Human Rights

ပစ်ပယ်ခံ လှေစီးဒုက္ခသည် ကလေးငယ်များ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

သူတို့သိထားကြသည့် ကမ္ဘာ၏ အဆုံးသတ်ဖြစ်သော ကုန်းမြေနှင့် ပင်လယ်ကြားက ကမ်းစပ်မှာ ကလေးငယ် ၂ ယောက် ရပ်နေသည်။

သူတို့နေထိုင်ရာ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း ရခိုင်ပြည်နယ်က ရွာလေးဆီသို့ ပြန်သွားလို့ မရတော့ပါ။ သူတို့ရွာကလေးသည် ဒေါသအမျက် ထွက်နေသည့် လူတစုက ရှို့သည့်မီးကြောင့် လုံးဝပျက်စီးခဲ့ ရပြီဖြစ်သည်။ မီးခိုးတွေနှင့် ဝရုန်းသုန်းကား အဖြစ်တွေကြားမှာ သူတို့ညီအစ်ကိုမောင်နှမတွေ မိသားစုနှင့် တကွဲတပြားစီ ဖြစ်ခဲ့ကြရသည်။ ၇ လကြာအောင် ရှာဖွေခဲ့ပြီးနောက် တစုံတယောက် အသက်ရှင်ကျန် ရစ်နေနိုင်သည်ဆိုသည့် မျှော်လင့်ချက်ကို သူတို့စွန့်လွှတ်ခဲ့ကြသည်။

ရှေ့ဆက်သွားဖို့ တလမ်းသာ သူတို့မှာရှိတော့သည်။ ဆာလောင်မှု၊ ကြောက်ရွံ့မှုများနှင့် သူတို့မျက်လုံးတွေက အမှောင်ထုထဲရှိ ပြိုကွဲလုမတတ် ဟောင်းနွမ်းနေသည့် သစ်သားကိုယ်ထည်နှင့် ငါးဖမ်းလှေတစီးကို မြင်လိုက်ရသည်။ အသက် ၁၅ နှစ် အရွယ်ရှိပြီဖြစ်သည့် မိုဟာမက်ဟူစိန်က အကျႌအိတ်ထဲကိုနှိုက်၍ ပိုက်ဆံအလိပ်လေး တခုကို ဆွဲထုတ်ပြီး လှေဦးစီးလက်သို့ ပေးလိုက်သည်။ ထို့နောက် သူနှင့် အသက် ၉ နှစ်အရွယ် ညီမလေး ဆန်ဝါရာဘီဂန်းတို့ လှေပေါ်ကိုတက်ခဲ့ကြပြီးနောက် သေးငယ်သည့် လှေဝမ်းအတွင်းတွင် ပြွတ်သိပ်နေသည့် အခြား သူများကြားသို့ ရောက်သွားသည်။

လှေထွက်လာသည့်အချိန်တွင် ဗီယက်နမ်စစ်ပွဲ နောက်ပိုင်း ကမ္ဘာပေါ်တွင် အကြီးဆုံးဟုဆိုနိုင်သည့် လှေစီးထွက်ပြေးမှုတွင် အခြားသော ကလေးငယ် ရာပေါင်းများစွာနှင့်အတူ ပါဝင်နေမိခြင်းဖြစ်ကြောင်း သူတို့သတိမထားမိခဲ့ကြပါ။ သူတို့ကို မလိုချင်သည့် တိုင်းပြည်မှာ နေထိုင်ဖို့ လုံခြုံခြင်းမရှိဟုသာ သူတို့ နားလည်ထားခဲ့ကြသည်။

လှေက ဘယ်ကိုဦးတည်ပြီး သွားနေသည်ကို မိုဟာမက်ဟူစိန် မသိခဲ့ပါ။ ဆန်ဝါရာဘီဂန်းကတော့ မျက်ရည်များနှင့် နောက်ကို ပြန်လှည့်ကြည့်သည်။ မိဘများနှင့် ပြန်တွေ့နိုင်ဦးမလားဆိုတာကို သူသိ ချင်နေသည်။ နောက်ထပ် ဘယ်လို ချောက်ချားစရာတွေ တွေ့ကြုံလာဦးမည် ဆိုသည်ကိုလည်း မည်သူမျှ မသိနိုင်ပါ။

လှေဖြင့်ရောက်ရှိနိုင်သည့် မလေးရှားမှသည် ဩစတြေးလျအထိ နိုင်ငံများက လှေစီးဒုက္ခသည်များ (နိုင်ငံတကာတွင် ရိုဟင်ဂျာဟု သုံးနှုန်းသည်) ကို သူတို့နိုင်ငံ၏ ကမ်းခြေသို့ မတက်နိုင်အောင် မူဝါဒများ ချမှတ် အကောင်အထည်ဖော်နေပြီး ငွေဝယ်ကျွန်အဖြစ် ရောင်းချခံရနိုင်သည့် အခြေအနေများ ရှိနေသည့်တိုင် ပင်လယ်ပြင်ထဲသို့ မြန်မြန်ဆန်ဆန် ပြန်မောင်းထုတ်နေကြသည်။

လှေစီးဒုက္ခသည်များကို ကမ္ဘာပေါ်တွင် ဖိနှိပ်ပစ်ပယ်ခံရဆုံးသူများ ဖြစ်သည်ဟု သတ်မှတ်ထားသော ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့မှ မေတ္တာရပ်ခံချက်များ ရှိနေသော်လည်း ဒေသတွင်းမှ အစိုးရများက ဒုက္ခသည် သဘောတူညီချက်နှင့် နိုင်ငံတကာ စာချုပ်များကို လက်မှတ်ရေးထိုးရန် ငြင်းဆန်ခဲ့ကြသည်။ သူတို့တွင် ကူညီရန် တာဝန်မရှိဟု ယူဆကြခြင်းဖြစ်သည်။ နိုင်ငံတကာ သဘောတူညီချက်များကို လက်ခံကျင့် သုံးခြင်းအားဖြင့် သူတို့ ထောက်ပံ့ကူညီရန် မတတ်နိုင်သော  ပြောင်းရွှေ့ဝင်ရောက်လာသူများ အလုံးအရင်းဖြင့် ဝင်ရောက်လာရန် ဆွဲဆောင်သလိုဖြစ် နေမည်ကို စိုးရိမ်ကြောင်း အဆိုပါနိုင်ငံများက ပြောကြသည်။

“နိုင်ငံများသည် အားအနည်းဆုံး အခြေအနေ နှင့် ရင်ဆိုင်နေရသည့် လူများကို အမျိုးသမီးများ၊ ကလေးငယ်များပါ အစုလိုက် အပြုံလိုက် ထွက်ပြေးရာတွင် ပါဝင်နေကြရသည့်တိုင် ကူညီရန် ပျက်ကွက် နေကြသည်” ဟု လူ့အခွင့်အရေးအဖွဲ့များက ဆိုကြသည်။

လူဦးရေသန်း ၆၀ တွင် ဗုဒ္ဓဘာသာဝင်က အများစုဖြစ်သည့် မြန်မာနိုင်ငံတွင် ရခိုင်ပြည် မြောက်ပိုင်းတွင် မွတ်စလင် ဦးရေ ၁ ဒသမ ၃ သန်းခန့် နေထိုင်ကြသည်။ သူတို့ မိသားစုအချို့မှာ မျိုးဆက်နှင့်ချီ၍ ရခိုင်ပြည်နယ်တွင် နေထိုင်ခဲ့ကြ ခြင်းဖြစ်သော်လည်း မြန်မာနိုင်ငံက ၎င်းတို့ကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ တရားမဝင် ရောက်ရှိလာသူများဖြစ်သည်ဟု သတ်မှတ်ထားသည်။

မြန်မာနိုင်ငံကို စစ်အစိုးရ အုပ်ချုပ်နေစဉ် ကာလက ငယ်ရွယ်သော ယောက်ျားသားများကသာ ပိုကောင်းသည့် ဘဝတခုကို ရှာဖွေရန် ဟောင်းနွမ်း ပျက်စီးနေသည့် လှေငယ်များဖြင့် ပင်လယ်ပြင်ကို ကျော်ဖြတ်ခဲ့ကြသည်။ သို့သော်လည်း ၂၀၁၁ ခုနှစ် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး နောက်ပိုင်း ပေါ်ပေါက်ခဲ့သည့် လူ ၂၈၀ သတ်ဖြတ်ခံခဲ့ရပြီး ၁၄၀ဝဝဝ ကျော် နေအိမ်များကို စွန့်ခွာထွက်ပြေးကြ စေသည့် လူမျိုးရေးနှင့် ဘာသာရေး ပဋိပက္ခများက အသက်အရွယ် အမျိုးမျိုးသော မွတ်စလင်များကို လှေများဖြင့် ထွက်ပြေးရန် အကြောင်း ဖန်လာစေခဲ့သည်။

အဓိကရုဏ်းများ စတင်ဖြစ်ပွားခဲ့သည့် ၂၀၁၂ ခုနှစ် ဇွန်လ အလယ်ပိုင်းမှစ၍ ထွက်ပြေးသူ ၇၅၀ဝ၀ ခန့်ရှိပြီး ထိုအထဲတွင် အမျိုးသမီးနှင့် ကလေးငယ်က ၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ ပါဝင်နိုင်မည်ဟု ခန့်မှန်းရကြောင်း လှေဖြင့်ထွက်ပြေးသူများကို ဆယ်စုနှစ် ၁ ခုခန့် စောင့်ကြည့်လေ့လာခဲ့သည့် အဖွဲ့တခု ဖြစ်သော Arakan Project မှ ခရစ်လေးဝါးက ပြောသည်။ ထိုနှစ်မတိုင်မီ ထွက်ပြေးသူ ၉၀ဝ၀ ခန့် ရှိပြီး အများစုမှာ ယောက်ျားများ ဖြစ်သည်ဟုလည်း သိရသည်။

အန္တရာယ်များသည့် ပင်လယ်ခရီး ဖြစ်သောကြောင့် လွန်ခဲ့သော ၂ နှစ်အတွင်း မွတ်ဆလင် ၂၀ဝ၀ နီးပါး သေဆုံး (သို့မဟုတ်) ပျောက်ဆုံးခဲ့ကြသည်ဟုလည်း ခရစ်လေးဝါးက ပြောသည်။ မိုဟာမက်ဟူစိန်တို့ မောင်နှမကဲ့သို့ အဖော်မပါသည့် ကလေးငယ်များက ဒုက္ခတွေ့ရသူတွေထဲမှာ အများဆုံးဖြစ်သည်။

အေပီသတင်းဌာနက မိသားစုဝင်များ၊ မျက်မြင်သက်သေများ၊ အကူအညီပေးရေး အဖွဲ့အစည်းများနှင့် တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်၍ မြန်မာ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနိုင်ငံတို့မှ အခြေအနေများကို သတင်းပေးပို့ခဲ့ပါသည်။ ကုလသမဂ္ဂ၊ အစိုးရ အေဂျင်စီများ၊ အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းများနှင့် ထိုအချိန်ကာလက သတင်းများမှ အချက်အလက်များကို စုဆောင်းခဲ့ပါသည်။

မိုဟာမက်ဟူစိန်တို့ မောင်နှမ ၂ ယောက် လိုက်ပါလာသောလှေ ချောချောမောမော ထွက်ခွာလာခဲ့ပြီး ကုန်းမြေပျောက်ကွယ်သွားသည့် အချိန်တွင် သူတို့ စိတ်သက်သာမှုကို ခံစားကြရသည်။ သူတို့ လှေပေါ်တွင် ကလေးငယ် ၁၄ ဦး၊ အမျိုးသမီး ၁၀ ဦး အပါအဝင် လူ ၆၃ ယောက် လိုက်ပါလာသည်။ အမျိုးသမီးတဦးမှာ ၇ လသား ကိုယ်ဝန်ကို လွယ်ထားရသည်။ လှေပေါ်မှာ အသက်ကယ်အကျႌ မပါသလို သူတို့မောင်နှမ ၂ ယောက်လုံးကလည်း ရေမကူးတတ်ပါ။ ပြင်းလွန်းသော နေရောင်ခြည်ကလည်း အရေပြားကို ပူလောင်စေ၏။

လှေဝမ်းအတွင်းမှာ လက်တွေ၊ ခြေတွေနာကျင် ကိုက်ခဲနေသည့် ဆန်ဝါရာဘီဂန်းက သံဖြူဘူးနှင့် ဝေစုရထားသည့်ရေကို နည်းနည်းချင်းသောက်သည်။ လှေကို ပြင်းထန်သည့်လှိုင်းလုံးများ အတွဲလိုက် ရိုက် ပုတ်သည့်အတွက် လှိုင်းမူးပြီး အော့အန်ကြသည်။ သို့ဖြင့် လှေဝမ်းထဲ အနံ့အသက်တွေက ဆိုးရွားစေသည်။

၂ ပတ်ခန့်ကြာသည့်အခါ အနည်းဆုံး စစ်သား ၁ ဒါဇင်ခန့် လိုက်ပါလာသည့် သင်္ဘောတစီး သူတို့ဆီကို ရောက်လာသည်။ လှေစီး အမျိုးသားတွေကို အကျႌချွတ်ပြီး ကြမ်းပြင်တွင် တယောက်ချင်း တန်းစီမှောက်ခိုင်းပြီး လက်သီးနှင့် ထိုး၊ ခြေထောက်နှင့် ကန်သည် သာမက သစ်သားချောင်းများ၊ သံတုတ်များနှင့်လည်း ရိုက်နှက်ကြကြောင်း လှေပေါ်တွင် လိုက်ပါခဲ့သူများက ပြန်ပြောပြသည်။

စစ်သားတဦးက မိုဟာမက်ဟူစိန်ကို တုတ်နှင့်ရိုတ်လိုက်သည်။ သူ့ညီမကိုလည်း ဆက်ရိုက်သည်။ သူတို့က  မိုဟာမက်ဟူစိန်၏ လက်ကိုကြိုးတုပ်ပြီးနောက် မီးခြစ်ခြစ်၍ လက်မောင်းကို မီးရှို့ပြီး အသားက ညှော်နံ့ထွက်လာသည့်အခါ ရယ်မောကြသည်။ ဆန်ဝါရာဘီဂန်းက မျှော်လင့်ချက်မဲ့စွာဖြင့် ကြည့်နေခဲ့ရသည်။

သူ့ကို စစ်ဖိနပ်နှင့်တက်နင်းပြီး တုတ်နှင့်ရိုက်နေသည့်အချိန်တွင် မိုဟာမက်ဟူစိန်၏စိတ်က အိမ်ကို ပြန်ရောက်သွားသည်။ သူ ဘာတွေလုပ်မိခဲ့သနည်း။ သူ ဘာကြောင့် ထွက်လာခဲ့ရသနည်း။ သူ ယခုသေ တော့မှာလား။  နာရီအနည်းငယ် ကြာသည့်အချိန်တွင် ရိုက်နှက်မှုတွေရပ်သွားသည်။ နောက်ဆုံးတွင် လှေ စီးဒုက္ခသည်များကို ထွက်ခွာသွားခွင့်ပြုဖို့အတွက် ပိုက်ဆံပေးလိုက်ရသည်ဟု မိုဟာမက်ဟူစိန်ထင်သည်။

“မြန်မာပိုင်နက်ထဲကနေ ပင်လယ်ထဲကို တည့်တည့်ထွက်သွား၊ မင်းတို့ကို နောက်တခါထပ်တွေ့ရင် အားလုံးကိုသတ်ပစ်မယ်” ဟု စစ်သားများ၏ အကြီးအကဲက ပြောကြောင်း မျက်မြင်သက်သေတဦးက ပြန်ပြောပြသည်။

အေပီသတင်းဌာနက ယင်းဖြစ်ရပ်နှင့် ပတ်သက် ပြီး မေးမြန်းအတည်ပြုချက် ရယူခဲ့ရာ ထိုကာလ အပိုင်းအခြားအတွင်း မည်သည့်လှေကိုမျှ မြန်မာရေတပ်က ဖမ်းဆီးခဲ့ခြင်းမရှိဟု မြန်မာအစိုးရက ငြင်းဆိုသည်။

ဒုက္ခသည်များ တရွေ့ရွေ့နှင့် ဆက်လက်ထွက် ခွာလာခဲ့သော်လည်း လှေက ယိုယွင်းလာခဲ့ပြီဖြစ်သည်။ အပေါက်တခုထဲမှာ ထိုးသိပ်ထည့်ထားသည့် လုံချည်စက တပွက်ပွက်နှင့် တိုးဝင်လာသည့် ရေတွေကို တားဆီးနိုင်ခြင်းမရှိပါ။ ညီမငယ်အတွက်  မိုဟာမက်ဟူစိန် ယူဆောင်လာခဲ့သော ကောက်ညှင်းနှင့် ပေါင်မုန့် အစအနများ ပျက်စီးကုန်သည်။

နောက်ဆုံးကမ်းခြေတခုသို့ သူတို့ရောက်သွား သည့်အချိန်တွင် ထိုင်းနိုင်ငံကို ရောက်နေကြောင်း တစုံတယောက်ကပြောသည်။ ဆန်ဝါရာဘီဂန်းကတော့ ထိုင်းနိုင်ငံဆိုတာ ဘယ်နားမှာရှိမှန်းတောင် မသိ။

ထိုင်းနိုင်ငံသည် ပင်လယ်ကိုဖြတ်၍ ထွက်ပြေးလာကြသော လှေစီး ဒုက္ခသည် အားလုံးနီးပါး ပထမ ဆုံးရပ်နားကြသည့် နေရာဖြစ်သော်လည်း သူတို့ကို ထိုင်းနိုင်ငံက ခိုလှုံခွင့်မပေးပါ။ လွန်ခဲ့သော နှစ် အနည်းငယ်ခန့်အထိ ပြန်နှင်ထုတ်သည့် မူဝါဒကို ကျင့်သုံးခဲ့ ပြီး ဝင်ရောက်လာသူများကို အစားအစာ၊ ရေ၊ လောင်စာဆီ စသည်တို့ လုံးဝမပေးဘဲ (တခါတရံ အနည်းငယ်ခန့်ပေး၍) ပင်လယ်ပြင်သို့ ပြန်ထွက် ခိုင်းလေ့ရှိသည်။ သို့သော်လည်း ၂၀ဝ၉  ခုနှစ်တွင် စစ်တပ်က လှေတစီးကိုဆွဲယူ ပြန်နှင်ထုတ်သည့် ဓာတ်ပုံများ ပေါက်ကြားပျံ့နှံ့ခဲ့ပြီးသည့် နောက်ပိုင်းတွင် ထိုင်းအစိုးရက လုပ်နည်းလုပ်ဟန် ပြောင်းလဲလိုက်သည်။

“အကူအညီပေးရေး” မူဝါဒသစ်အရ ထိုင်းအာဏာပိုင်များက ခိုးဝင်လာသူများကို ၎င်းတို့ရေပိုင် နက်အတွင်းမှ ပြန်နှင်မထုတ်မီ အခြေခံထောက်ပံ့ မှုများပေးသည်။ သို့သော်လည်း အခြားသော အချိန်များတွင် သူတို့က လှေကို လူကုန်ကူးသူများရှိရာသို့ လမ်းညွှန်လိုက်ကြသည်။ လူကုန်ကူးသူများက ခိုလှုံခွင့်ရရှိရန် ကြိုးစားနေသူများကို ဖမ်းဆီးထိန်းချုပ်ထားပြီး သူတို့ထံမှငွေပေး၍ ပြန်လည် ရွေးထုတ်ရကြောင်း လွတ်မြောက်လာသူ အမြောက်အမြားကို တွေ့ဆုံမေးမြန်းခဲ့သည့် လူ့အခွင့်အရေး အဖွဲ့များက ပြောကြသည်။

ငွေမပေးနိုင်သူတို့ကို ငါးဖမ်းလှေများ သို့မဟုတ် အခြား စက်မှုလုပ်ငန်းများတွင် အခကြေးငွေမပေးဘဲ ခိုင်းစေရန် ငွေဝယ်ကျွန်အဖြစ် ရောင်းချကြသည်။ ထွက်ပြေးလွတ်မြောက်သူအချို့ ရှိသော်လည်း များသောအားဖြင့် လူပွဲစားများထံသို့သာ ပြန်လည် ရောက်ရှိသွားပြီး သံသရာလည်နေသည်။

ထိုင်းတော်ဝင်ရေတပ်က လူကုန်ကူးသူများနှင့် ပူးပေါင်းဆောင်ရွက်မှု ရှိသည်ဆိုခြင်းနှင့် လှေများကို ပင်လယ်ပြင်သို့ ပြန်ဆွဲပို့နေသည်ဆိုသော စွပ်စွဲချက်များကို ပယ်ချလိုက်သည်။ ထိုင်းရေတပ်က လူ့အခွင့် အရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို အမြဲတမ်း လိုက်နာသည်ဟု အခိုင်အမာပြောဆိုသည်။

မိုဟာမက်ဟူစိန်တို့ မောင်နှမ ၂ ယောက် လိုက်ပါလာသည့်လှေ ထိုင်းနိုင်ငံသို့ ရောက်သည့်အခါ ခရီးသည်များအားလုံး တောအုပ်အတွင်း ခရီးဆက်ရသည်။ လက်များကို ချည်နှောင်ထားကာ ထွက်မပြေးရန်လည်း သူတို့ကိုပြောသည်။ ရက်အနည်း ငယ်ကြာသည့်အခါ အင်ဂျင်စက်မပါသည့် နောက်ထပ် လှေငယ်တစီးပေါ်သို့ သူတို့ကိုတင်လိုက်သည်။ ထို့နောက် လှေကိုပင်လယ်အတွင်း ဝေးလံသည့် နေရာရောက်အောင် ပြန်လည်ဆွဲယူသွားပြီးနောက် ကြိုးဖြတ်ချကာ ထားရစ်ခဲ့ကြသည်။ လှေက ရေစီး ကြောင်းနှင့် လေကြောင်းအတိုင်း မျောပါသွားခဲ့သည်။ ပင်လယ်ရေတွေ သောက်မိသော ဆန်ဝါရာ ဘီဂန်း အော့အန်ပြီး ဝမ်းလျှောသည်။

နောက်တနေ့တွင် အဝေးတနေရာ၌ သစ်ပင်လိုလို အရိပ်အယောင်တခုကို တစုံတယောက်က မြင်လိုက်ရ၍ ယောက်ျားတွေက လူငယ်တယောက်၏ မှန်ကိုယူပြီး ထိုနေရာဘက်ဆီသို့ အလင်းရောင်ပြန်ဖြင့် အချက်ပြကြသည်။ ထို့နောက် လှေတစီး သူတို့ အနားသို့ရောက်လာသည်။ အင်ဒိုနီးရှားတံငါသည် များကပြုံးပြပြီး သူတို့နားမလည်သည့် ဘာသာစကားတခုနှင့် စကားပြောသည်။ လှေစီး ဒုက္ခသည်များအနေဖြင့် သူတို့ကို မွတ်စလင်ဘာသာဝင်များ ဖြစ်သည်ဆိုသည်ကိုသာ သိကြသည်။

အင်ဒိုနီးရှားနိုင်ငံသည် လှေစီးဒုက္ခသည်များကို စာနာထောက်ထားမှုရှိသည့် နိုင်ငံဖြစ်သည်။ အင်ဒိုနီးရှား သမ္မတက ပဋိပက္ခများ အဆုံးသတ်နိုင်ရေးအတွက် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်ထံသို့ တောင်းဆိုခဲ့ဖူးသည်။ ကမ္ဘာပေါ်တွင် မွတ်စလင် လူဦးရေ အများဆုံးဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ၏ မြို့ကြီးများတွင် အဓိကရုဏ်းများကို ပြစ်တင်ရှုတ်ချသော ဆန္ဒပြပွဲများလည်း ပြုလုပ်ခဲ့ကြသည်။

သို့သော် အင်ဒိုနီးရှားနိုင်ငံကလည်း လှေစီး ဒုက္ခသည်များအတွက် တံခါးဖွင့်ပေးမထားသေးပါ။ သူတို့တွေ တခြားနေရာတခုခုတွင် အခြေချနိုင်သည့် အချိန်အထိသာ နှစ်အနည်းငယ်ခန့် နေထိုင်ခွင့်ပေးထားသည်။ ထိုအတောအတွင်း ပြည့်သိပ်ကျပ်ညပ်နေသော ထိန်းသိမ်းရေးစခန်းများတွင် နေထိုင်ကြရသည်။ တရားဝင် အလုပ်လုပ်ကိုင်ခွင့်လည်း မရှိပါ။

အင်ဒိုနီးရှားနှင့် မလေးရှား အစိုးရများက လှေစီးဒုက္ခသည်များကို နေထိုင်ခွင့် ပေးလိုက်ခြင်းအားဖြင့် အလုံးအရင်းလိုက် ကူးပြောင်း ဝင်ရောက်လာစေရန် ဖိတ်ခေါ်လိုက်သလို ဖြစ်သွားမှာကို စိုးရွံ့နေကြသည်။

“အမျိုးသား အကျိုးစီးပွားကြောင့် ဒီလိုလုပ်ရတာဖြစ်ပါတယ်။ ပြောင်းရွှေ့ ဝင်ရောက်လာသူတွေ အစုအပြုံလိုက် ရောက်လာတာကို အရေးမထားရင် ကျနော်တို့ပြည်သူတွေရဲ့ အခက်အခဲတွေကို ဖြေရှင်းတဲ့နေရာမှာ သက်ရောက်မှုတွေ ရှိနိုင်ပါတယ်” ဟု အင်ဒိုနီးရှား လူဝင်မှုကြီးကြပ်ရေး အရာရှိတဦးဖြစ် သည့် Yan Welly ကပြောသည်။

အင်ဒိုနီးရှားက လက်ခံထားသည့် လှေစီးဒုက္ခသည် အရေအတွက်မှာလည်း ၂၀၁၂ ခုနှစ်တွင် ၄၃၉ ဦး ရှိခဲ့ရာမှ ပြီးခဲ့သည့်နှစ်တွင် ၇၉၅ ဦး အထိရှိလာသည်။ ရောက်ရှိလာသည့် ကလေးငယ်များထဲမှ ၂၀ ရာခိုင်နှုန်းခန့်သည်  လူကြီးမပါဘဲ  မိမိဘာသာ တယောက်တည်း ရောက်လာသူများ ဖြစ်ကြောင်း ကုလသမဂ္ဂ၏ အချက်အလက်များအရ သိရသည်။

အချို့က တရားဝင်လမ်းကြောင်းကို လိုက်ကြသည်။ သူတို့ရောက်လာသည့်အချိန်တွင် ကုလသမဂ္ဂ အဖွဲ့ထံတွင် မှတ်ပုံတင် စာရင်းသွင်းပြီး အခြားနိုင်ငံတခုတွင် အခြေချ နေထိုင်ခွင့်ရဖို့ စောင့်ဆိုင်းကြသည်။ သို့သော်လည်း ပြီးခဲ့သည့်နှစ်အတွင်း အင်ဒိုနီးရှားမှ လှေစီးဒုက္ခသည် တယောက်မျှ နေရာချထားခြင်း မခံခဲ့ရပါ။

ယခင်က မှောင်ခိုသမားများကို ငွေပေးပြီး ဩစတြေးလျပိုင် ခရစ္စမတ်ကျွန်းသို့ အန္တရာယ်များသည့် သမုဒ္ဒရာခရီးကို ဖြတ်သန်းကာ သွားရောက်ခဲ့သူ များစွာရှိခဲ့သည်။ သို့သော်လည်း ဩစတြေးလျ နိုင်ငံက မကြာသေးမီ ကာလတခုမှစ၍ တင်းကျပ်စွာ ကိုင်တွယ်လာပြီး ပင်လယ်လမ်းမှ ရောက်ရှိလာသူတိုင်းကို ပါပူဝါနယူးဂီနီ သို့မဟုတ် ပစိဖိတ်ကျွန်းငယ် တခုဖြစ်သည့် နော်ရူးသို့ လွှဲပြောင်းပေးနေသည်။ ဩစတြေးလျနိုင်ငံ၏ မူဝါဒသစ်များထဲတွင် ခိုးဝင်လှေများကို အင်ဒိုနီးရှား ရေပိုင်နက်အတွင်းသို့ ပြန်လည် နှင်ထုတ်ရေးလည်း ပါဝင်သည်။ ထိုအတွက်လည်း ၂ နိုင်ငံ အစိုးရများ အခြေအတင် အငြင်းပွားနေရသည်။

မိုဟာမက်ဟူစိန်တို့ မောင်နှမ ၂ ယောက် လိုက်ပါလာသည့် လှေက အင်ဒိုနီးရှားနှင့် အနီးဆုံးနေရာသို့ ရောက်ရှိသွားခဲ့ခြင်းဖြစ်သည်။ ၁ လနီးပါးမျှ ကာလအတွင်း ပင်လယ်ပြင်တွင် မိုင်ထောင်ပေါင်းများစွာ ဖြတ်ကျော်ခဲ့ပြီးနောက် အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက် အာချေးကမ်းရိုးတန်းတွင် သူတို့ကို ကယ်တင်ခြင်းခံခဲ့ရသည်။ ဟောင်းနွမ်းပျက်စီးနေသည့် သူတို့၏လှေသည် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ နှောင်းပိုင်းတွင် ရောက်ရှိလာခဲ့ကြောင်း ကုလသမဂ္ဂနှင့် သတင်းဌာနများက အတည်ပြုခဲ့ကြသည်။ စက်မပါသည့်အတွက် ဆွဲယူလာရသည်ဟုလည်း သိရသည်။

သူတို့မောင်နှမနှစ်ဦးနှင့်အတူ ခိုလှုံခွင့်တောင်း ခံလာသူများအားလုံးမှာ လှေစီးဒုက္ခသည် ၁၀ဝ ကျော် အပါအဝင် လူ ၃၀ဝ ခန့်ရှိနေပြီး အားလုံးကို ညစ်ပတ်နေသည့် ထိန်းသိမ်းရေးစခန်းတခုသို့ လွှဲပြောင်းပေးလိုက်သည်။ နောက်များမကြာမီ ၂၀၁၃ ခုနှစ် ဧပြီလတွင် အင်ဒိုနီးရှားရေပိုင်နက်တွင် တရားမဝင် ငါးဖမ်းခြင်းအတွက် ထိန်းသိမ်းခံထားရသည့် မြန်မာ ၁၁ ဦးနှင့် ပဋိပက္ခဖြစ်ခဲ့သည်ဟု ရဲမှတ်တမ်းတခုတွင် ဖော်ပြထားသည်။ ယောကျၤားများက ကုလားထိုင် အကျိုးအပဲ့များဖြင့် ပစ်ပေါက်ကြသည်။ ပိန်းပိတ်နေသည့် အမှောင်ထဲမှာ ဒေါသအမျက်တွေကို သွန်ချကြသည်။ ဘယ်သူက ဘယ်သူနှင့် တိုက်ခိုက်နေသည်ကို မြင်နိုင်ဖို့ပင် မဖြစ်နိုင်ပါ။ ဗုဒ္ဒဘာသာဝင် မြန်မာငါးဖမ်းသမား ၈ ယောက် အရိုက်ခံရပြီး သေဆုံးခဲ့ရသည်။

ဆူပူအကြမ်းဖက်မှု ဖြစ်ပွားနေသည့် အချိန်တွင် ဆန်ဝါရာဘီဂန်းက အမျိုးသမီးများအတွက် သီးခြားထားသည့် အဆောင်တွင် အိပ်ပျော်နေခဲ့သည်။ သို့သော်လည်း နောက်တနေ့နံနက် သူအိပ်ရာမှ နိုးလာသည့်အချိန်တွင် အစ်ကိုဖြစ်သူကို မတွေ့ရတော့။ သူတယောက်တည်း ကျန်ခဲ့ပြီဖြစ်သည်။

လအနည်းငယ် ကြာမြင့်ခဲ့ပြီးနောက် တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည့် အခြားရိုဟင်ဂျာများနှင့်အတူ ဖမ်းဆီးခံခဲ့ရသော မိုဟာမက်ဟူစိန် အသက်အရွယ်ကြောင့် ပြစ်ဒဏ်မှလျှော့ပေးခံရကာ ပြန်လည်လွတ် မြောက်လာသည်။ မကြာမီ အလုပ်အကိုင်ရှာဖွေရန် အိမ်နီးချင်း မလေးရှားနိုင်ငံသို့ သူထွက်ခွာလာခဲ့သည်။

ထွက်ပြေးလာသည့် လှေစီးဒုက္ခသည်များအတွက် မလေးရှားနိုင်ငံသည် သဘောကျစရာ နေရာဖြစ်သည်။ တရားဝင် မှတ်ပုံတင်ထားသူ ၃၃၀ဝ၀ ဝန်းကျင်ရှိပြီး တရားမဝင် နေထိုင်သူကလည်း ထိုအရေအတွက်ခန့် ရှိသည်ဟု မလေးရှားနိုင်ငံမှ မွတ်စလင် အသိုင်းအဝိုင်း ကဆိုသည်။ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှု ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ပြီးနောက် ထိုအရေအတွက် ပိုမိုတိုး တက်လာခဲ့သည်ဟုလည်း ဆိုကြသည်။

သို့သော်လည်း တရားမဝင် ရောက်ရှိလာသူ အရေအတွက် တိုးလာသည့်နည်းတူ အုပ်စုလိုက်ဖမ်းဆီးပြီး ထိန်းသိမ်းရေး စခန်းများသို့ ပို့ဆောင်ခြင်းနှင့်လည်း ကြုံတွေ့ကြရသည်။ မလေးရှား တနိုင်ငံလုံး အတိုင်းအတာဖြင့် ပြုလုပ်ခဲ့သည့် ဖမ်းဆီးမှုတွင် လူ ၁၀ဝ၀ ခန့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်ဟု ဆိုသည်။

မလေးရှားနိုင်ငံသို့ ရောက်ရှိနေသူများသည် အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု သို့မဟုတ် ပညာသင်ကြားရေးကို ခံစားခွင့် မရှိကြပါ။ ကုလသမဂ္ဂနှင့် အကူအညီပေးရေး အဖွဲ့များ၏ ထောက်ပံ့မှုကိုသာ အဓိက မှီခိုနေကြရသည်။ သို့သော်လည်း ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၊ စက်ရုံများတွင် တရားမဝင် အလုပ်လုပ်ကိုင်ခွင့်ရရှိရန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းစရာ မလိုပါ။

မိုဟာမက်ဟူစိန်လည်း Alor Setar မြို့တွင် လမ်းများကို တံမြက်စည်း လှည်းရသည့်အလုပ် ရရှိခဲ့သည်။ တလလျှင် အမေရိကန်ဒေါ်လာ ၇၀ ခန့်ရသည်။ ယခုအချိန်၌ ကျဉ်းမြောင်းသည့် အိမ်ငယ်တလုံးတွင် အခြား လှေစီးဒုက္ခသည် ၁၇ ဦးနှင့်အတူ ကျပ်ကျပ်တည်းတည်း နေထိုင်လျက်ရှိသည်။  ပထမဆုံးအနေဖြင့် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်နိုင်ခြင်းဖြစ်သော်လည်း သူ၏ညီမဖြစ်သူကို ချန်ထားခဲ့ရသည့်အတွက် အပြစ်မကင်းသလို ခံစားနေရဆဲဖြစ်သည်။

ထိန်းသိမ်းရေးစခန်းတွင် ဆူပူအကြမ်းဖက်မှု ဖြစ်ပွားပြီး များမကြာမီတွင် ခိုလှုံနေထိုင်ခွင့် တောင်းခံသူအဖြစ် ဆန်ဝါရာဘီဂန်း စာရင်းသွင်းခံခဲ့ရသည်။ Madam ရှိ ကုလသမဂ္ဂ၏ ယာယီအိမ်ရာစခန်းသို့ ပြောင်းရွှေ့ခဲ့ရသည်။ ကွန်ကရိဖြင့် ဆောက်လုပ်ထားသည့် အခန်းငယ်လေးများ၏ ရှေ့တွင် ကစားဖို့အတွက် နေရာကျယ်ကျယ် တခုလည်းရှိသည်။ ဆန်ဝါရာဘီဂန်း၏ မိဘများကို ငယ်စဉ်ကတည်းက သိခဲ့သည့် မွတ်စလင် အမျိုးသမီးတဦးက သူ့ကိုစောင့်ရှောက်ထားသည်။ သူ၏ မိဘအသစ်များကြောင့် ပျော်ရွှင်ရသော်လည်း သူ၏အစ်ကိုဖြစ်သူက ထားခဲ့သည့်အတွက် ဒေါသထွက်ပြီး နာကျင်ရဆဲဖြစ်သည်။ များသောအားဖြင့် သူ့နှလုံးသားက မြန်မာပြည်ကအိမ်ကို သတိရနေသည်။

ဆန်ဝါရာဘီဂန်း မိဘများသည် သူတို့ရွာ မီးလောင်ပြီး ၈ လ ကြာသည်အထိ ကလေး ၂ ယောက် အသက်ချမ်းသာရာ ရခဲ့ကြောင်း မသိခဲ့ကြ။ ကြောက်ရွံ့စရာကောင်းသည့် ထိုညတွင် အကြမ်းဖက်သူများက ပုလင်းများကိုမီးရှို့ပြီး ဗလီထဲသို့ ပစ်သွင်းခဲ့ကြသည်။ သွေးပျက်ထိတ်လန့်နေသည့် မွတ်စလင်များ အပြင်သို့ အတင်းပြေးထွက်သည့် အချိန်တွင် ပုလင်းကွဲများက ဖိနပ်မပါသည့် ခြေထောက်များကိုစူးဝင်ပြီး သွေးတွေစီးထွက်လာစေသည်။

ဆန်ဝါရာဘီဂန်း၏ မိခင် အနိုဝါဘီဂန်းနှင့် ဖခင်ဖြစ်သူ မိုဟာမတ်အီဒရစ်တို့က ကလေး ၂ ယောက်နှင့်အတူ ရေကန်တခုအတွင်း ထွက်ပြေးကြသည်။ ရင်ခေါင်းလောက်နက်ပြီး ရွှံ့နွံထူထပ်သည့် ရေထဲတွင် ဝါးလုံးများ၏ အကူအညီဖြင့် ဖြတ်ကြသည်။ နောက်ပိုင်းတွင် သူတို့၏ ကလေး ၉ ယောက်ထဲမှ နောက် ၅ ယောက်ကို ပြန်လည်ရှာဖွေ တွေ့ရှိခဲ့ သည်။ ဆန်ဝါရာဘီဂန်းနှင့် မိုဟာမက်ဟူစိန်တို့သာ ပျောက်ဆုံးနေခဲ့ပြီး လူတိုင်းက သူတို့သေဆုံးသွားပြီ ဟု ထင်မှတ်ထားခဲ့ကြသည်။

တနေရာမှ တနေရာသို့ ပြောင်းရွှေ့ခဲ့ပြီး နောက်ဆုံးတွင် ထောင်ပေါင်းများစွာသော အခြား အိုးအိမ်မဲ့များနှင့်အတူ ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေမြို့အပြင်ဘက်က ဒုက္ခသည်စခန်းသို့ အနိုဝါဘီဂန်းနှင့် မိုဟာမတ်အီဒရစ်တို့ ရောက်ရှိလာကြသည်။ အင်ဒိုနီးရှားနိုင်ငံမှ အမည်မသိသူတယောက်က ဖုန်းဆက်လာသည့် အချိန်ထိ ဆန်ဝါရာဘီဂန်းနှင့် မိုဟာမက်ဟူစိန်တို့အတွက် မျှော်လင့်ချက်ကို သူတို့ လက်လျှော့ထားလိုက်ကြပြီး ဖြစ်သည်။

ကွဲကွာသွားပြီး ၂၂ လ ကြာမြင့်ခဲ့သည့် ယနေ့အချိန်တွင် ခေတ်မီတိုးတက်လာသည့် နည်းပညာများကြောင့် နိုင်ငံ ၃ နိုင်ငံတွင် ကွဲပြားရောက်ရှိနေသည့် သူတို့မိသားစု ပြန်လည် အဆက်အသွယ်ရခဲ့ပြီ ဖြစ်သည်။

မလေးရှားနိုင်ငံမှ မိုဟာမက်ဟူစိန်က အင်ဒိုနီးရှားနိုင်ငံမှ ဆန်ဝါရာဘီဂန်း ဘောလုံးကစားနေသည်ကို ရိုက်ကူးထားသည့် ဗွီဒီယိုကိုကြည့်နေစဉ် အခန်း ၂ ခန်းသာပါသည့် အိမ်လေး၏ ကြမ်းပြင်ပေါ်မှာ ထိုင်နေသည့် လူငယ် ၂ ယောက်က စကားပြောရင်း ပန်းကန်ထဲမှဟင်းကို ပြောင်စင်အောင် ခြစ်ပြီးစားနေသည်။ မိုဟာမက်ဟူစိန်ကတော့ ကွန်ပျူတာမှန်ပြင်ပေါ်မှ ကလေးမထံမှ မျက်နှာမလွှဲနိုင်ဘဲ ငြိမ်သက်နေသည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းထဲရှိ လက်ပ်တော့ ကွန်ပျူတာတလုံးသို့ Skype ဗီဒီယိုဖုန်း ခေါ်ဆိုမှုတခု ဝင်လာသည်။ စခန်းအတွင်းမှာရှိနေသည့် အနိုဝါဘီဂန်းက သူ၏သမီးကိုကြည့်ရင်း ခေါင်းစည်းပဝါထဲတွင် ရှိုက်ငိုသည်။ အင်ဒိုနီးရှားနိုင်ငံမှ ဆန်ဝါရာဘီဂန်းကလည်း မျက်ရည်တွေကို သုတ်ပစ်နေသည်။

သူ အိမ်ကနေ ထွက်သွားသည်မှာ မွေးနေ့ ၂ ခု ကျော်လွန်ခဲ့ပြီဖြစ်သည်။ အဆင်ပြေသလားဟု မေးသည့် သူ့ဖခင် မိုဟာမတ်အီဒရစ်၏ ရာသီဥတု ဒဏ်များခံထားရသည့် မျက်နှာက တုန်ရီနေ၏။ နေကောင်းလား၊ ကျောင်းမှာ ဘာတွေလုပ်ရလဲ၊ အစားအသောက် ဝဝလင်လင် စားရရဲ့လား အစရှိသဖြင့် မိဘတိုင်း သိချင်ကြသည့်၊ မေးချင်ကြသည့် မေးခွန်းတွေ ဆန်ဝါရာဘီဂန်းကို သူတို့မေးကြသည်။

“သမီးကို ကျန်းကျန်းမာမာနဲ့ အခုလိုမြင်ရတာ တကယ်ကို ကောင်းတယ်” ဟု မိုဟာမတ်အီဒရစ်က ဒူးပေါ်တင်ထားသည့် ကလေးငယ်ကို နေရာပြင်ရင်း ပြောလိုက်သည်။

ဆန်ဝါရာဘီဂန်းနှင့် ရုပ်ချင်းတူသည့် ညီမငယ် က ရယ်စရာတွေ စပြီးလုပ်ပြသည့်အခါ မိသားစုအားလုံး ရယ်မောကြသည်။ သူတို့ခံစားနေရသည့် ဝမ်းနည်းကြေကွဲမှုတွေ မိနစ်အနည်းငယ်မျှ ပျောက်ကွယ်သွားရသည်။

“ကျမ အဆင်ပြေပါတယ်။ ကျမကို ကောင်းကောင်းဂရုစိုက်တဲ့ မိသားစုနဲ့အတူတူ နေနေတာပါ။ သူတို့က ကျမကိုချစ်ပါတယ်။ ကျမ အခု အင်္ဂလိပ်စာနဲ့ ဘာသာရေး စာပေတွေ သင်နေပါတယ်” ဟု ဆန်ဝါရာဘီဂန်းက ပျော်ရွှင်ကျေနပ်နေသည့် အသံမျိုးဖြစ်အောင် ကြိုးစား၍ ပြောလိုက်သည်။

ဖခင်ဖြစ်သူက မိန်းမကောင်းတယောက် ဖြစ်အောင်နေဖို့ သမီးကိုသတိပေးသည်။ တကွဲတပြား ဖြစ်နေသည့် သူ၏ သားသမီးများနှင့် နောက်တကြိမ် ထပ်တွေ့နိုင်ဖို့မဖြစ်နိုင်။ သို့သော်လည်း ခုလိုအဝေးမှာ ရှိနေတာက သူတို့တွေအတွက် ပိုကောင်းသည်ဟု မိုဟာမတ်အီဒရစ်က ယုံကြည်ထားသည်။ သူတို့ မိသားစု၏ ဝမ်းရေးအတွက် အခက်အခဲတွေ့တတ်သလို ဆေးကုသရေးအတွက်လည်း ပိုက်ဆံမရှိ။

နှုတ်ဆက်စကားပြောဖို့ အချိန်ရောက်လာသည့်အခါ မှန်ပြင်ပေါ်က မျက်နှာတွေ ပျောက်ကွယ်သွား သည့်အချိန်အထိ ဆန်ဝါရာဘီဂန်း ငေးစိုက်ကြည့်နေသည်။ သူတို့၏ရွာလေး မီးလောင်သွားရသည့် အကြောင်းနှင့် ဘာကြောင့် အိမ်ကနေ အတင်းထွက်ပြေးဖို့ ဖြစ်လာရသည်ကို ယခုအချိန်အထိ သူနားမလည်ပါ။ သူသိသည်မှာ တခုပဲရှိသည်။

“ကျမရဲ့မိဘတွေနဲ့ ပြန်တွေ့နိုင်လိမ့်မယ်လို့ မထင်ဘူး၊ ကျမ ဘဝတလျှောက်လုံးပေါ့” ဟု သူက တိုးတိုးလေး ပြောလိုက်သည်။

(The Associated Press အေပီ သတင်းထောက်များဖြစ်သော Margie Mason နှင့် Robin McDowell တို့ရေးသားသော  Desperate Rohingya Kids Flee Alone by Boat သတင်း ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading