သတင်း

အမြဲတမ်း နေထိုင်ခွင့် (PR) စနစ် ငါးနှစ် သက်တမ်းဖြင့် စတင် ခွင့်ပြုရန် စီစဉ်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

နိုင်ငံခြားသားများ မြန်မာနိုင်ငံတွင် အမြဲတမ်း နေထိုင်ခွင့် (Permanent Resident /PR) စနစ်ကို ငါးနှစ် သက်တမ်းဖြင့် စတင် ခွင့်ပြုမည် ဖြစ်ပြီး လာမည့် အောက်တိုဘာ မတိုင်မီ အကောင်အထည်ဖော် စီစဉ်သွားမည်ဟု သိရသည်။

“PR စနစ်ကို နောက်ထပ် ၄ လ အတွင်းမှာ ခွင့်ပြုသွားမယ်၊ အောက်တိုဘာလထက် နောက်မကျစေဘူး။ ကနဦး နေထိုင်ခွင့် ကို ၅ နှစ် သက်တမ်းနဲ့ စတင် နေထိုင်ခွင့်ပြုသွားမယ်” ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ဧရာဝတီ ကို ပြောသည်။

PR စနစ်အရ ကနဦးကာလ နေထိုင်ခွင့်ကို ၅ နှစ် နေထိုင်ခွင့် ပြုမည်ဖြစ်ကြောင်း၊ ၅ နှစ်ပြည့်ပါက ဆက်လက် သက်တမ်း တိုးပေး မည် ဖြစ်ပြီး နေထိုင်ခွင့်ပြု ခေါ်ယူရာတွင် ဝန်ကြီး ဌာနပိုင် ဝက်ဘ်ဆိုက်မှ တရားဝင် ခေါ်ယူမည် ဖြစ်သည်ဟု ၎င်းက ဆက်ပြော သည်။

ယင်းသို့ ခေါ်ယူရာတွင် တိုင်းပြည် လိုအပ်ချက် ပေါ်လိုက်ပြီး ခေါ်ယူရန် ရှိကြောင်း၊ ခေါ်ယူမှုကို လိုက်ပြီး နေထိုင်လိုသူက လျှောက် ထားရမည် ဖြစ်ကြောင်းလည်း ဆိုသည်။

“အသေးစိတ်တော့ မပြောနိုင်သေးဘူး။ ခေါ်တာမှာ တိုင်းပြည် လိုအပ်ချက်ကို ကြည့်ခေါ်မယ်။ စီးပွားရေးဆိုလည်း ဒီလိုပဲ။ ကဏ္ဍအလိုက် ခြုံမိအောင်တော့ သေချာဖြန့် ခေါ်မှာပါ။ နိုင်ငံသားဟောင်းတွေ အတွက်လည်း ခေါ်တဲ့ ပုံစံ တခုကို တင်ထားပေးမှာပါ။ ပုံစံ ၄ ခုအတွက် လိုက်နာရမယ့် အချက်တွေနဲ့ ခေါ်ယူမှာပါ။ နိုင်ငံတကာ ပုံစံအတိုင်း ခေါ်မှာပါ”ဟု ဝန်ကြီး ဦးခင်ရီက ဆက်ပြောသည်။

PR စနစ် ရေးဆွဲရေး အတွက် အာဆီယံနိုင်ငံများနှင့် ဥရောပနိုင်ငံ တချို့တွင် ကျင့်သုံးနေသည်များကို လေ့လာ ရေးဆွဲခြင်း ဖြစ်ကြောင်း၊ နိုင်ငံခြားသား အမြဲတမ်း နေထိုင်ခွင့်ကို ပုံစံ ၄ ခုဖြင့် လက်ခံမည် ဖြစ်ကြောင်း သိရသည်။

အသေးစိတ် လိုက်နာရမည့် အချက်များကိုရေးဆွဲပြီး ဖြစ်သော်လည်း ညှိနှိုင်းရန် ကျန်ရှိနေသေးသည့်အတွက် ထုတ်ဖော် ပြောကြား နိုင်ခြင်းမရှိသေးကြောင်းလည်း ဦးခင်ရီ က ငြင်းဆိုသည်။

ဝန်ကြီး ဦးခင်ရီက“အသေးစိတ်ကိုတော့ ကျနော်တို့ မပြောသေးတာက ညှိုနှိုင်းဖို့ ကျန်လို့ပါ။ လွဲကုန်မှာ စိုးတယ်။ သူတို့ အဓိက လိုက်နာရမှာတော့ ဒီနိုင်ငံမှာ အစိုးရဝန်ထမ်း လုပ်ခွင့် မရှိဘူး။ နောက် ပါတီထောင်ခွင့် မရှိဘူး။ ဒါတွေက အဓိက ကန့်သတ်ထားပါတယ်။ ကျန်တာကတော့ အသေးစိတ် နီးခါမှ ထုတ်ပြန်ပါမယ်”ဟု ပြောသည်။

လက်ရှိတွင် PR စနစ် အကောင်အထည် ဖော်နိုင်ရေး အတွက် ဒုသမ္မတ ဦးဉာဏ်ထွန်း ခေါင်းဆောင်သည့် ဝန်ကြီး ၁၁ ဦး ပါဝင်သော အဖွဲ့မှ ကြပ်မတ် ဆောင်ရွက်နေကြောင်း၊ ယင်းဥပဒေ အပြင် နည်းဥပဒေကိုပါ တွဲလျက် ထုတ်ပြန်မည် ဖြစ်ကြောင်း သိရ သည်။

“ဥပဒေကိုတော့ သမ္မတ၊ လွှတ်တော်အားလုံး လက်ခံသွားပြီ။ နည်းဥပဒေကလည်း ရှေ့နေချုပ်ရုံးက လက်ခံပြီးပြီ။ ဒီတော့ ဒါတွေ တခါတည်း လုပ်နေလို့ အခုလို ကြန့်ကြာနေတာပါ”ဟု ဦးခင်ရီက ဆက်ပြောသည်။

အမေရိကန်နိုင်ငံသား ခံယူထားသည့် အမည်မဖော်လိုသူ မြန်မာနိုင်ငံသားဟောင်း တဦးက လက်ရှိတွင် မြန်မာနိုင်ငံသားဟောင်းများ ပြန်လည် လာရောက်ရန် အတွက် ခက်ခဲမှုများ ရှိမည်ကို စိုးရိမ်ကြောင်း၊ တိကျသည့် ထုတ်ပြန်ချက် တိကျသည့် လိုက်နာမှုများကို ပွင့်လင်းစွာ ထုတ်ဖော်ပေးရန် လိုအပ်ကြောင်း၊ ယင်းအပြင် ထုတ်ပြန်ထားသည့် အတိုင်း လက်တွေ့တွင် လုပ်ဆောင်ရန် လိုကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံသား အချို့မှာ မြန်မာနိုင်ငံသို့ ပြန်လာနိုင်ရေး အတွက် PR စနစ်ကို စောင့်ဆိုင်းနေမှုများ ရှိနေသည် ဟု ဧရာဝတီကို ပြောသည်။

“တခုကတော့ တိုင်းပြည်ရဲ့ လိုအပ်တဲ့ အသိပညာရှင်၊ အတတ်ပညာရှင်တွေ ခေါ်မယ်။ ဒုတိယကတော့ ရင်းနှီးမြှုပ်နှံသူတွေကို ခေါ်မယ်။ တတိယ ကတော့ ဒီက မြန်မာနိုင်ငံသားတွေကို ခေါ်မယ်။ နောက်ဆုံးကတော့ ဒီကနေ ပညာသင်ပဲ သွားသွား၊ နောက် တခုခု ကြောင့် ဒီကလူတွေ ဟိုရောက်ချိန်မှာ အိမ်ထောင်ကျ၊ ကလေးတွေ မွေးခဲ့ရင် ကိုယ်နဲ့ သွေးဆက်တဲ့ သူတွေဖြစ်တော့ နိုင်ငံသားနှင့် သွေးနှောသူတို့ကိုပါ လက်ခံမယ်။ ဒီလိုပုံစံ ၄ ခုဖြင့် လက်ခံသွားမှာ ဖြစ်တယ်” ဟု ဝန်ကြီးဦးခင်ရီက ပြောသည်။

PR စနစ်အရ လျှောက်ထား နေထိုင်ကြမည့် မြန်မာနိုင်ငံသားဟောင်းများသည် လက်ရှိခံယူထားသည့် နိုင်ငံသား အဖြစ်မှ စွန်လွှတ် စရာ မလိုအပ်ကြောင်း၊ လိုက်နာရမည့် နေထိုင်မှု၊ ရပိုင်ခွင့်နှင့် ပေးဆောင်ရမည့် အခွန်အခများကို လက်ရှိ နိုင်ငံခြားသား တဦး၏ ခံစားခွင့်၊ လိုက်နာခွင့်နှင့် ပေးဆောင်ရမည့် အခွန်နှုန်းထား အတိုင်း ပေးဆောင်ရမည်ဟု ၎င်းက ဆိုသည်။

“ဒီကိစ္စက မြန်မာ့သမိုင်းမှာ တခါမှ မလုပ်ဖူးခဲ့ဘူး။ လုပ်ငန်းသစ် ဖြစ်တယ်။ ဒီအတွက် အချိန်ကို ယူခဲ့ရတယ်။ နိုင်ငံခြားသားတွေ ဒီမှာ ရက်ရှည်နေမှာဖြစ်တဲ့ အတွက် တည်ဆဲ ဥပဒေများစွာနဲ့ ချိတ်ဆက် ရတယ်။ အိမ်ရာ ဝယ်ခွင့်လည်း ပေးမှာဖြစ်လို့ ကွန်ဒိုမီနီယမ် ဥပဒေတွေနဲ့ ချိတ်ဆက် ရတယ်။ သားသမီးတွေ ပါလာရင် သူတို့ပညာရေး၊ ကျန်းမာရေး စတဲ့ ဥပဒေတွေနဲ့ ချိတ်ဆက် ရတယ်။ အခွန် ကိစ္စတွေနဲ့ ချိတ်ဆက်ရတယ်”ဟု ဝန်ကြီး ဦးခင်ရီက ဆက်ပြောသည်။

မြန်မာနိုင်ငံတွင် ပြည်ဝင်ခွင့် ဗီဇာ ၆ မျိုးဖြင့်လည်း လာရောက်နိုင်ပြီး ရက်ရှည် နေထိုင်ရန် လုပ်ငန်း ဗီဇာ၊ လူမှုရေး အလည်အပတ် ဗီဇာ စသည့် ဗီဇာများဖြင့် နေထိုင်ခွင့်ပြုထားကြောင်း၊ လက်ရှိ ရက်ရှည် နေထိုင်သူ ၈၀၀၀ နီးပါး ရှိနေကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading