ပဲခူးတိုင်း အင်းတကော်မြို့မှာ ယာဉ်ထိန်းရဲတွေက ဦးထုပ်နဲ့ရိုက် ဖမ်းဆီးမှုကြောင့် ဆိုင်ကယ်စီးလာသူတဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါတယ်။
အခင်းဖြစ်ပွားမှုဟာ တနင်္ဂနွေနေ့ မနက် ၉ နာရီလောက်က ဖြစ်ကြောင်း၊ ဆိုင်ကယ် စီးလာသူ နှစ်ဦးအနက် တဦး သေဆုံးပြီး တဦး ဒဏ်ရာရရှိ သွားခြင်း ဖြစ်ကြောင်း သေဆုံးသူရဲ့ မိသားစုဝင်တွေနဲ့ ဒေသခံတွေက ပြောပြပါတယ်။
သေဆုံးသူ ကိုမင်းမင်းငယ်ရဲ့ ဆိုင်ကယ်နောက်မှာ သူငယ်ချင်းတယောက် လိုက်ပါလာပြီး ပဲခူး-ရန်ကုန် ကားလမ်းရှိ အင်း တကော်မြို့ ရဲစခန်းရှေ့ အရောက်မှာ ယာဉ်ထိန်းရဲ တပ်ဖွဲ့က ဆိုင်ကယ်ဦးထုပ်နဲ့ လှမ်းရိုက် ဖမ်းတာကြောင့် လမ်းကြောင်းပြောင်းပြီး ရပ်ထားတဲ့ ကားကို ဝင်တိုက်မိကာ သေဆုံးသွားတာ ဖြစ်တယ်လို့ ကိုမင်းမင်းရဲ့ အစ်ကိုဖြစ်သူက ဆိုပါတယ်။
ကိုမင်းမင်းငယ်ရဲ့ အစ်ကိုဖြစ်သူ ကိုမင်းမင်းစိုးက“ကျနော်တို့က ရေမြောင်းတွေမှာ ပြွန်ချတဲ့ အလုပ်လုပ်တယ်။ အဲဒီနေ့ မနက် က မိုးရွာနေတာနဲ့ အလုပ်ကမဖြစ်လို့ ပြန်လာတာ ကျနော်က ရှေ့က ပြန်လာတာ ကျနော်လာတုန်းက ရဲတွေ မဖမ်းသေးဘူး။ ကျနော့်ညီနဲ့ သူ့သူငယ်ချင်း မျက်ပြူး ပြန်လာတဲ့ အချိန်ကြမှ ရဲနဲ့ တွေ့ပြီး အဲဒီလို ဖြစ်သွားတာ”လို့ ဧရာဝတီကို ပြောပါတယ်။
အခင်းဖြစ်ပွားရာ အနီးမှာ နေထိုင်သူ ဒေသခံ တဦးက“အသံကြားလို့ လမ်းပေါ် ထွက်ကြည့်လိုက်တော့ ကောင်လေးနဲ့ ဆိုင် ကယ် က ကားကြီးအောက် ရောက်နေတယ်။ ဆိုင်ကယ်ဖမ်းနေတဲ့ ယာဉ်ထိန်းရဲတွေလည်း ရှိတယ်။ ရဲတွေ ဖမ်းနေတာကို ကောင်လေးက မောင်းထွက်လို့ ရဲက ရိုက်ဖမ်းလိုက်တာကနေ လမ်းကြောင်း ပြောင်းပြီး လမ်းဘေးမှာ ရပ်ထားတဲ့ ကားကြီးကို ဝင်တိုက်တာလို့ ဝိုင်းကြည့် နေကြတဲ့လူတွေက ပြောနေကြတာပဲ”လို့ ဧရာဝတီကို ပြောပါတယ်။
“ကျနော့်ညီကတော့ နေရာမှာတင် ဆုံးသွားတာ သူ့နောက်မှာ ထိုင်လိုက်လာတဲ့ မျက်ပြူးက မေးရိုး ကျိုးသွားတယ်။ အခု ပဲခူး ဆေးရုံကြီးမှာ။ သူပြောပြတာက ရဲတွေနား ရောက်တော့ ကျနော့်ညီက ဒီနေ့တော့ ပိုက်ဆံ မပါဘူးလို့ လက်ဟန်ပြပြီး မောင်း သွားတာကို ရဲက ကျနော့်ညီ နောက်မှာပါလာတဲ့ မျက်ပြူးကို ဂုတ်လှမ်းဆွဲချပြီး မင်းမင်းငယ်ကို ရှေ့မှာရှိတဲ့ ရဲက ဆိုင်ကယ် ဦးထုပ် နဲ့ မျက်နှာ ဖြတ်ရိုက်တော့ ရှောင်ရင်းနဲ့ လီဗာအပြင်း ဆွဲမိပြီး ရပ်ထားတဲ့ ကားကို ဝင်ပြီး ဆောင့်တာတဲ့”လို့ ကိုမင်းမင်း စိုး က ပြောဆိုပါတယ်။
အခင်းဖြစ်တဲ့နေ့က အင်းတကော်မြို့ ရဲစခန်းရှေ့ ပဲခူး-ရန်ကုန် ကားလမ်းမပေါ်မှာ ပဲခူးမြို့နယ် ယာဉ်ထိန်းရဲ တပ်ဖွဲ့က ဆိုင် ကယ် စီးသူတွေကို သုံးယောက် စီးခြင်း၊ ဦးထုပ် မဆောင်းခြင်း၊ နောက်ကြည့်မှန်နဲ့ လိုင်စင် စတာတွေကို စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။
အခင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး ယာဉ်ထိန်းရဲတွေကို ခေါ်ယူစစ်ဆေးမှုတွေ မရှိသေးဘဲ လတ်တလောမှာ ယာဉ်မတော်တဆမှုနဲ့ အမှုဖွင့်ထားတယ်လို့ ဒီအမှုကို ကိုင်တွယ် လုပ်ဆောင်နေတဲ့ အင်းတကော်မြို့နယ် ရဲစခန်းမှ တာဝန်မှူး တဦးဖြစ်တဲ့ ဒုရဲအုပ် ထင်ကျော်က ဧရာဝတီကို ပြောပါတယ်။
“၃၀၄ – ဃ နဲ့ အမှု ဖွင့်ထားတယ်။ အပြည့်အစုံကတော့ ယာဉ်မတော်တဆမှုနဲ့ အသက်အန္တရာယ် ဆုံးရှုံးတာပေါ့။ ကျနော်က အမှုစစ်ဆိုတော့ လောလောဆယ်စဖွင့်တာတော့ ဒီပုဒ်မနဲ့ပဲ ဖွင့်ထားတယ်။ နောက်စစ်ဆေး ပေါ်ပေါက်ချက်က မသိသေးဘူး။ စစ်ဆေးတုန်းဗျ၊ သူ့ဘာသူ အရက်မူးပြီး ကားဝင်တိုက်တာလို့လည်း ပြောတာပဲ”လို့ ဒု ရဲအုပ် ထင်ကျော်က ဆိုပါတယ်။
မြို့ခံတချို့ရဲ့ ပြောဆိုချက်များ အရ အင်းတကော် မြို့တွင်းလမ်းတွေနဲ့ ရန်ကုန်-ပဲခူးအဝေးပြေး လမ်းမကြီးပေါ်မှာ သွားလာ နေ ကြတဲ့ ဆိုင်ကယ်စီးသူ တချို့ဟာ ဦးထုပ်၊ နောက်ကြည့်မှန်နဲ့ နံပါတ်ပြားတွေ အသုံးပြုခြင်း မရှိကြသလို လိုင်စင်မဲ့ ဆိုင် ကယ် တွေကိုပါ အသုံးပြုနေတာကြောင့် ယာဉ်ထိန်းရဲများက ဖမ်းဆီးလေ့ ရှိတယ်လို့လည်း ဆိုကြပါတယ်။
အင်းတကော်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးလှရွှေက “ဖမ်းတာကတော့ ကောင်းပါတယ်။ ဒါပေမယ့် သူတို့ ဖမ်းတာက စနစ်တကျ ဖမ်းတာ မဟုတ်ဘူး။ အမြဲတွေ့ နေရတယ်၊ ဆိုင်ကယ်သမားက ဦးထုပ် မပါတာတွေ့ရင် တရားဝင် တားပြီး မဖမ်းဘူး၊ တခါတလေ တခုခုနဲ့ ပုန်းကွယ်နေပြီး ဆိုင်ကယ် အနီးရောက်မှ ပြေးထွက်လာပြီး လက်သီးနဲ့ ထိုးတာတို့၊ ဆိုင်ကယ်ဦးထုပ်နဲ့ လှမ်းရိုက်တာတို့၊ တုတ်နဲ့ရိုက်တာတို့ လုပ်တယ်” လို့ ဧရာဝတီကို ပြောပါတယ်။
အခင်းဖြစ်ပွားတဲ့နေ့က သေဆုံးသူ ကိုမင်းမင်းငယ် ဆိုင်ကယ် မောင်းစဉ်မှာ ဆိုင်ကယ်ဦးထုပ် ဆောင်းမထားဘူးလို့ မျက်မြင် တွေ့ရှိကြတဲ့ ဒေသခံ တချိူ့က ပြောပါတယ်။