ရထားပို့ဆောင်ရေးဝန်ကြီးဌာနက ယာဉ်အို၊ ယာဉ်ဟောင်းများကို အပ်နှံခွင့်ပြု၍ ကားသစ်များ တင်သွင်းခွင့်ပြုလျက်ရှိရာ ယခုနှစ်ကုန် ပိုင်းတွင် စက်မှုဇုန်ထုတ် ဂျစ်နှင့် လိုက်ထရပ်ကားဟောင်းများ အပ်နှံခွင့်ပြုမည်ဖြစ်ကြောင်း ရထားပို့ဆောင် ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးချန်မောင်က ပြောဆိုလိုက်ရာ ဈေးနှုန်းမြင့်တက်နေသော ကားဟောင်းအပ်စလစ်များ ဈေး ထိုး ကျနိုင်ကြောင်း ကားဈေးကွက်ကျွမ်းကျင်သူများက သုံးသပ်ပြောဆိုကြသည်။
နေပြည်တော်တွင် ဇွန်လ ၁၀ ရက်နေ့ ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပျော်ဘွယ်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သူ ဦးမြင့်စိုးက “နိုင်ငံတော်အစိုးရအနေဖြင့် ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံသည့် ပုံစံအတိုင်း စက်မှုဇုန်ထုတ်ဂျစ်ကားနှင့် လိုက်ထရပ်ကားများကို အပ်နှံခွင့်ရရှိရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” ဆိုသော မေးခွန်းမေးမြန်းစဉ် စက်မှုဇုထုတ်ဂျစ်ကားနှင့် လိုက်ထရပ်ကားများ ၂၀၁၄ ခုနှစ် နှစ်မကုန်မီ အပ်နှံခွင့်ပြုမည်ဟု ဒုတိယဝန်ကြီး ဦးချန်မောင်က ပြန်လည်ဖြေဆိုခဲ့သည်။
“စက်မှုဇုန်များမှထုတ်လုပ်ပြီးအရည်အသွေးနိမ့်ကျတဲ့မော်တော်ယာဉ်များအတွက် ပိုင်ရှင်ရဲ့ဆန္ဒအရ ယာဉ်အိုယာဉ်ဟောင်း အပ်နှံမှုမှာထည့်သွင်းဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနအဖွဲအစည်းများနဲ့ ညှိုနှိုင်းလျက်ရှိပါကြောင်းနဲ့ ၂၀၁၄ ခုနှစ် အတွင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း” ဟု ဒုဝန်ကြီးဦးချန်မောင်က လွှတ်တော်အစည်းအဝေးတွင် ပြောဆို သည်။
ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မေးခွန်းမေးမြန်းသော ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုး သည် သီဟတိုက်ဂါး မော်တော်ယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီ လီမိတက်နှင့် သောက်ရေသန့် လုပ်ငန်း မန်နေဂျင်း ဒါရိုက်တာ တဦးလည်း ဖြစ်သည်။
“ ဒုဝန်ကြီးက ၂၀၁၄ အတွင်းမှာပဲ ဆောင်ရွက်ပေးမယ်လို့ ပြောတယ်။ အခု ၁(က)ပြီးရင် ၂(က) အအပ်ခံတော့မှာဆိုတော့ အဲဒီအချိန်ကျရင် အစည်းဝေးထိုင်ပြီး ဆောင်ရွက်ပေးမယ်လို့ ပြောတယ်။ ၂၀၁၄ မကုန်ခင် လုပ်ပေးမှာ။ ဇုန်ထုတ်တွေက ၁၀ စုနှစ် တခုကျော်နေပြီ ။ ပြည်သူတွေလည်း ကားကောင်းလေးတွေ လဲစီးခွင့် ရသင့်နေပြီ။ ဂျပန်က ၁(က) ၊ ၂(က) တွေက ဇုန်ထုတ် ကားတွေထက် အများကြီး ပိုကောင်းတယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်စိုးက ပြော သည်။
လတ်တလော အစိုးရက ၁က အက္ခရာ ကားဟောင်းများ အပ်နှံခွင့်ပြုထားပြီး အောက်တိုဘာလတွင် ၂က အက္ခရာ ကား ဟောင်း အပ်နှံခွင့်ပြုမည်ဟု ကြေညာထားကြောင်း၊ အပ်နှံမည့်ကား ရှားပါးသဖြင့် ကားဟောင်းအပ်စလစ်ဈေးနှုန်း မြင့်တက် လျက်ရှိပြီး ကားဟောင်းအပ်စလစ်တစောင် သိန်း ၁၁၀ ကျော် ဈေးပေါက်လျက်ရှိကြောင်း၊ အစိုးရက စက်မှုဇုန် ထုတ်ကား များ အပ်နှံခွင့်ပြုမည်ဆိုပါက ကားဟောင်းအပ်စလစ်ဈေးနှုန်း ထိုးကျဖွယ်ရှိကြောင်း ဈေးကွက် ကျွမ်းကျင်သူများ က သုံးသပ် ပြောဆိုကြသည်။
“စက်မှုဇုန်ထုတ်ကားတွေ အအပ်လက်ခံမယ်ဆိုရင် ်စလစ် ဈေးနှုန်းတွေ ကျသွားလိမ့်မယ်။ ဇုန်ထုတ်ကားတွေ ဈေးတက် လာလိမ့်မယ်။ ပြီးခဲ့တဲ့ တခေါက်က ဂျစ်ကား အပ်နှံခွင့်ပြုမယ်ဆိုတော့ စလစ်ဈေးက သိန်း ၇၀ လောက် အထိကျသွားတာ။ ဒီတခေါက် ပိုဈေးကျလိမ့်မယ်။ သိန်း ၅၀ ၊ ၆၀ လောက်အထိ သွားလိမ့်မယ်။ အခုစလစ်ဈေးက ၁၁၅ သိန်းလောက် ရှိတယ် ”ဟု ဦးမြင့်မောင်က ပြောသည်။
လတ်တလော ၂က အက္ခရာ ကားဟောင်းများမှာ တစီးလျှင် သိန်း ၉၀ ကျော် ဈေးပေါက်လျက်ရှိရာ စက်မှုဇုန်ထုတ် ကား များ အပ်နှံခွင့်ပြုမည်ဆိုပါက ၂က ကားဟောင်းဈေးနှုန်း ကျဆင်းလိမ့်မည်ဟု မင်းရဲကျော်စွာ ကားဈေးကွက်မှ ကားပွဲစား တဦးက ပြောသည်။
ကားဈေးကွက်တွင် အင်ဂျင်ပါဝါ ၁၃၀၀ စီစီ နှင့် ၁၅၀၀ စီစီကားများ အရောင်းအဝယ်ဖြစ်သော်လည်း ဈေးကွက်တခုလုံး အနေ ဖြင့် ခြုံငုံကြည့်မည်ဆိုပါက ကားဈေးကွက်မှာ ဈေးနှုန်းကျဆင်းမည့် ဘက်သို့သာ အဓိက ဦးတည်နေကြောင်း၊ အစိုးရ မူဝါဒ အပြောင်း အလဲ မကြာခဏ ပြုလုပ်မှုကြောင့် ကားဈေးကွက်တွင် ရင်းနှီးမြှုပ်နှံ၍ ဝယ်ရောင်း ပြုလုပ်မှု သိသိ သာသာ လျော့ ကျလာ ကြောင်း၊ ဂျပန်နိုင်ငံမှ တပတ်ရစ်ကားတင်သွင်းရောင်းချသော ကုမ္ပဏီများက ဖွင့်လှစ်ထားသော ကား အရောင်း ပြခန်းများမှာ အရှုံးပေါ်နေကြောင်း ကားဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။