မြန်မာပြည်သူတွေဟာ တခါတရံမှာ အမှန်နဲ့ အမှားကို ခွဲခြားပြောမပြနိုင်အောင်ကို ရှုပ်ထွေးတဲ့ လူ့အသိုင်းအဝိုင်းမှာ နေနေရသူတွေ ဖြစ်ပါတယ်။ ကျနော်တို့တွေဟာ မုသားတွေနဲ့ အသားကျနေပြီဖြစ်လို့ ဘာကိုယုံကြည်ရမယ် ဆိုတာကိုလည်း မသိတော့ပါဘူး။ တခြားနိုင်ငံက ပြည်သူတွေလည်း ဒီလိုမျိုး တခါတလေ ခံစားကောင်း ခံစားရနိုင်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံကတော့ မုသားတွေ လွှမ်းနေတဲ့ အသိုက်အဝန်း တခုအဖြစ် လုံးဝနီးပါးကို ထိတွေ့ခံစားနိုင်တဲ့ နေရာတခု ဖြစ်နေပါတယ်။
တကယ်ကို စိတ်အနှောင့်အယှက် ဖြစ်စရာ တခုကတော့ တခါတရံမှာ ကျနော်တို့ဟာ ဒီမုသားတွေထဲမှာ ပါဝင်ပတ်သက် နေရခြင်းကနေ ရုန်းမထွက်နိုင်သလို ဖြစ်နေတာပါပဲ။ မှားနေတာကိုသိရက်နဲ့ လက်ခံမိလိုက်ရင်၊ အဲဒီအမှားကို မဆန့်ကျင်ခဲ့ဘူးဆိုရင် ကျနော်တို့ဟာ ကိုယ်တိုင်သာမက သူများတွေကိုပါ အန္တရာယ်ရှိတဲ့ လှည့်စားမှုနဲ့ ပိတ်လှောင်ထား လိုက်တာသာ ဖြစ်ပါတယ်။
အဲဒီလိုဖြစ်စဉ်အတွက် ဥပမာကောင်းတခုက တော့ ၁၉၆၂ ခုနှစ်မှာ နိုင်ငံ့အာဏာကို သိမ်းယူလိုက်ပြီးတဲ့နောက် ဗိုလ်ချုပ်ကြီး နေဝင်းက “မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်” ကို စတင်လာတဲ့ အချိန်ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ဆိုရှယ်လစ်ဝါဒက ကမ္ဘာ့နေရာ အတော်များများမှာ ရေပန်းစားတဲ့ ဝါဒသဘောတရား တခုဖြစ်နေတော့ သူ့ရဲ့ စစ်အာဏာရှင်စနစ်ကို အများလက်ခံစေအောင်ဆိုပြီး ဗိုလ်ချုပ်ကြီး နေဝင်းက ဆိုရှယ်လစ်ဝါဒကိုပဲ ကျင့်သုံးလိုက်တာပါ။ သူ့ရဲ့ ကိုးရိုးကားရားနိုင်တဲ့ အုပ်ချုပ်ရေး အလွဲကြီးကို မြန်မာနိုင်ငံကို ဆိုရှယ်လစ် နိုင်ငံတခုအဖြစ် ပြောင်းလဲနိုင်ဖို့ အရေးပါတဲ့ အားထုတ်မှုတခုဆိုပြီး တကယ့် ဆိုရှယ်လစ်သမား စစ်စစ်တွေကိုတောင် လှည့်စားခဲ့ပါတယ်။ (အဲဒီလူတွေကိုယ်တိုင် ဦးနေဝင်း လုပ်တာကို အဟုတ်ထင်တာလည်း ပါနိုင်ပါတယ်။)
၁၉၈၈ ခုနှစ်မှ ဗိုလ်ချုပ်ကြီးနေဝင်း အာဏာစွန့်သွားပြီး နောက်မှာလည်း သူလက်ရွေးစင် ရွေးချယ်ခဲ့တဲ့ စစ်ဗိုလ်ချုပ်တစုက မြန်မြန်ဆန်ဆန်ပဲ သူ့ခြေရာကို နင်းနိုင်ခဲ့ပါတယ်။ စစ်အစိုးရသစ်က ရက်စက်တဲ့ ဖိနှိပ်မှုနဲ့ မျက်နှာပြောင်တိုက် လှည့်ဖြားမှုတွေကို ပေါင်းစပ်ထားတဲ့နည်းနဲ့ တိုင်းပြည်ကို ဆက်လက် အုပ်စိုးခဲ့ပါတယ်။ အရပ်သားပြည်သူတွေကို သတ်ဖြတ်တဲ့ စစ်ဘက်အရာရှိတွေက သူရဲကောင်းလို့ အခေါ်ခံရပြီး အစိုးရကို ဆန့်ကျင်သူတွေကတော့ သောင်းကျန်းသူတွေလို့ တံဆိပ်ကပ်ပြီး ထောင်ထဲရောက်ခဲ့ကြပါတယ်။
သူတို့တတွေ အဲဒီလိုလုပ်တာ၊ ပြောတာကို လူတိုင်းကမယုံပါဘူး။ ၁၉၈၈ ခုနှစ် နောက်ပိုင်း စစ်အစိုးရနဲ့ ပတ်သက်ပြီး အကောင်းပြောစရာ အနည်းငယ်ထဲက တခုကတော့ သူတို့က လိမ်စရာရှိရင် ဗြောင်ကိုလိမ်ပါတယ်။ သူတို့ရဲ့ မုသားတွေဟာ အရမ်းကို သိသာလွန်းတဲ့အတွက် ပြည်သူတွေက စစ်အစိုးရ လိမ်နေတယ်ဆိုတာကို ချက်ချင်းသိပါတယ်။ ဒါပေမယ့် စစ်ဗိုလ်ချုပ်တွေက သူတို့ကိုယ် သူတို့ တိုင်းပြည်ရဲ့ ကယ်တင်ရှင်တွေလို့ သမိုင်းဝင်ချင်ပါတယ်။ ဖမ်းဆီးထောင်ချခံရမှာ၊ အဖြစ်ဆိုးနဲ့ ကြုံတွေ့ရမှာကို ရှောင်ရှားချင်တဲ့ ပြည်သူအများစုကတော့ စစ်အစိုးရ အဲဒီလိုပြောတာကို ဝေဖန်ငြင်းဆန်တာတွေ လုပ်မနေဘဲ နှုတ်ဆိတ်နေခဲ့ကြပါတယ်။
အခုအချိန်မှာတော့ အခြေအနေက ပိုပြီးရှုပ် ထွေးလာပါပြီ။ ဒီမိုကရေစီ လိုချင်တဲ့အကြောင်း လူတိုင်းက အတိအလင်း ထုတ်ပြောနေကြပါတယ်။ ဒီမိုကရေစီကို ရာစုနှစ်တဝက်လောက် အချိန်ယူပြီး ဖိနှိပ်ဖျက်ဆီးခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေကတောင် ဒီမိုကရေစီ လိုချင်ပါတယ်လို့ ပြောလာပါပြီ။ ဥပမာပြရရင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်မှန်ပြီး စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီမျိုးကို သူလိုချင်တဲ့အကြောင်း RFA ကိုပြောခဲ့ပါတယ်။ ဒါပေမယ့် ဆယ်စုနှစ်ပေါင်းများစွာ ဒီမိုကရေစီ ရရှိဖို့ တိုက်ပွဲဝင်ခဲ့သူတွေနဲ့ ဘဝတလျှောက်လုံးမှာ အခြေခံအကျဆုံး အခွင့်အရေးတွေကိုတောင် မရခဲ့တဲ့ သန်းပေါင်းများစွာသော မြန်မာပြည်သူတွေအတွက် ဒီမိုကရေစီဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဒီမိုကရေစီဆိုတာ တူညီရဲ့လားဆိုတာ အများက သိချင်ကြမှာ အမှန်ပဲဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအရ တိုင်းပြည်ဟာ အသစ်ပြန်လည်မွေးဖွားခဲ့ပြီလို့ ပြောလို့ရနိုင်တဲ့ အနေအထားမျိုးပါ။ ခေါင်းဆောင်တွေကလည်း သူတို့လျှောက်ရမယ့်လမ်းကို ထင်ထင်ရှားရှား သိ မြင်ခဲ့ပြီဖြစ်သလို ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ စတင်ဖို့လဲ ရည်ရွယ်ချိန်လည်း ဖြစ်ပါတယ်။ စစ်ဗိုလ်ချုပ် ဟောင်းတွေ ဦးဆောင်တဲ့ အရပ်သားအစိုးရ အာဏာရရှိခဲ့တဲ့ ၂၀၁၁ ခုနှစ်ကစလို့ အပြောင်းအလဲတွေ ရှိခဲ့တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် သူတို့ဟာ တိုင်းပြည်ကို တိုးတက်မယ့် လမ်းကြောင်းမှန်ဆီ တကယ်ခေါ်ဆောင်သွားမှာ သေချာရဲ့လားဆိုတဲ့ အချက်က မေးခွန်းထုတ်စရာပါ။
အမှန်ကိုပြောရရင် လက်ရှိ မြန်မာနိုင်ငံက အသွင်ကူးပြောင်းရေးဟာ မုသားအုတ်မြစ်ပေါ်မှာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဆိုးရွားကြမ်းတမ်းတဲ့ အခြေအနေ တခုကနေ လွတ်မြောက်ဖို့ ဒီနည်းတလမ်းသာ ရှိတယ်ဆိုတဲ့ မုသားတွေနဲ့ ပြည်သူတွေကို အတင်းအကျပ် လက်ခံခိုင်းပြီး တည်ဆောက် ထားတဲ့ အုတ်မြစ်ပါ။
ဒီမုသားတွေထဲက ပထမဆုံးတခုက မြန်မာနိုင်ငံမှာ သမိုင်းတလျှောက် အဆိုးဝါးဆုံး ကြုံတွေ့ခဲ့ရတဲ့ သဘာဝဘေးအန္တရယ်နဲ့ တွေ့ကြုံခဲ့ရပြီး တပတ်အကြာမှာ ထွက်ပေါ်လာခဲ့ပါတယ်။ ၂၀ဝ၈ ခုနှစ်၊ မေလ ၁၀ ရက်နေ့မှာ ပြုလုပ်တဲ့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲမှာ နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြောင့် ထိခိုက်ခံစားနေရတဲ့ နိုင်ငံက ပြည်သူတွေဟာ နိုင်ငံရေးမှာ စစ်တပ်ရဲ့ ဦးဆောင်မှုအခန်းကဏ္ဍကို ရှေ့တန်းတင်ထားတဲ့၊ စစ်တပ်က ရေးဆွဲထားတဲ့ အခြေခံဥပဒေကို တခဲနက် ထောက်ခံမဲပေးခဲ့ကြတယ်လို့ အစိုးရက လိမ်ညာခဲ့ပါတယ်။
အဲဒီနောက် ၂၀၁၀ ခုနှစ် နိုဝင်ဘာလမှာ ပြည်သူတွေမဲပေးရပြန်ပါတယ်။ ဒီတခါတော့ အစိုးရ သစ်တခု ရွေးချယ်ဖို့ဖြစ်ပါတယ်။ စစ်တပ်က ကျောထောက်နောက်ခံပေးထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) က အပြတ်အသတ် အနိုင်ရရှိသွားတာ အံ့အားသင့်စရာတခု မဟုတ်တော့ပါဘူး။
အဲဒီအချိန်မှာတော့ အမှန်တကယ် ပြောင်းလဲခဲ့ပြီလို့ ယုံကြည်နိုင်ဖို့ အကြောင်းပြချက်တွေ ဘယ်သူ့ဆီမှာမှ မရှိပါဘူး။ ဒါပေမယ့် နောက်နှစ်ထဲမှာ ဦးသိန်းစိန် သမ္မတဖြစ်လာပြီးတဲ့ နောက်မှာတော့ သူဟာ ကွဲပြားတဲ့ ခေါင်းဆောင်သစ်တဦး ဖြစ်ပါတယ်၊ ဆိုးရွားကြမ်းတမ်းတဲ့ စစ်အစိုးရ ခေတ်ကာလကို အမှန်တကယ် ကျော်လွန်ခဲ့ပါပြီ ဆိုတာကို ရည်ညွှန်းတဲ့ အရိပ်နိမိတ်တွေ ပြသခဲ့ပါတယ်။ သူက နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးတယ်။ မီဒီယာတွေကို ထိန်းချုပ်ထားတာတွေကို ဖြေလျှော့ပေးပါတယ်။
နောက်ဆုံးတော့ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တောင်မှ သမ္မတရဲ့ ရိုးသားမှုကိုယုံကြည်ပြီး စစ်တပ်နဲ့ ကြံ့ခိုင်ရေးပါတီက လွှမ်းမိုးထားတဲ့ လွှတ်တော်မှာ သူ့ရဲ့ပါတီက လက်တဆုပ်စာ နေရာလောက်ပဲ ရနိုင်မှာ ဖြစ်ပေမယ့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
၂ နှစ်နီးပါး ကြာခဲ့ပြီဖြစ်တဲ့ အခုအချိန်မှာတော့ အရင်တရားမဝင် စစ်အစိုးရရဲ့ အဆွယ်အပွားတခုထက် မပိုဘူးလို့ သိနေတဲ့ နိုင်ငံရေး စနစ်တခုကို မကြည်မသာနဲ့ လက်ခံထားရတဲ့ အနေအထားမျိုးကို ကျနော်တို့ရောက်ရှိနေတာကို တွေ့ရပါတယ်။ အစိုးရပိုင် မီဒီယာတွေကို (အမည်ခံ ) ပြည့်သူ့ဝန်ဆောင်မှု လုပ်မယ်ဆိုတဲ့ ပြန်ကြားရေးရဲ့ အစီအစဉ်တွေကို တချိန်တုန်းက မီဒီယာလွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်ခဲ့တဲ့ စာနယ်ဇင်းသမားတွေကိုယ်တိုင် သဘောတူ ကျေနပ်နေတာ တွေ့ရပါတယ်။
အခြေခံ ဥပဒေအရ ပြောင်းလဲရေး ကိစ္စမှာလည်း ၂၀ဝ၈ ခုနှစ် အခြေခံဥပဒေဟာ တကယ်ရော တရားဝင်ဖြစ်ရဲ့လား ဆိုတာကို ကျနော်တို့ မေးခွန်းမထုတ် ကြတော့ပါဘူး။ ဒီလိုလုပ်မယ့်အစား ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံခြားမှာ မွေးဖွားတဲ့ သား ၂ ယောက်ရှိနေလို့ သမ္မတဖြစ်ရေးမှာ အတားအဆီးဖြစ်နေတဲ့ ပြဋ္ဌာန်းချက်တွေကို ပြင်ဆင်ပေးဖို့ တောင်းဆိုတာမျိုးပဲ လုပ်နေကြပါတယ်။
အစိုးရထဲက အချို့ကတော့ အခြေခံဥပဒေ ပြင်ဆင်ရေး တောင်းဆိုမှုတွေကို စာနာမှုနဲ့ နား ထောင်ပေးခဲ့ကြပါတယ်။ ဒါပေမယ့် အခုအချိန်အထိ ပြုပြင်ပြောင်းလဲရေးအတွက် လိုအပ်တာတွေကို ဘယ်သူမှလုပ်နေတာ မတွေ့ရပါဘူး။ အပြောသက်သက်ထက် ပိုလုပ်ကြဖို့ ဆန္ဒရှိပုံ မရှိကြပါဘူး။ အဲဒီအချိန်မှာ ဖွဲ့စည်းပုံပြင်ဆင်ဖို့ အားထုတ်မှု မှန်သမျှဟာ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာစေလိမ့်မယ်လို့ အာဏာရ ကြံ့ခိုင်ရေးပါတီက သတိပေးလိုက်ပါတယ်။ လိုရင်းကတော့ အားလုံးသိတဲ့အတိုင်းပါဘဲ အကြောင်းမလှရင် စစ်တပ်အုပ်ချုပ်မှုအောက်ကို ပြန်ရောက်သွားနိုင်တဲ့ဆိုတဲ့ သဘောပေါ့။
ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ရရှိခဲ့တဲ့ အတော်အသင့် ပြောင်းလဲမှုတွေ ပြောင်းပြန်ဖြစ်သွားမှာ ကျနော်တို့က စိုးရိမ်လို့ နိုင်ငံရေးစနစ် ပြောင်းလဲရေးမှာ အဓိပ္ပာယ်ပြည့်ဝတဲ့ ပြောင်းလဲမှုတွေ ပိုလုပ်ဖို့ ကျနော်တို့အနေနဲ့ ရဲရဲတင်းတင်း မတောင်းဆိုရဲကြဘူး။ သူတို့ရဲ့ စိုးရိမ်အားငယ်မှုကို ဖုံးကွယ်ဖို့အတွက် ပညာတတ် အချို့ကတော့ သဘောထားတင်းမာသူတွေရဲ့လက်ထဲကို တိုင်းပြည်ပြန်ရောက်မသွားဖို့အတွက် အကောင်းဆုံးနည်းလမ်းက စစ်ဗိုလ်ချုပ်ဟောင်းတွေထဲက အလယ်အလတ် သဘောထားရှိသူလို့ ယူဆရ သူတွေလက်ထဲ အာဏာရှိနေရေးပဲဖြစ်တယ်၊ ဒါကြောင့် လက်ရှိအနေအထားကို လက်ခံသင့်ကြောင်း ရှင်းပြဖို့ အားထုတ်ခဲ့ကြပါတယ်။
သူတို့အနေနဲ့ ဘာကြောင့် အဲဒီလို ထူးထူးဆန်းဆန်း အယူအဆကို ပြောရတယ်ဆိုတာ ကျနော်တို့ မသိပါဘူး။ ကျနော်တို့ပြောနိုင်တာ တခုကတော့ ဒါက ရာစုနှစ်ဝက်ကြာခဲ့တဲ့ စစ်အုပ်ချုပ်ရေးရဲ့ ထွက်ကုန်တခု ဖြစ်တန် ကောင်းပါတယ်။ ဗဟိုထိန်းချုပ်မှု မရှိတဲ့ နိုင်ငံရေးစနစ်ကို မယုံကြည်နိုင်တာဟာ ရာစုနှစ်ဝက် ကြာခဲ့တဲ့ စစ်အုပ်ချုပ်ရေးကြောင့် ကျန်ရစ်တဲ့ စိတ်ဒဏ်ရာတွေသာဖြစ်ပါတယ်။
ဒါပေမယ့် မြန်မာပြည်သူတွေက ဒီလိုအားနည်းတဲ့ တွေးခေါ်မှုမျိုးက သူတို့ကိုလွှမ်းမိုးတာကို လက်ခံ နိုင်ကြမှာမဟုတ်ပါဘူး။ ဒါက သတ္တိကြောင်တာကို ဖုံးကွယ်ခြင်းထက် မပိုပါဘူး။ စိတ်ထဲအရှိအတိုင်း ပြောရင် ရာဇဝတ်မှုမြောက်တဲ့ အခြေအနေမှာ အကြာကြီးရှိခဲ့တဲ့ နိုင်ငံတခုမှာ စိတ်ထဲရှိတာကို ပြောဖို့မလွယ်တာကို ကျနော်တို့ ဘာလိုချင်တယ်ဆိုတာ ကျနော်တို့ သိပါတယ်။ ဒီမိုကရေစီကျတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ၊ ပြည်သူက အမှန်တကယ် ရွေးကောက်တင် မြှောက်လိုက်တဲ့ အစိုးရ စတာတွေ ဖြစ်ပါတယ်။ ကျနော်တို့မသိတာကတော့ ဒါတွေရရှိလာဖို့ ဘယ်လိုဘယ်နည်းနဲ့ လုပ်ရမလဲ ဆိုတာကိုပါပဲ။ ပြီးတော့ ကျနော်တို့တွေ အမြဲလုပ်ခဲ့သလိုပဲ လုပ်ဖို့သွေးဆောင် ခံရမယ်လို့လည်း ကိုယ့်ကိုယ်ကိုယ် သံသယရှိနေကြရတယ်။ မုသားတွေကို အမှန်တရားလို့ လက်ခံမယ်။ တခြားနိုင်ငံတွေမှာ မွေးရာပါဖြစ်တဲ့ လွတ်လပ်ခွင့်ကို ကျနော်တို့ တနေ့မှာရရှိမယ်လို့ ရိုးရိုးစင်းစင်း မျှော်လင့်ကြမယ်။
တကယ်လို့ အဲဒါက ကျနော်တို့ ရွေးချယ်လိုက်တဲ့ လမ်းကြောင်း ဖြစ်မယ်ဆိုရင် ကိုယ်လိုချင်တဲ့ အစိုးရ မရင်လည်း အနည်းဆုံးတော့ ကိုယ်နဲ့ထိုက်တန်တဲ့ အစိုးရတော့ ရမှာပဲဆိုတဲ့ အတွေးနဲ့ ထာဝရ နှစ်သိမ့်နိုင်ကြရုံပဲ ရှိပါတယ်။