အာဏာသိမ်း ထိုင်းစစ်တပ်၏ အမိန့်ကြောင့် လူမှုကွန်ရက် Facebook သုံးစွဲမှုကို လွန်ခဲ့သည့်လက ယာယီ ပိတ်ပင်ပေးခဲ့ရကြောင်း ထိုင်းနိုင်ငံရှိ ဒုတိယ အကြီးဆုံး တယ်လီဖုန်း ကွန်ရက် နော်ဝေနိုင်ငံ တယ်လီနော လုပ်ငန်းစု ကုမ္ပဏီက ပြောသည်။
ပြီးခဲ့သည့် မေလ ၂၈ ရက်နေ့က တယ်လီနော ကုမ္ပဏီပိုင် DTAC ကုမ္ပဏီအနေဖြင့် ထိုင်းနိုင်ငံတွင်း Facebookသုံးစွဲမှုကို တနာရီ ကြာ ပိတ်ပင်ရန် ထိုင်းစစ်တပ်၏ ညွှန်ကြားချက်ကို လက်ခံရရှိခဲ့သည့်အတွက် ပိတ်ခဲ့ရကြောင်း တယ်လီနော ကုမ္ပဏီ အာရှဒေသ ဆက်သွယ်ရေးဆိုင်ရာ အကြီးအကဲ Tor Odland ၏ ပြောဆိုချက်ကို ကိုးကား၍ နော်ဝေသတင်းစာ Aftenposten က ဖော်ပြ သည်။
တယ်လီနောကုမ္ပဏီ တာဝန်ရှိသူတဦးဖြစ်သူ Tor Odland က ကုလသမဂ္ဂက ချမှတ်ထားသည့် လူ့အခွင့်အရေးနှင့် စီးပွားရေး လုပ်ငန်း ဆိုင်ရာ လုပ်ဆောင်ချက်များအပေါ် လေးစားစွာ လိုက်နာ လုပ်ဆောင်နေရင်း၊ အာဏာသိမ်း ထိုင်းစစ်တပ်၏ တောင်းဆိုမှုကြောင့် Facebook သုံးစွဲမှု ပိတ်ပင်ရခြင်းမှာ အခက်အခဲတခုဖြစ်ကြောင်းလည်း ပြောဆိုသည်။
ပြီးခဲ့သည့် မေလ ၂၂ ရက်က ထိုင်းနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်၊ ထိုင်း အမျိုးသား ရုပ်သံ ထုတ်လွင့်ရေးနှင့် ဆက်သွယ်ရေး ကော်မရှင်က နိုင်ငံ၏ အဓိက အင်တာနက် ဝန်ဆောင်မှု ဆိုင်ရာ အစည်းအဝေးတခု ကျင်းပခဲ့ပြီး ထိုကဲ့သို့ Facebook သုံးစွဲမှု ယာယီ ပိတ်ပင်ခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။
ထိုကဲ့သို့ Facebook သုံးစွဲမှု ပိတ်ပင်လိုက်သည့်အတွက် သုံးစွဲသူ ၁၀ သန်းခန့် ထိခိုက်ခဲ့ရကြောင်း သိရသည်။
ထိုရက်ပိုင်းတွင် သတင်းအချက်အလက်များ ရှာဖွေသည့် အင်တာနက် ဝက်ဘ်ဆိုက်ပေါင်း ၂၀၀ ထက်မနည်းကိုလည်း ထိုင်း အာဏာသိမ်း စစ်ကောင်စီက ပိတ်ပင်ခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်းတပုဒ်၌ ဖော်ပြထားသည်။
အာဏာသိမ်း စစ်တပ်က Facebook အပါအဝင် တခြား ဆိုရှယ်မီဒီယာများကိုလည်း ဆင်ဆာကိစ္စအတွက် ပူးပေါင်း ဆောင်ရွက်ရန် တောင်းဆိုမည်ဟု ဆိုသည်။
မြန်မာနိုင်ငံတွင်လည်း စီမံခန့်ခွဲမှု ညံ့ဖျင်းသည့် စစ်အစိုးရလက်အောက်တွင် နှစ်ပေါင်းများစွာ နေခဲ့ရသည့်အတွက် တယ်လီဖုန်း ဆက်သွယ်မှု ကဏ္ဍတွင် ဖွံ့ဖြိုးမှု နောက်ကျနေခဲ့ရပြီး ယခုအခါ အင်တာနက်နှင့် မိုဘိုင်းဖုန်း သုံးစွဲမှုများလည်း အလျင်အမြန် တိုးချဲ့လာရာ နော်ဝေနိုင်ငံအခြေစိုက် တယ်လီနောကုမ္ပဏီ နှင့် ကာတာအခြေစိုက် အူရီဒူး ကုမ္ပဏီကြီး ၂ ခုက တယ်လီဖုန်း ကွန်ရက် အ ခြေခံ အဆောက်အအုံ တည်ဆောက်ရေးနှင့် မိုဘိုင်းလ်ဖုန်း ဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်ခွင့် ရထားကြသည်။
Facebook သုံးစွဲမှုသည် မြန်မာနိုင်ငံတွင် လူကြိုက်အများဆုံးဖြစ်ပြီး အင်တာနက်ကို မိုဘိုင်းဖုန်းဖြင့် အသုံးပြုကာ နိုင်ငံရေးလှုပ်ရှား မှု များနှင့် တက်ကြွ လှုပ်ရှားမှုများ အတွက် လှုံ့ဆော်ရာတခုအဖြစ်လည်း ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာနေသည်ကို တွေ့ရသည်။