်မှု ရှိလာစေရန် ရည်ရွယ်ပြီး ၂၀၁၆ ခုနှစ်မှ စတင်၍ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး ဆုပေးစနစ် အာဆီယံ နိုင်ငံများအတွင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
“စက်ရုံအလုပ်ရုံတွေက လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနဲ့ ကျန်းမာရေး ကဏ္ဍတွေမှာ စံချိန်မီတယ် ဆိုတာကို ကမ္ဘာ့ကုန် သွယ် ဖက် နိုင်ငံတွေကို ပြသချင်တယ်။ အဲ့ဒီလို လုံခြုံမှု ရှိတယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှုလည်း ဝင်လာမှာပဲ။ ဒါ့ကြောင့် သတ်မှတ်ထား တဲ့ စံချိန်စံနှုန်းအတိုင်း လုပ်ကိုင်နိုင်တဲ့ လုပ်ငန်းတွေကို ဂုဏ်ပြုချီးမြှင့်တဲ့ ရည်ရွယ်ချက်ပါ”ဟု အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးဥက္ကာသိန်းက ဧရာဝတီကို ပြောသည်။
နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ (IMF) နှင့် ကမ္ဘာ့ဘဏ် တို့၏ ခန့်မှန်းချက်များ အရ ကမ္ဘာ့စီးပွားရေး ကျဆင်းခဲ့ရာမှ ပြန်လည် ဦးမော့လာသော ယခုကာလတွင် အာဆီယံ ဒေသတွင်း နိုင်ငံများသည် စီးပွားရေးလုပ်ငန်းများ အတွက် ရင်းနှီးမြှုပ်နှံမှု ပြုရန် အရေး ပါသော နိုင်ငံများအနေဖြင့်ပါဝင်လာပြီး လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ကဏ္ဍများတွင် တိုးတက် ကောင်း မွန်အောင် ဆောင်ရွက်နိုင်ပါက ရင်းနှီးမြှုပ်နှံသူများ ပိုမို ဝင်ရောက်လာနိုင်သည်ဟု ခန့်မှန်းကြသည်။
အာဆီယံ နိုင်ငံများသည် ဖွံ့ဖြိုးမှု မတူညီခြင်းကြောင့် ဆု ရွေးချယ်ခြင်းအား ၂၀၁၆ ခုနှစ်မှသာ စတင်သွားမည်ဟု ၁၄ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းဝေးတွင် အဖွဲ့ဝင်နိုင်ငံများက သဘောတူ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ဦးဥက္ကာသိန်းက ဆိုသည်။
ဆုရွေးချယ်ရေး ဆိုင်ရာ မူဝါဒများနှင့် ပတ်သက်၍ လတ်တလောတွင် ပြောဆိုနိုင်ခြင်း မရှိသေးသော်လည်း အာဆီယံ ဒေသတွင်း နိုင်ငံများ အနေဖြင့် အမျိုးသားဆု အဆင့် သတ်မှတ်ပြီး ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
တောင်ဥက္ကလာပ စက်မှုဇုန်မှ လုပ်ငန်းရှင် တဦးဖြစ်သည့် ဦးဝင်းအောင်က “ဒီလို ကိစ္စတွေ ဆောင်ရွက်တော့မယ် ဆိုရင် ကျနော်တို့ လုပ်ငန်းရှင်တွေအတွက် စိန်ခေါ်မှုတွေ ရှိနေတယ်။ ငွေကြေးနဲ့နည်းပညာ လိုအပ်လာတယ်။ အလုပ်ရှင်တွေကပဲ လုပ်နေပြီး အလုပ် သမားက မလုပ်ပြန်ရင်လည်း ထိရောက်တဲ့ လုပ်ဆောင်မှုမျိုး ဖြစ်လာမှာ မဟုတ်ပါဘူး”ဟု ဧရာဝတီကို ပြောသည်။
ဆုပေးအပ်ရာတွင် ကုမ္ပဏီ၊ အဖွဲ့အစည်း လုပ်ငန်းကြီးများ အတွက် အာဆီယံ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်း မာရေး လုပ်ငန်း အကောင်းဆုံးဆု ASEAN-OSHNET Excellence Award ၊ အသေးစား အလတ်စား လုပ်ငန်းငယ်များအတွက် အကောင်းဆုံး ကျင့်သုံးဆောင်ရွက်နိုင်မှု အကောင်းဆုံးဆု ASEAN-OSHNET Best Practice Award တို့ကို ပေးအပ်သွားမည်ဟု သိရသည်။
“လုပ်ငန်းတွေမှာ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းမှုနဲ့ ကျန်းမာရေး ကဏ္ဍတွေမှာ စီမံခန့်ခွဲမှု ဘယ်လောက် လုပ်နေကြလဲ။ ဥပဒေတွေကို ဘယ်လောက် လိုက်နာမှု ရှိသလဲ။ ပူးပေါင်း ဆောင်ရွက်လာလား၊ ဒီလို လုပ်ငန်းကို ရေရှည် ဆောင်ရွက်နိုင်လား ဆို တဲ့ အချက်တွေကို အမှတ်ပေးပြီး ရွေးချယ်မယ်လို့ အာဆီယံနိုင်ငံတွေက သဘောတူထားပါတယ်”ဟု ဦးဥက္ကာသိန်း က ဆက်ပြော သည်။
ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ်(ILO)က ထုတ်ပြန်ထားသော မှတ်တမ်းများ အရ ကမ္ဘာတဝန်းလုံးတွင် လုပ်ငန်းခွင် မတော်တဆ ထိ ခိုက်မှုကြောင့် ဆုံးရုံးမှုသည် ထိုနိုင်ငံများ၏ ပြည်တွင်း အသားတင် ထုတ်လုပ်မှု တန်ဖိုး(GDP) ၏ ၄ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်း အထိ ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အမှုကြီး ၁၀ မျိုး အပါအဝင် တနိုင်ငံလုံးတွင် ဖြစ်ပွားခဲ့သော မှုခင်းအားလုံးအနက် လုပ်ငန်းခွင် မတော်တဆမှု၊ ပေါ့လျော့မှုနှင့် ဂရုမစိုက်မှုတို့ကြောင့် သေဆုံးဒဏ်ရာ ရရှိမှုသည် နှစ်စဉ် မှုခင်းဖြစ်စဉ် မှတ်တမ်းတွင် ၂၅ ရာခိုင်နှုန်း ရှိနေသည်ဟု ဆို သည်။