Human Rights

ကြိုးတိုက် ဋီကာ (၇)

This article has been converted from Zawgyi One to Unicode

အကျဉ်းထောင်ထဲမှာ ပိုက်ဆံငွေကြေး တရားဝင် ကိုင်တွယ်သုံးစွဲခွင့် မရပါဘူး။ ထောင်တွင်းမှာ ပိုက်ဆံအစား ပစ္စည်းချင်း လဲလှယ် တဲ့ ရှေးခေတ်ဘာတာ စနစ်မျိုးကို သုံးစွဲကြပါတယ်။ ပစ္စည်းချင်း လဲလှယ်တဲ့ ဘာတာစနစ်အတွက် ကြားခံကတော့ ဆေးပေါ့လိပ် ပါပဲ။

အင်းစိန်ထောင်တွင်း မှာတော့ ပဲခူး၊ သနပ္ပင်က မကျင်လှရဲ့ နွားတံဆိပ် ဆေးပေါ့လိပ်ဟာ အကျဉ်းသားတိုင်း အတွက် အသပြာ အဖြစ် အသုံးပြုတဲ့ပစ္စည်း ဖြစ်ပါတယ်။

ကျနော့်ရဲ့ ပထမဆုံး ထောင်ဝင်စာမှာ မိသားစုတွေက အကျဉ်းထောင်တွင်းမှာ ပိုက်ဆံငွေကြေး သုံးစွဲခွင့် မရတာ သိထားလေတော့ ဆေးပေါ့လိပ်တွေ ၁၂ စည်း ထည့်ပေး လိုက်တယ်။ ဒါဟာ ကျနော့် အတွက် အတော် တန်ဖိုးရှိတဲ့ ပစ္စည်းတွေဆိုတော့ ရင်ထဲ တော် တော်ပီတိ ဖြစ်ခဲ့မိတယ်။

ထောင်ထဲ မရောက်ခင်တုန်းက ဆေးလိပ် မသောက်တတ်တဲ့ ကျနော့်အတွက် အရင်ရောက်နှင့် နေတဲ့သူတွေဆီက အတတ်ကောင်း တခု ရနေပါပြီ။ အဲဒါကတော့ ဆေးလိပ်သောက်ခြင်းပါ။

အကျဉ်းထောင်ထဲ ရောက်ကတည်းက စာဖတ်ချင်တဲ့ ကျနော့်အတွက် စာဖတ်စရာအဖြစ် သတင်းစာ၊ ဂျာနယ် စက္ကူတွေနဲ့ ဖင်စီခံ လုပ်ထားတဲ့ ဆေးပေါ့လိပ်တွေက ကျနော်တို့ အတွက် ဖတ်စရာစာအုပ်တွေ အဖြစ် အသွင်ပြောင်း သွားခဲ့တာမို့ စာဖတ်ချင်လေလေ ဆေးလိပ်သောက်ဖြစ် လေလေဆိုတဲ့ အကျင့် တခုကို ရခဲ့ပါတယ်။

အကျဉ်းထောင်ထဲမှာ ဆေးလိပ်သောက်ဖို့ အတွက် ဆေးလိပ်မီးရဖို့က အခက်အခဲဆုံး ကြိုးစားရမှု ထဲမှာ ပါဝင်ပါတယ်။ ထောင် ဝန် ထမ်း ဆီ ဆေးလိပ်မီး တောင်းရတာ အလွန်ပင်ပန်းကြရပြီး တခါတခါ မချေမငံ အပြောအဆို ခံရတာမျိုးလည်း ရှိကြတယ်။ ဒီတော့ ဆေးလိပ်မီး မသေရေး အတွက် ဆေးလိပ်တွေ ပိုသောက်ဖြစ်သလို မီးမသေသေးတဲ့ သူတွေဆီက ဆေးလိပ်မီးကို အပြန်အလှန် ပစ်ပေါက်ပေးရင်း ဒီပြဿနာကို တနည်းဖြေရှင်း ရတယ်။

မီးခြစ် ကိုင်ဆောင်မှု ဆိုတာ အကျယ်ချဲ့ရင် ထောင်မီးရှို့မှုနဲ့ပါ တရားစွဲ ခံရကိန်းရှိတဲ့ အခြေအနေမျိုးမှာ မီးခြစ် လက်ဝယ်ရှိရေး ကြိုးစားကြရ ပြန်တယ်။

ဒီတော့ ထောင်တွင်း မီးခြစ်ဆိုတာကို တီထွင် ကြရတယ်။ ပထမဆုံး ခင်ရာမင်ရာ မီးခြစ်ရှိတဲ့ ဝန်ထမ်းကို ပေါင်းသင်းပြီး သူ့ဆီက မီးခြစ်နဲ့ စွပ်ကျယ် ဖြူသန့်သန့်(အဆီ၊ ချေးညှော် မပါ)ကို မီးရှို့ပြီး မီးကို အချိန်မီသတ်ရတယ်။ ဒါကို ထောင်စကားအရ   “နာဖုတ်တယ်” လို့ ခေါ်ကြတယ်။ မီးစာ ဖြစ်သွားတဲ့ စွပ်ကျယ်စကို ကျားပရုတ်ဆီ သံဘူးလေးထဲကို ကျကျနနထည့်ပြီး အဖုံးကိုလည်း လေလုံအောင် ထားရတယ်။

နောက်တဆင့်က ထောင်က ချိုးပိုင်းဖြတ်ပြီး ပေးထားတဲ့ သွားပွတ်တံကို မီးမြှိုက်ပြီး မီးခြစ်ဆံကို အဲဒီ သွားပွတ်တံမှာ ထည့်မြှုပ် ရတယ်။ ဘလိတ်ဓား အကျိုးတခုနဲ့ အဲဒီမီးခြစ်ဆံကို ခတ်၊ ကျားပရုတ် ဆီဘူးထဲက နာဖုတ်ထားတဲ့ မီးစာကို မီးစွဲအောင် လုပ်ယူရ တယ်။ မီးစွဲတာနဲ့ ဆေးပေါ့လိပ်ကို ကမန်း ကတန်း မီးတို့ပြီး ဖွာကြ၊ ရှိုက်ကြ၊ ဝေငှကြနဲ့ ဆေးလိပ် တခါသောက်ဖို့ အရေး အပင်ပန်းခံကြရတယ်။ အဲဒီ ထောင်တွင်း မီးခတ်မီးခြစ် ကိုပဲ အမြဲလုံခြုံအောင် ဝှက်ထားကြရတယ်။

ဆေးလိပ်မီးကို ဆေးလိပ်တိုနဲ့ မျက်နှာချင်းဆိုင် အခန်းတွေ၊ ဘေးချင်းကပ် အခန်းတွေကို လှမ်းပစ်ပေးရင်း ကြာလာတော့ အခန်းနံပါတ်နဲ့ တကွ သူ့အခန်းရဲ့တံခါးရှေ့ ဆေးလိပ်တို ကွက်တိရောက်အောင် ပစ်ပေးတာ ကျွမ်းကျင်လာတော့တာပါပဲ။

ဆေးလိပ်သောက်ပြီးလို့ ဖင်စီခံလေးတွေကို ခွာပြီး လျှို့လျှို့ဝှက်ဝှက်နဲ့ ထောင်ဝန်ထမ်းတွေ မသိအောင် စာဖတ် ကြရတာမှာ အဆင် မပြေမှုတွေလည်း အစပိုင်း ကြုံကြရတယ်။ ပထမတော့ ဆေးလိပ်ဖင်စီခံက သတင်းစာ စက္ကူကို စာဖတ်လိုဇောနဲ့ခွာတော့ စာတွေ ပျက်ကုန်တာမျိုး၊ စာရွက်ပြဲတာမျိုးတွေ ကြုံတွေ့ရတယ်။

ဒီလိုနဲ့ အတွေ့အကြုံက သင်ခန်းစာတွေပေးလာတော့ နောက်ပိုင်း ဆေးလိပ် ဖင်စီခံလေးတွေကို ရေစိမ်ပြီး ရေနူးပြီးမှ သတင်းစာ စက္ကူကိုခွာ၊ အခြောက်လှန်း၊ ပြီးမှ အထပ်လိုက်ကလေးတွေစု၊ ဖတ်စရာ၊ မှတ်စရာတွေကို ရေးမှတ်ကြ ရတယ်။

ဒီလို ရေးမှတ်တာမှာ မိသားစုက ထောင်ဝင်စာ လာပေးတဲ့ ဟင်းထည့်တဲ့ ပလတ်စတစ် အကြည်တွေ ပေါ်မှာ ဖျာစ ဝါးချွန်လေးနဲ့ ထုံးသုပ်ထားတဲ့ ထောင်နံရံမှာကပ်ပြီး ရေးရင် စာတွေက ပလတ်စတစ်စာရွက် မှာ ပေါ်လာပါတော့တယ်။ အဲဒီလို ပလတ်စတစ် စာရွက်တွေကို စုထပ်ပြီး ပလတ်စတစ် စာအုပ်တွေ ဖြစ်လာကာ ထောင်တွင်း စာကြည့်တိုက်တခု ဖြစ်လာ တော့တာပါပဲ။

ဘောပင်၊ ခဲတံ စတဲ့ စာရေးပစ္စည်းနဲ့ စက္ကူ ဆိုတာ နိုင်ငံရေး အကျဉ်းသားတွေ အတွက်တော့ အကျဉ်းထောင်ရဲ့ မဟာသံမဏိ တားမြစ်ချက်ကြီး တခုပါပဲ။ ဒီတော့ စက္ကူနဲ့ စာရေးကိရိယာ ဆိုတာ မရှိခဲ့ကြပါဘူး။ ဒါပေမယ့် ကျနော် အပါအဝင် နိုင်ငံရေး အကျဉ်းသား တွေဟာ စာရေး စက္ကူနဲ့ စာရေးကိရိယာတွေကို မရရအောင် ဖန်တီး ရှာဖွေခဲ့ ကြပါတယ်။

ထောင်တွင်း စာကြည့်တိုက် ဆိုပြီး လူသိရှင်ကြား စာဖတ်လို့ မရသလို၊ စာပါ အကြောင်းအရာ တွေကိုလည်း ဖြန့်ဝေလို့ မရပါဘူး။ ပလတ်စတစ် ထောင်စာအုပ် တွေကို ဖတ်တဲ့ အခါ ကြိုးတိုက်ရဲ့ အခန်းတွင်းမှာ အလင်းရောင်လည်း မရှိသလို လျှပ်စစ်မီးလည်း မရှိတော့ ဖတ်တဲ့နေရာမှာ မျက်လုံးကို အားစိုက်ရ ပါတယ်။

တခါ စာဖတ်တဲ့ အခါတွေမှာလည်း အခန်းအပြင်က ထောင်ဝန်ထမ်း ဖြတ်သွားရင် မမြင်ရအောင် အခန်းတွင်း ထောင့်တခုမှာ အိမ်သာထိုင်ရင်း အိမ်သာ အကာအဝတ် ဒါမှမဟုတ် ဖျာကို အကာအကွယ် ယူထားပြီးမှ ဖတ်ရပါတယ်။ အခန်းတွင်းမှာ အဖော်တဦး ရှိရင်တော့ စာဖတ်သူ အတွက် သူက ကင်းစောင့်ပေးရပါတယ်။

ကင်းစောင့်တယ် ဆိုတာကလည်း ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ရှာဖွေထားရတဲ့ မှန် (ကြေးမုံချပ်ငယ်) သေးလေးကို လက်ဖဝါးထဲ ထည့်ပြီး အခန်းအပြင် လက်ထုတ်ကာ ကြိုးတိုက်ရဲ့ အလယ်အူကြောင်း လူသွားလမ်း တလျှောက် ဘယ်၊ ညာကြည့်ပြီး လူကြည့် ပေးရ တာမျိုးပါ။ ဒီနေရာမှာ ထောင်ဝန်ထမ်း ကိုလည်း စောင့်ကြည့်ရ သလို “အကျဉ်းသား သတင်းပေး” ခေါ်တဲ့ “ငချွန်” (အပ်) တွေကိုလည်း သတိထား စောင့်ကြည့်ရပါတယ်။

ရေးမှတ်ထားတဲ့ ပလတ်စတစ် စာရွက်တွေကို ကိုယ့်နည်း ကိုယ့်ဟန်နဲ့ သိမ်းဆည်းတာမျိုး၊ ဝှက်ထား ရတာမျိုး လုပ်ကြရတယ်။ ထောင်ဝန်ထမ်းတွေရဲ့ အချိန်မရွေး ရှာဖွေရေး လို့ခေါ်တဲ့ တလာစီတာမျိုး ကိုလည်း အထူး သတိထား ရတယ်။

တလာစီတာက အမျိုးမျိုး ရှိတတ်ကြတယ်။ တခါတရံ ထောင်မဖွင့်ခင် ရှာဖွေရေး လာတတ်တာ မျိုးရှိသလို၊ တခါတရံ သတင်းအရ သီးခြားအခန်း ကွက်ပြီး ရှာတာမျိုး၊ တခါတရံ ကြိုးတိုက်တခုလုံး မထင်မှတ်တဲ့ နေ့ခင်းဘက်၊ ညဘက်ဝင်ပြီး ရှာတာမျိုးလည်း ရှိတတ် တယ်။

အကယ်၍ တလာစီတဲ့ အခါ စာရေးထားတဲ့ ပလတ်စတစ်အရွက်၊ ဆေးလိပ်ဖင်စီခံ တဖြစ်လည်း သတင်းစာ စက္ကူအပိုင်းတွေ တွေ့သွားရင်တော့ ထောင်တွင်း ပြစ်ဒဏ်ခံစားဖို့ အသင့် ပြင်ထားပေတော့။

တိုက်ဝန်းရုံးခန်း အနီးက မြေကွက်လပ်မှာ ဝမ်းလျားမှောက်ခိုင်းထားပြီး ထောင်ဝန်ထမ်းတချို့နဲ့ သူတို့ရဲ့ လက်ပါးစေ အကျဉ်းသား တချို့က ဂန်းပိုက် လို့ခေါ်တဲ့ ရော်ဘာတုတ်နဲ့ ရိုက်ပြီးစစ်မေးတယ်။ ဘာရည်ရွယ်ချက်နဲ့ ဒီလိုစာတွေရေး၊ စာတွေစု ဆောင်းတယ် ဆိုတာ ဖြေရတယ်။ ပြီးရင် ဒေါက်ခြေချင်း အမျိုးမျိုးရှိတဲ့ ထဲက ပြစ်ဒဏ်အပေါ် မူတည်ပြီး ၆ လက်မ၊ ၁ ပေ၊ ၁ ပေခွဲစတဲ့ အကျယ်ရှိတဲ့ ခြေချင်း နဲ့ ဒေါက်တွေ ခတ်တာ၊ ခြေချင်းခတ်တာ ခံရတယ်။

၁၄ ရက်တခါ ထောင်ကျ အကျဉ်းသားတိုင်း ထောင်ဝင်စာတွေ့ခွင့်ရှိပေမယ့် ထောင်တွင်း ပြစ်ဒဏ် ဖြစ်ပြီ ဆိုတာနဲ့ ထောင်ဝင်စာ တွေ့ခွင့် အနည်းဆုံး တပတ်၊ ကော်စား (ထမင်းကို ပျော့ပြဲနေအောင် ကြိုထားတာ) အနည်းဆုံး တကြိမ်၊ စစ်ခွေးတိုက် (တိုက်ပိတ်) ပြစ်ဒဏ် စသဖြင့် အသီးသီး ခံစားကြရတယ်။ ဒီအကြောင်း နောက်ပိုင်းတွေမှာ ကိုယ်တွေ့ အတွေ့အကြုံတွေ ပြောပြပါဦးမယ်။

တိုးတိုးတိတ်တိတ်နဲ့ မေးကြ၊ ဆွေးနွေးကြ၊ အထာစကားတွေနဲ့ ကိုယ့်အချင်းချင်း တိုင်ပင်ကြနဲ့ ကိုယ့်ဦးနှောက်တွေ မသေသွားစေ ရေး ကိုယ့်အချင်းချင်း သွေးပေးကြရတယ်။

သိသူမှသည် မသိသူသို့ဆိုတဲ့ စကားအတိုင်း အင်္ဂလိပ်စာ အပါအဝင် ဘာသာစကား၊ သဘောတရား၊ အတွေ့အကြုံတွေကို ဖလှယ်ကြ ရင်း ထောင်တွင်းရက်စွဲတွေကို တရက်ခြင်း ကျော်ဖြတ်ကြ ရတယ်။

ထောင်ဝင်စာ တွေ့ကြတဲ့ အခါ မိသားစုဝင်တွေ ဆီကတဆင့် ပြန်ကြားရတဲ့ ပြင်ပကမ္ဘာက အဖြစ်အပျက် နှုတ်စကားတွေ၊ သတင်း စကား တွေဟာ ထောင်က ပေးတဲ့ ပဲဟင်း၊ ထမင်းပျော့တူးမနပ်၊ တာလဘော ဟင်းရည် လို့ခေါ်တဲ့ ဟင်းတွေထက် ပိုပြီး ခွန်အား ရှိတဲ့ စိတ်အာဟာရတွေ ဖြစ်ပါတယ်။

ဒီလိုနဲ့ ကြိုးတိုက်တွင်းက ကြိုးသမားတွေထဲက တချို့ ကြိုးသမားတွေလည်း စာပေရဲ့တန်ဖိုးကို နားလည်လာသလို သေဒဏ် ကျနေ ပေမယ့် ဗဟုသုတတွေ ရှာဖွေလိုစိတ် ကြီးမားလာကြတယ်။

ဒါကြောင့် စာပေနဲ့ ပတ်သက်ပြီး အမြင်၊ ဗဟုသုတ များကြပြီး စာရေးဆရာတွေ ဖြစ်ကြတဲ့ ဦးသော်က၊ ဦးကိုယု စတဲ့ သူတွေရဲ့ ပြန် ပြောင်းပြောပြတဲ့ စကားတွေနဲ့ အတွေ့အကြုံတွေ အပေါ်လည်း ကြိုးတိုက်ထဲက သက်ရှိ စာကြည့်တိုက်တွေ အဖြစ် မှတ်ယူခဲ့ကြ တယ်။

ဒီနောက်ပိုင်း ကြိုးတိုက်ထဲက သက်ရှိစာကြည့်တိုက်တွေနဲ့ သက်မဲ့စာကြည့်တိုက်တွေ အကြောင်း ဆက်လက် တင်ပြပါဦးမယ်။     ။

Loading