ရန်ကုန်မြို့၌ ကျင်းပသည့် ဒုတိယ အကြိမ်မြောက် လူ့အခွင့်အရေး ဆိုင်ရာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် ဟံသာဝတီ ဦးဝင်းတင် ဆု အပါအဝင် ဆု ၈ ဆု ချီးမြှင့်မည် ဖြစ်ကြောင်း သိရသည်။
ပွဲတော်အတွင်း ပြသခဲ့သည့် ရုပ်ရှင်ဇာတ်ကား ၆၇ ကားထဲမှ နောက်ဆုံးပွဲတော်ရက်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်စားပြုသည့် အောင်ဆန်းစုကြည်ဆုနှင့် ၈၈ မျိုးဆက်ကျောင်းသား ကိုမင်းကိုနိုင်ကို ကိုယ်စားပြုသည့် မင်းကိုနိုင်ဆုများ အပြင် ဧပြီ ၂၁ ရက်က ကွယ်လွန်သွားခဲ့သည့် သတင်းစာဆရာ နိုင်ငံရေးသမားကြီး ဟံသာဝတီ ဦးဝင်းတင် ဆု တဆုကိုလည်း တိုးချဲ့ထည့်သွင်းထားပြီး စုစုပေါင်း ဆု ၈ ဆု ပေးအပ်သွားမည် ဖြစ်ကြောင်း ရုပ်ရှင်ပွဲတော် ဖြစ်မြောက်ရေး စီစဉ် သူ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောသည်။
“ဒီနှစ်မှာ ကဏ္ဍတခု ဖွင့်ထားတာက မသန်စွမ်းသူတွေ အတွက် သီးသန့် ဖိတ်ကြားထားတာ တခုပါတယ်။ ကလေးတွေ အတွက် လူ့အခွင့်အရေး ဆိုင်ရာ ရုပ်ရှင်တွေကိုလည်း ပြမယ်။ ပြည်တွင်းက ပြသမယ့် ကားတွေမှာ ဘာတွေပါမလဲ ဆိုတာတော့ ပြမယ့်နေ့ကို စောင့်ကြည့် စေချင်တယ်။ နိုင်ငံတွင်းမှာ ဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စတွေတော့ ရိုက်ကူးထားကြတာပဲ”ဟု ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ဆိုသည်။
ယခင်နှစ်က လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရုပ်ပွဲတော်၏ အမှတ်တံဆိပ်ကို အနီရောင်လက်ဝါး အဖြစ် သတ်မှတ် ထားခဲ့သော်လည်း ယခုနှစ်တွင် ထောင်တွင်း အနှစ် ၂၀ နှင့် ပြင်ပတွင် ၆ နှစ်ကြာ နေထိုင်ခဲ့စဉ် ကာလ တလျှောက်လုံး အပြာရောင် ဝတ်စုံသာ ဝတ်ဆင်ခဲ့သော ကွယ်လွန်သွားပြီး ဖြစ်သည့် ဟံသာဝတီ ဦးဝင်းတင်ကို ဂုဏ်ပြုသည့် အနေဖြင့် အမှတ်တံဆိပ်ကို အပြာ ရောင် လက်ဝါး အဖြစ် ပြောင်းလဲ အသုံးပြုထားသည်ဟုလည်း ၎င်းက ဆက်ပြောသည်။
အဆိုပါ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို ဝဇီရာ ရုပ်ရှင်ရုံနှင့် Junction Square ရုပ်ရှင်ရုံတို့တွင် ဇွန် ၁၅ ရက်မှ ၁၉ ရက် အထိ ကျင်းပ မည် ဖြစ်သည်။
ပွဲတော်တွင် ပြည်တွင်း ရုပ်ရှင် ၃၂ ကား၊ ပြည်ပ ရုပ်ရှင် ၂၆ ကားနှင့် အာဆီယံနိုင်ငံများမှ ရုပ်ရှင် ၈ ကား စုစုပေါင်း နိုင်ငံပေါင်း ၂၄ နိုင်ငံမှ ရုပ်ရှင် ဇာတ်ကားပေါင်း ၆၇ ကား ပါဝင် ပြသမည် ဖြစ်ပြီး လူတိုင်း အခမဲ့ ကြည့်ရှု ကြရမည် ဖြစ်သည်။
ရုပ်ရှင်ပွဲတော်သို့ တက်ရောက်ရန် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး နယ်ပယ်မှ လှုပ်ရှားသူများ၊ အစိုးရ တာဝန်ရှိသူများကိုပါ ဖိတ်ကြားမည် ဖြစ်ကြောင်း သိရသည်။
“ဒေါ်အောင်ဆန်းစုကြည်က ပွဲတော်ကို တက်ဖြစ်၊ မဖြစ်ဆိုတာ သေချာ မပြောနိုင်သေးဘူး၊ ကျနော်တို့တွေ နယ်ပယ်တွေ အလိုက် ဖိတ်ထားပါတယ်”ဟု ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ဆိုသည်။
၃ ရက်ကြာ ပြသမည့် ယင်းရုပ်ရှင် ပွဲတော်တွင် မြန်မာ လူငယ် ဒါရိုက်တာများ ရိုက်ကူးထားသည့် No Music is an Island, Fidati, Loading, After a Decade, A Whetstone နှင့် A Girl on Facebook အစ ရှိသည့် ရုပ်ရှင် ဇာတ်ကားများကို ကြည့်ရှုရမည် ဖြစ် သည်။
ရုပ်ရှင်ဇာတ်လမ်းများကို ပြည်ပ ဒိုင် ၁၀ ဦးနှင့် ပြည်တွင်းမှ ဒိုင် ၁၀ ဦးတို့က အကဲဖြတ်ကြမည် ဖြစ်ပြီး နောက်ဆုံးရက် ဖြစ်သည့် ဇွန် ၁၉ ရက်တွင် ဆုရရှိသူများကို ကြေညာပြီး ဆုချီးမြှင့်မှုကိုပါ တချိန်တည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ပထမအကြိမ် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို၂၀၁၃ ခုနှစ် ဇွန်လ ၁၅ ရက်မှ ၁၉ ရက် အထိ ရန်ကုန်မြို့ ဝဇီရာ ရုပ်ရှင်ရုံနဲ့ Junction Square ရုပ်ရှင်ရုံတို့တွင် ပြုလုပ်ခဲ့ပြီး ပြသခဲ့သည့် ရုပ်ရှင် ဇာတ်ကား ၅၈ ကားထဲမှ ဆု ၆ ဆု ပေးအပ်ခဲ့ကြောင်း သိရသည်။