မကြာသေးမီက ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Miss Asia Pacific World 2014 မှာ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် မေမြတ်နိုးတယောက် အလှမယ် သရဖူဆုကို ဆွတ်ခူးရရှိသွားနိုင်ခဲ့တယ်ဆိုတာ အားလုံးလည်းအသိပါပဲ။ မြန်မာ့သမိုင်း တလျှောက်မှာ နိုင်ငံတကာနဲ့ယှဉ်လို့ ပထမဆုံးအနေနဲ့ အာရှနဲ့ ပစိဖိတ် အလှမယ်သရဖူကို ဆွတ်ခူးနိုင်ခဲ့တဲ့အတွက် မြန်မာနိုင်ငံ အတွက်ရော၊ ပြည်သူတွေအတွက်ပါ ဘယ်လိုမှ မယုံကြည်နိုင် လောက်အောင် ဝမ်းသာပီတိ ဖြစ်ခဲ့ရတယ်ဆိုရင် မှားမယ်မထင်ပါဘူး။ အသက် ၁၈ နှစ်သာရှိသေးတဲ့ အလှမယ် မေမြတ်နိုးဟာ ရန်ကုန်မြို့မှာရှိတဲ့ Style Plus H ဆိုတဲ့ School of Personality Enhancement ဆိုတဲ့ ကျောင်းမှာ Personality Development course တက်ရင်းနဲ့ Miss Asia Pacific World 2014 အတွက် မြန်မာပြည်ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သူပါ။ အလှမယ်ဘဝကို ပထမဆုံး စတင် ဝင်ရောက်ခဲ့စဉ်မှာပဲ Miss Asia Pacific World 2014 ရဲ့ အလှမယ် ဖြစ်ခဲ့ရသူလည်းဖြစ်ပါတယ်။ အလှအပဆိုတာထက် ပင်ကိုယ် အရည်အသွေးကိုသာ ဦးစားပေးရွေးချယ်မယ့် Miss Asia Pacific World ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံ ကိုယ်စားပြု အနေနဲ့ မသွားရောက်ခင်မှာလည်း ဖိလစ်ပိုင်နိုင်ငံမှာ နိုင်ငံတကာအလှမယ်တယောက်နဲ့ ပတ်သက်တဲ့ လိုအပ်ချက်များကို သွားရောက် လေ့ကျင့်ခဲ့ ပါသေးတယ်။ မေမြတ်နိုးဟာ မြန်မာနိုင်ငံအနေနဲ့ နှစ် ၅၀ ကျော်အတွင်း ပထမဆုံး နိုင်ငံတကာ သရဖူဆု ဆွတ်ခူးခဲ့သူလည်း ဖြစ်ပါတယ်။ ဒါကြောင့် Miss Asia Pacific World 2014 အလှမယ် သရဖူဆုရှင် မေမြတ်နိုးကို ဧရာဝတီက ဆက်သွယ် မေးမြန်းပြောဆို ဖြစ်ခဲ့တာလေးတွေကို တင်ပြလိုက်ပါတယ်။
မေး။ ။ မြန်မာ့သမိုင်းမှာ နိုင်ငံကိုယ်စားပြုအနေနဲ့ ပထမဆုံး နိုင်ငံတကာအလှမယ်သရဖူဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့အပေါ် ဘယ်လိုသုံးသပ်ချင်လဲ။
ဖြေ။ ။ ကျမအရမ်းကို ဂုဏ်ယူဝမ်းသာမိပါတယ်။ နိုင်ငံအတွက် ဂုဏ်ဆောင်နိုင်အောင် တခုခု လုပ်ပေးနိုင်ခဲ့တဲ့အတွက် အရမ်းလည်း ဂုဏ်ယူမိပါတယ်။ နောက်ထပ် မြန်မာအလှမယ်တွေလည်း ကိုယ့်နိုင်ငံအတွက် သံဓိဌာန်မှန်မှန်နဲ့ ပြိုင်ပွဲတွေ ဝင်ပြိုင်မယ်ဆိုရင်လည်း နိုင်ငံအတွက် အကောင်းဆုံးလုပ်ပေး နိုင်ဦးမယ်လို့ ယုံကြည်ပါတယ်။
မေး။ ။ ဒီသရဖူက မြန်မာဆိုတာကို နိုင်ငံတကာသိအောင် ဘယ်လောက်အထိ ပံ့ပိုးပေးနိုင်လိမ့်မယ်လို့ မျှော်လင့်လဲ။
ဖြေ။ ။ ဟုတ်ကဲ့ ဒီပြိုင်ပွဲဟာ Super Talent ဆိုတဲ့ Title နဲ့ပါ။ ဒီတော့ သူတို့က ဘာလုပ်ပေးမလဲဆိုတော့ ဒီလို ဆုရသွားတဲ့ အမျိုးသမီးတွေအနေကို နိုင်ငံတကာမှာ Super Star တယောက် ဖြစ်အောင် လုပ်ပေးမှာပါရှင်။ အဲဒီအတွက် ကျမကို နိုင်ငံတကာက အသိအမှတ်ပြုသွားမှာပါ။ ဒီတော့ နိုင်ငံတကာနဲ့ မြန်မာနိုင်ငံရဲ့ Tourism နဲ့ Business ပိုင်းတွေအတွက်ကို အရမ်းကို အကျိုးပြုမယ်လို့ ထင်ပါတယ်။
မေး။ ။ ပြိုင်ပွဲမတိုင်ခင် ဖိလစ်ပိုင်မှာလည်း Training တွေ ယူခဲ့သေးတယ်ဆိုတော့ မေမြတ်နိုးအနေနဲ့ ဘာတွေ သင်ယူခဲ့ရလဲ။ ဟိုဘက်ကလည်း အလှမယ်တယောက်အတွက် ရှိသင့်ရှိထိုက်တဲ့ ဘယ်လိုအရာတွေကို အဓိကထား သင်ကြား ပြသပေးခဲ့လဲ။
ဖြေ။ ။ Cat Walk အဓိက ထားပြီး သင်ခဲ့ပါတယ်။ Evening Gown နဲ့ Cat Walk ၊ Victoria Secret Swim Suit နဲ့ Cat Walk နောက် National Costume နဲ့ Cat Walk … ပြီးရင် အင်တာဗျူးမှာ ဖြေရမယ့် အမေး အဖြေတွေပါ။
မေး။ ။ လတ်တလော နိုင်ငံတကာ စင်မြင့်တွေမှာ နေရာယူလာနိုင်နေတာက များသောအားဖြင့် ဖိလစ်ပိုင်မယ်တွေဆိုတော့ ဒီလို အနေအထားကို သူတို့တွေ ယူလာနိုင်တာ ဘာတွေကြောင့်လို့ထင်မိလဲ။ မေမြတ်နိုးအနေနဲ့က သူတို့ရဲ့ Training ကို ယူခဲ့ရတယ်ဆိုတော့ သူတို့တွေဆီက ဘာတွေကို လေ့လာမိခဲ့လဲ။
ဖြေ။ ။ ဖိလစ်ပိုင်မယ်တွေက သူတို့မှာ Confidence အပြည့်ရှိပါတယ်။ အဲဒါကြောင့်လည်း သူတို့ Cat walk လျှောက်တဲ့နေရာမှာ တကယ် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိရှိနဲ့ လျှောက်တယ်။ စကားပြောတာကအစ ယုံကြည်မှု အပြည့်နဲ့ ပြောတယ်။ နောက်ဆုံး နေထိုင် စားသောက်တာကအစ ယုံကြည်မှုအပြည့် ရှိနေလို့ ပြိုင်ပွဲတွေမှာ ထင်ပေါ်ပြီးတော့ ဆုတွေကို ဆွတ်ခူးနိုင်ခဲ့တာပါ။ အဲဒါတွေက ကျမ ဖိလစ်ပိုင်သွားပြီး သင်ယူခဲ့စဉ်တုန်းက ရလိုက်တဲ့ အတွေ့အကြုံနဲ့ သင်ခန်းစာပါပဲ။
မေး။ ။ ဒီလို သူတို့ရဲ့ အားသာချက်၊ အားနည်ချက်တွေကို နောက်ထပ် နိုင်ငံတကာစင်မြင့်တွေဆီ တက်လှမ်းမယ့် မြန်မာအလှမယ်တွေနဲ့ သူတို့ရဲ့အဖွဲ့အစည်းတွေအနေနဲ့ လေ့လာသင့်၊ အတုယူသင့်တယ်လို့ မြင်မိလား။
ဖြေ။ ။ Organization တွေက သူတို့ အဖွဲ့အစည်းနဲ့ ပတ်သက်တဲ့၊ လိုက်ဖက်တဲ့ လေ့ကျင့်သင်ကြားမှုတွေတော့ ပေးမှာပါ။ ဒီတော့ ဒီအဖွဲ့အစည်းတွေအနေနဲ့ သူတို့ရဲ့မယ်တွေအတွက် အကောင်းဆုံး လုပ်ကိုင်ပေးနိုင်မယ်လို့ ကျမ ယုံကြည်ပါတယ်။ အဲဒီအတွက်လည်း ရာနှုန်းပြည့် ကိုယ်က ပြင်ဆင်သွားမယ်။ လိုအပ်ချက်မရှိဘူးဆိုရင် ပြိုင်ပွဲမှာ အကောင်းဆုံး ပြိုင်နိုင်မယ်လို့ ယုံကြည်ပါတယ်။
မေး။ ။ ယုံကြည်မှုဆိုလို့ မေမြတ်နိုးရဲ့ ပြိုင်ပွဲဝင်တလျှောက်လုံးက ပုံရိပ်တွေကို ကြည့်လိုက်ရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည်နဲ့ လုပ်သင့်လုပ်ထိုက်တာကို သေချာလုပ်ဆောင် သွားလာနိုင်ခဲ့တာကို များသောအားဖြင့် တွေ့ခဲ့ရတယ်။ ဆိုတော့ … မြန်မာဆိုတာ နိုင်ငံတကာမှာ မျက်နှာငယ်စွာနဲ့ နေခဲ့ရတဲ့ အနေအထားတွေရှိခဲ့တော့ ဘယ်လို ယုံကြည်မှုတွေနဲ့ ဝင်ပြိုင်ခဲ့ တာလဲ။
ဖြေ။ ။ ဟုတ်ကဲ့၊ ဒါကတော့ ကျမ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ သွားပြိုင်ခဲ့ရတော့ မြန်မာဆိုတာကို ထင်ပေါ်အောင် မြန်မာ့ဂုဏ်လှအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သွားခဲ့တာပါ။ မြန်မာနိုင်ငံဟာ ရကို ရရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ သွားပြိုင် ခဲ့တာပါ။ မြန်မာနိုင်ငံကို နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်ရမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြိုင်ခဲ့တာပါ။
မေး။ ။ ဒီ အလှမယ် သရဖူဆုဟာ မြန်မာအမျိုးသမီးတွေလည်း နိုင်ငံတကာအလယ်မှာ ခွန်အားရှိပါတယ်၊ ထက်မြက်ပါတယ် ဆိုတာကို ပထမဆုံးအနေနဲ့ ပြသလာနိုင်ခဲ့တဲ့ မြန်မာအမျိုးသမီးတွေရဲ့ခွန်အားလို့ မေမြတ်နိုး ယူဆပါသလား။
ဖြေ။ ။ ဟုတ်ကဲ့ပါ။ မြန်မာအမျိုးသမီးတွေဟာ နိုင်ငံတကာ အဆင့်အတန်းလည်း ဝင်တယ်၊ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုရှိတယ်၊ စိတ်ထားလည်း လှတယ်၊ အပြင်ပန်းလည်း လှတယ်။ ဒါကို ကျမအနေနဲ့ အရင်ဆုံး လမ်းဖွင့်ပြီး ပြသလာနိုင်ခဲ့တယ်လို့ ယူဆပါတယ်။ ဒီထက်အများကြီး စိတ်ထားရော အပြင်ပန်းရောလှတဲ့ မြန်မာ အမျိုးသမီးလေးတွေပါ ရှိနေသေးတယ်ဆိုတာကို ကျမအနေနဲ့ အရင်ဦးဆုံး ဖော်ပြလာနိုင်ခဲ့တယ်လို့ ယူဆပါတယ်။
မေး။ ။ ကိုယ့်တိုင်းပြည်နဲ့ လူမျိုးအတွက်ကိုရော မြန်မာအမျိုးသမီးတွေအနေနဲ့ တတ်နိုင်တဲ့ဘက်က သူတို့ခွန်အားနဲ့ စွမ်းဆောင်နိုင်မယ်လို့ရော ယုံကြည်မိလား။
ဖြေ။ ။ ဟုတ်ကဲ့၊ ယုံကြည်ပါတယ်။
မေး။ ။ နိုင်ငံဂုဏ်ဆောင် မြန်မာအမျိုးသမီးတယောက် အနေနဲ့ မြန်မာအမျိုးသမီးတွေ အတွက်၊ တိုင်းပြည်နဲ့လူမျိုးအတွက် ဘာတွေ လုပ်သွားဖို့ရှိမလဲ။
ဖြေ။ ။ ဟုတ်ကဲ့၊ ကျမက အခုကျောင်းမပြီးသေးဘူးဆိုတော့ ကျမ တတ်နိုင်သလောက်ကို ချင့်ချိန်ပြီးတော့ မြန်မာပြည် အတွက်၊ မြန်မာအမျိုးသမီးတွေအတွက် လုပ်ပေးချင်တာတွေ ရှိပါတယ်။
မေး။ ။ ဒီလိုလုပ်ဆောင်နိုင်ဖို့ဆိုတာကလည်း အခွင့်အလမ်းတွေ အခွင့်အရေးတွေရှိမှ လုပ်ခွင့်ရှိမှာ ဆိုတော့ မြန်မာအမျိုးတွေအတွက် လုပ်ဆောင်နိုင်မယ့် အခွင့်အလမ်းတွေ၊ အခွင့်အရေးတွေ ပေးသင့်တယ်၊ ရှိသင့်တယ်လို့ ယူဆမိပါလား။
ဖြေ။ ။ ဟုတ်ကဲ့၊ မြန်မာအမျိုးသမီးတွေအတွက် အခွင့်အလမ်း အခွင့်အရေးတွေ ပေးသင့်တယ်လို့ ထင်ပါတယ်။
မေး။ ။ ပထမဆုံး မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်အနေနဲ့ ကိုယ့်နိုင်ငံအတွက် အကောင်းဆုံးယှဉ်ပြိုင်မယ် ဆိုတာနဲ့ စခဲ့တယ်။ အဲဒီကနေမှ ပြိုင်ပွဲဝင် နိုင်ငံပေါင်းလေးဆယ်ကျော်က အလှမယ်တွေကို ဖြတ်ကျော်ပြီး အလှမယ် သရဖူဆုကို ရခဲ့တယ်။ ဒီတော့ ကိုယ့်နိုင်ငံကိုယ်စားပြု ဆိုတာကနေ နိုင်ငံတကာကိုယ်စားပြု အလှမယ်တယောက် အနေနဲ့ ဖြစ်လာတဲ့အခါ ဘယ်လောက်အထိ တာဝန်ကြီးသွားပြီလို့ ခံယူမိလဲ။
ဖြေ။ ။ ကျမတို့ မြန်မာတင်မကဘူး၊ ကမ္ဘာမှာရှိတဲ့ အမျိုးသမီးတွေဟာ အရည်အသွေးရှိပါတယ်ဆိုတာကို ကျမကနေ ခေါင်းဆောင်အနေနဲ့ ပြရမှာပေါ့။ တာဝန်တော့ ကြီးပါတယ်ရှင့်။