Environment

မန်ကျည်း လွင်ပြင်က မြေကြီး အိမ်ကလေးတွေ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မှော်ဘီမြို့နယ်မှ တဆင့် ဆိုင်ကယ်ဖြင့် ၄၅ မိနစ်ခန့်မောင်းလျှင် ရောက်သော သူနေထိုင်ရာသည် တောင်ကုန်းဝိုင်း၍ ချောင်း ခွေထားသော လွင်ပြင် သေးသေးလေးတခု ဖြစ်သည်။

မန်ကျည်းလွင်ပြင်ဟု သူကိုယ်တိုင် နာမည်ပေးထားသည့် ထိုမြေဧက အနည်းငယ် လွင်ပြင်လေးတွင် အသီးအရွက် စိုက်ခင်းတို့နှင့် မြေကြီးအိမ်ကလေးများ အစီအရီ ရှိသည်။ ထိုမြေကြီးအိမ်ကလေးများကို သူနှင့် သူ့အပေါင်းအသင်းတချို့တို့ ကိုယ်တိုင် ဆောက်ခဲ့ကြခြင်းလည်း ဖြစ်သည်။

မြေကြီး၊ ကောက်ရိုး၊ စပါးခွံတို့ဖြင့်သာ ဆောက်ထားသော ထိုမြေကြီး အိမ်ကလေးများထဲမှ တလုံးမှာ သူနှင့် သူ့မိသားစု နေထိုင်ရာ အိမ်ပင် ဖြစ်သည်။

“ဘဝ နေမှုထိုင်မှုက ရွေးချယ်မှုနဲ့ ဆိုင်တယ်၊ ရွေးချယ်မှု အရ လူတိုင်းမှာ လွတ်လပ်စွာ ရွေးချယ်ခွင့် ရှိတယ်။ ဘာကြောင့် ဒီမှာ လာ နေသလဲလို့ မေးရင် ကျနော်ပြန် ဖြေတယ်၊ ပျော်လို့ ပေါ့၊ ဒါ ရိုးရိုးလေးပဲ၊ ဒါကြောင့်လည်း နေတယ်”ဟု တီရှပ် ခပ်နွမ်းနွမ်းနှင့် ကချင် ပုဆိုးကို ဝတ်ဆင်ထားသည့် သူက မျက်မှန်ထူထူကို ပင့်၍ပြောသည်။

သူ့အမည်က ဦးနော်အောင်၊ သဘာဝ ပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူ တဦးလည်းဖြစ်၊ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ စာပေတချို့ကို ရံဖန်ရံခါ ထုတ်ဝေသူလည်း ဖြစ်သည့်သူက သဘာဝ အရှိတရားအတိုင်း အနီးစပ်ဆုံး နေထိုင်သွားရန် ဆုံးဖြတ်ခဲ့သူ တဦးလည်း ဖြစ်သည်။

သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ စာတချို့ ရေးသားရင်း ထိုကဏ္ဍများနှင့် ဆိုင်သော အလုပ်များကို လုပ်နေခဲ့သည့် သူ့အတွက် လက် တွေ့ကဏ္ဍ လုပ်ဆောင်လိုသည့် စိတ်ကူးပေါ်လာခြင်းက ယခုကဲ့သို့ လာရောက် နေထိုင်ဖို့ အစ ဖြစ်ခဲ့သည်ဟု ဆိုသည်။

သူ့အိမ်ကို သူ့မြေကြီးနှင့် သူကိုယ်တိုင် ဖန်တီးခဲ့သည်။ အသီးအရွက် စိုက်ခင်းများအလယ် ဓနိမိုး မြေကြီး အိမ်လေးဖြင့် နေထိုင်နေ သည့် သူ့မိသားစု ဘဝက သဘာဝအတိုင်းဟု ဆိုသည်ထက် အရှိတရား ပိုဆန်သည်ဟု ပြောလျှင်ရမည်။

“ကိုယ်လည်း ရန်ကုန်မှာနေပြီး ပါးစပ်နဲ့ပဲ ပြော၊ လက်နဲ့ရေးတာပဲ ရှိတော့ သူများတွေက မေးလာရင်၊ တကယ်စိုက်ရင် ဘယ်လို ဖြစ် လာတယ်ဆိုတာ ကိုယ်လည်း ဖြေတတ်မှာ မဟုတ်ဘူး။ စာအုပ်ထဲကဟာပဲ ကြည့်ပြီး ပြောခဲ့တာ။ ဒါနဲ့ လက်တွေ့ မဖြစ် ဖြစ်အောင် တော့ လုပ်မယ် ဆိုပြီး အခုလို ရွှံ့အိမ်တွေ ဆောက်တာ တို့၊ ပြင်ပ ဓာတုသွင်းအားစုတွေကို အတတ်နိုင်ဆုံး လျှော့ချပြီး သဘာဝ အတိုင်း အပင်တွေ စိုက်တာတို့ လုပ်ဖြစ်တာ”ဟု သူက ဆိုသည်။

ထိုအချိန်မှ စ၍  ယခုနေရာလေးသို့ သူစတင် ရောက်ရှိခဲ့ပြီး ယခင် ကြားဖူးခဲ့သော မြေကြီးအိမ်ဆောက်သည့် နည်းစနစ်ကို လေ့ လာ ကာ ကိုယ်တိုင် ဆောက်နေသည့် အခြေအနေအထိ ဖြစ်လာခဲ့သည်။

မြေကြီးအိမ် ဆောက်လုပ်ခြင်းကို မြန်မာနိုင်ငံတွင် ဂေါ်ရခါး လူမျိုးများနှင့်၊ အိန္ဒိယနွယ်ဖွားများ သုံးစွဲလေ့ရှိပြီး ဆောက်လုပ်သည့် နည်းစနစ် ကွဲပြားမှု ရှိသည်။ တချို့မှာ နွားချေးထည့်၍ ဆောက်သည်များ ရှိသည်။ ယခင်က သန်လျင်ဘက်တွင် နွားချေးဖြင့် ရော စပ်ဆောက်သည့် မြေကြီးအိမ်ကလေးများဖြင့် အိန္ဒိယနွယ်ဖွားများ နေထိုင်ကြသော်လည်း ယခုနောက်ပိုင်းတွင် ယင်း မြေကြီးအိမ် ကလေးများ အစား သစ်သားအိမ်၊ တိုက်အိမ်များ အဖြစ် ပြောင်းလဲ နေထိုင်ကုန်ကြပြီ။

ဦးနော်အောင် ဆောက်လုပ်သည့် နည်းစနစ်မှာ ကောက်ရိုး၊ စပါးခွံနှင့် မြေကြီးတို့သာ ပါဝင်ပြီး အချောကိုင်သည့် အခါတွင် ကော် ရည် သို့မဟုတ် ထမင်းရည်ကို သုံးသည်ဟု သိရသည်။

ရှမ်းပြည် သီပေါဘက်နှင့် ပြင်ဦးလွင်တို့တွင်လည်း သေသပ်စွာဆောက်လုပ်ထားသည့် မြေကြီးအိမ် များစွာရှိနေပြီး ယခုခါတွင် မုံရွာ၊ ပဲခူး စသော နေရာများတွင်လည်း မြေအိမ်တချို့ ဆောက်လုပ်ထားသည်များ ရှိလာသည် ဟု သူက ပြောပြသည်။

မြေကြီး အိမ်တလုံး ဆောက်ရန် အတွက် ကုန်ကျစရိတ်မှာ လွန်စွာနည်းပါးသည့် ပမာဏသာ ဖြစ်သည်။ မိမိတွင် လယ်ရှိမည်၊ ကောက်ရိုး၊ စပါးခွံတို့ ရှိနေလျှင် အမိုးအကာ ဓနိဖိုးသာ ကုန်ကျမည် ဖြစ်သည်။

သို့သော် ထိုအရာများထက် အဓိက အရေးကြီးသည်မှာ မြေကြီးအိမ်တွင် နေထိုင်နိုင်ဖို့ ခက်သည့် ကိစ္စသာ ဖြစ်သည်။ မြေကြီး အိမ် ကလေးများက အမြင်တွင်တော့ ချစ်စရာကောင်းပါသည်၊ သို့သော် တကယ့် နေရေးထိုင်ရေး လက်တွေ့တွင်တော့ လွယ်ကူသည် မဟုတ်ဟု ဦးနော်အောင်က ဆိုသည်။

“ဒါကို သဘောကျ လက်ခံဖို့ ကတော့ တော်တော် ခက်ခဲပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့တွေက ဖုန်ပေရင်ပဲ ဖြစ်ဖြစ်၊ ရွှံ့ပေ ရင်ပဲ ဖြစ်ဖြစ် ညစ်ပတ်တယ် ဆိုတဲ့ အသိက ရှိတယ်။ သဘောက မြေကြီးအိမ်မှာ နေတယ်ဆိုရင် ခင်ဗျား ပေချင်ပေသွားမယ်။ ကိုင်ကြည့်မယ်၊ လက်ပေမယ်၊ ဒါဆို ညစ်ပတ်တယ် ပေါ့။ ဆိုတော့ အဲဒီလိုမျိုး မြေကြီးကို ရှုမြင်တဲ့ အမြင်လေး နည်းနည်းပါးပါးလေး ပြောင်းမယ် ဆိုရင်တော့ မြေကြီးနဲ့နေရတာ အဆင်ပြေပါတယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ မြေကြီးနဲ့ နေမယ်ဆို မသက်မသာ ဖြစ်မှာပဲ။ ကျနော်ကတော့ အခုဆို မြေကြီးပေါ်မှာ ထားရှိတဲ့ အမြင်လေး စပြောင်းနိုင်တယ်လို့တော့ ခံစားရတာပဲ”ဟု ၎င်းက ပြောသည်။

သူ့ခြံထဲတွင်ရှိသည့် အဆောက်အအုံ အားလုံးမှာ မြေကြီးနှင့် ဆောက်လုပ်ထားသည်များသာ ဖြစ်သည်။ အသီးအရွက် စိုက်ခင်းများ ကလည်း သူတို့ မိသားစု အတွက် လတ်လတ်ဆတ်ဆတ် စားသုံးနိုင်ရန် အသင့်။ သောက်သုံးရေ အတွက် ဖြေးညင်းသဲရေစစ် စနစ်ဖြင့် စစ်ထားသည့် ရေရှိသည်။ ယခင်က စပါးမစိုက်ပျိုးတတ်သည့် သူကနောက်ဆိုလျှင် ဆန်အတွက်ကိုပါ စပါးစိုက်ရန် ပြင်ဆင် နေ ပြီဟု ဆိုသည်။ အခုပင် သူက မိသားစု နို့သောက်သုံးဖို့ နွားမွေးထားပြီ ဖြစ်သည်။

“ဟင်းသီးဟင်းရွက် ကျနော်တို့ စိုက်ထားတာ၊ ရေမဆေးချင်ဘူးလား၊ ရတယ်၊ ယုံယုံကြည်ကြည် ကောက်စားလိုက်လို့ ရတယ်။ ချက်ပြုတ်ခါနီး ဘာအရွက်ရှိလဲ လှည့်ပတ်ကြည့် ခူးပြီး ကြော်စားလိုက်တာမျိုး၊ ဒီခံစားမှုက ပြောရခက်ပါတယ်”ဟု စိုက်ခင်းများဘက် ကို မေးငေါ့ပြရင်း သူက ပြောသည်။

ဖုန်းလိုင်း မမိတချက် မိတချက်နှင့် အင်တာနက် မရှိသော ထိုနေရာလေးတွင် သူ့ရွေးချယ်မှုနှင့် သူ့နေထိုင်မှု အတွက် အလှတရား တို့ ပြည့်စုံနေသည့်အလား သူက ပီတိဖြစ်စွာ နေထိုင်သည်။ မြို့ပြနှင့် အနီးစပ်ဆုံး နေရာတွင် သဘာဝနှင့် ဟန်ချက်ညီညီ အသား ကျ ရှင်သန်နေသည့် ဘဝတခုဟု ပြောလျှင်လည်း ရမည်။

သဘာဝကျကျနှင့် ဘဝကို ကျေကျေနပ်နပ် နေထိုင်ရန် ဆုံးဖြတ်ထားသည့် သူက သဘာဝဆီက အလှတရား တို့ကိုလည်း ဆက် လက် ရှာဖွေနေလိမ့်ဦးမည်။

သူ့ မန်ကျည်းလွင်ပြင်လေးက ပြန်လာသည့် အချိန်တွင်တော့ သူ့စကားကို ပြန်အမှတ်ရသည်။

“လူတွေက အလှအကြောင်းကို ဗြူတီပါလာမှာပဲ ရှိတယ်ထင်နေတာ၊ သဘာဝ ပတ်ဝန်းကျင်မှာလည်း အပြည့်ပဲဗျ၊ ဒါကို ကျနော်ကြိုက်တယ်ဗျာ”ဟူ၏။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading