လတ်တလောတွင် အသက်သေဆုံးသည်အထိ မတော်တဆမှု အမြောက်အများ ဖြစ်ပွားနေသည့် ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးကို အဆင့်မြှင့်တင်နိုင်ရေး မြန်မာအစိုးရကို ကူညီပေးရန် အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ (USAID) က သဘောတူလိုက်ပြီဖြစ်ကြောင်း ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက ဇွန်လ ၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။
မြန်မာ အစိုးရ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ပြုလုပ်ခဲ့သော သဘောတူညီချက်တွင် USAID က ဝန်ကြီးဌာနမှ အင်ဂျင်နီယာများ၊ အတတ်ပညာရှင်များကို အဝေးပြေးလမ်း ဘေးကင်းလုံခြုံမှု ဆိုင်ရာ နိုင်ငံတကာ စံချိန် စံညွှန်းများ သင်ကြားပေးရန် အာမခံ ကတိပြုခဲ့သည်။ ကီလိုမီတာ ၅၉၀ ရှည်လျားသည့် အမြန်လမ်းမကြီး၏ ၁၀ ကီလိုမီတာ ရှိသည့် လမ်းပိုင်းတခုကို ဘေးကင်းလုံခြုံမှု အဆင့်မြှင့်တင်ရေး အတွက် အမေရိကန်အစိုးရ၏ ထောက်ပံံ့မှုဖြင့် တည်ဆောက်ရင်း သင်ကြားပေးသွားမည်ဟုလည်း သိရသည်။
ပြည်တွင်းတွင် “သေမင်းတမန် လမ်းမကြီး” ဟု သိကြသည့် အမြန်လမ်းမကြီးသည် ရန်ကုန်၊ နေပြည်တော် နှင့် မန္တလေးကို ဆက်သွယ်ပေးထားသည်။ ၎င်းကို ယခင်စစ်အစိုးရ၏ အမိန့်အရ အလောတကြီးဖောက်လုပ်ခဲ့ရပြီး ၂၀၀၉ ခုနှစ်တွင် ပြီးစီး ခဲ့သည်။ ပြီးခဲ့သည့် လအတွင်းတွင် ခရီးသည်တင်ကားတစီး တိမ်းမှောက်ပြီး လူ ၁၄ ယောက် သေဆုံး၍ ၃၀ ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး နောက် လက်ရှိ အရပ်သားအမည်ခံ အစိုးရက အရေးပေါ်ပြင်ဆင်မှုများ ပြုလုပ်မည်ဟု ထုတ်ဖော် ပြောဆိုခဲ့ပါသည်။ ယခုနှစ်အထိ ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုများတွင် လူ ၈၀ သေဆုံးခဲ့ပြီး ၃၅၀ ဒဏ်ရာ ရရှိခဲ့ သည်။
၁၀ ကီလိုမိတာလမ်းပိုင်း ပြုပြင်မှုသည် ဆောက်လုပ်ရေးဝန်ကြီးဌာနက အမြန်လမ်းတခုလုံး အဆင့်မြှင့်ပြင်ဆင်မှု ပြုလုပ်ရာတွင် စံနမူနာ ဖြစ်လာမည်ဟု အမေရိကန် သံရုံး၏ ကြေညာချက်တခုတွင် ဖော်ပြထားသည်။
“အမေရိကန် ပြည်ထောင်စုက ပြုပြင်ပြောင်းလဲရေး ဆက်လက်ဖြစ်ပေါ်ရေးနဲ့ ကျယ်ပြန့်တဲ့ စီပွားရေးဖွံ့ဖြိုးမှုအတွက် ကူညီမယ်လို့ ကတိပြုပါတယ်။ စီးပွားရေး တိုးတက်လာတာနဲ့ အမျှ သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အဦက ကုန်စည်တွေနဲ့ ခရီးစဉ်တွေအတွက် ပိုပြီး လိုက်လျောညီထွေရှိလာရပါမယ်” ဟု မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell က ကြေညာချက်တွင်ပြောသည်။
ယခုလ ပြောကြားခဲ့သည့် လစဉ် အသံလွှင့်မိန့်ခွန်းတွင် သမ္မတဦးသိန်းစိန်က ကားမတော်တဆဖြစ်မှုများတွင် မိမိတို့၏ ဆွေမျိုးသားချင်းများ၊ ခင်မင်သူများကို ဆုံးရှုံးခဲ့ရသည့် ကျန်ရစ်သူမိသားစုများကို တောင်းပန်စကား ပြောကြားခဲ့သည်။
အဝေးပြေးလမ်း တည်ဆောက်ရေး စီမံခန့်ခွဲမှုကော်မီတီမှ အင်ဂျင်နီယာချုပ် ဦးကြည်ဇော်မြင့်က လမ်းကို အဆင့်မြှင့် တင်ရာတွင် ကုန်ကျစရိတ် အတိအကျ ကို မတွက်ချက်ရသေးသော်လည်း ကျပ်ငွေ ၁ ဘီလီယံ ကျော် ကုန်ကျနိုင်သည် ဟု ပြောသည်။ ရန်ကုန်နှင့် မန္တလေးကြားတွင် တံတား ၇၄ ခုရှိသည့် အနက် ၄၄ ခုကို လုပ်ငန်း ပထမအဆင့်တွင် အဆင့်မြှင့် ပြင်ဆင်မည် ဖြစ်သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ၏ အဆိုအရ သိရသည်။
၂၀၁၃ ခုနှစ် မေလအတွင်းက ပြုလုပ်ခဲ့သည့် ကနဦးစစ်တမ်း ကောက်ယူခြင်းနှင့် အတူ စတင်ခဲ့သည့် ပူးပေါင်းဆောင်ရွက်မှုကို သဘောတူညီချက်က တရားဝင်ဖြစ်စေခဲ့သည်ဟု အမေရိကန်သံရုံးကပြောသည်။
“ပြည်ထောင်စု အစိုးရရဲ့ မေတ္တာရပ်ခံမှုကြောင့် USAID ရဲ့ အင်ဂျင်နီယာတွေက လမ်းရဲ့တည်ဆောက်ပုံ၊ ဖြတ်သန်းတဲ့ ယာဉ်ပမာဏ၊ အမြန်နှုန်းနဲ့ လမ်းတခုလုံးရဲ့ ဘေးကင်းလုံခြုံရေး လက်ရှိဆောင်ရွက်ထားမှု အနေအထားတွေကို စစ်ဆေး ခဲ့ပါတယ်။ ဒီလို လေ့လာအကဲဖြတ်ခဲ့ရာမှာ လမ်းကို အစီအစဉ်တကျ အဆင့်မြှင့်ပြုပြင်နိုင်ဖို့အတွက် ထိရောက်မှု အရှိဆုံး နည်းလမ်းတွေက ဘေးကင်းလုံခြုံမှု စံချိန်စံညွှန်းတွေနဲ့ ပတ်သက်လို့ လေ့ကျင့်သင်ကြားပေးခြင်းနဲ့ နည်းပညာ အထောက် အပံ့ပေးခြင်း၊ မြန်မာနိုင်ငံရဲ့ လမ်းတွေဘေးအန္တရယ် ကင်းရှင်းရေးနဲ့ လုံခြုံစိတ်ချမှုကိုမြှင့်တင်နိုင်ဖို့ အမေရိကန်နိုင်ငံက အတွေ့အကြုံတွေနဲ့ လက်တွေ့နည်းလမ်းတွေကို ယူဆောင်ပေးဖို့တွေ ဖြစ်ကြောင်းတွေ့ရှိခဲ့ရပါတယ်” ဟု အမေရိကန် သံ ရုံး၏ ကြေညာချက်က ဆိုသည်။