ပီနန်ဆရာတော်ကြီးဦးပညာဝံသနှင့် သံဃမဟာနာယကအဖွဲ့အကြား ပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိသော ရန်ကုန်မြို့ တာမွေ မြို့နယ် နတ်ချောင်းရပ်ကွက်ရှိ မဟာသနိ္တသုခကျောင်းတော်ကြီးကို နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့က သိမ်းယူ လိုက်ပြီဖြစ်ပြီး ယင်းကျောင်းကိစ္စနှင့်ပတ်သက်၍ သံဃာတော် အပါး ၂၀ကို ထိန်းသိမ်းပြီး ဥပဒေနှင့်အညီ စစ်ဆေး မှုများ လုပ်ဆောင်နေကြောင်း သာသာနာရေးဝန်ကြီးဌာနက ယနေ့ တရားဝင် ကြေညာလိုက်သည်။
ရန်ကုန်မြို့၊ ကမ္ဘာအေးရှိ ရန်ကုန်တိုင်းသာသနာရေးဦးစီးဌာနရုံးအဆောက်အအုံတွင် ယနေ့ ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် သာသနာရေးဝန်ကြီးဌာနက ယင်းသို့ တရားဝင်ကြေညာလိုက်ခြင်းဖြစ်ပြီး ပီနန်ဆရာတော်ကြီးသည် ဓမ္မစက်ဖြင့် ကျောင်းတိုက်ဖယ်ရှားခိုင်းသည်ကို ငြင်းဆန်သည့်အတွက် ဇွန်လ ၁၀ ရက်နေ့ ညပိုင်းတွင် အင်အားသုံး ဖယ်ရှား ခဲ့ကြောင်း ရှင်းလင်းပြောဆိုသည်။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ညွှန်ကြားချက်အရ မဟာသန္တိသုခကျောင်းတိုက်ကြီးကို ဇွန်လ ၁၀ ရက်နေ့ ညပိုင်းတွင် စည်းကမ်းထိန်းသိမ်းရေး ဘုန်းကြီး ၂၈၁ ပါး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ များဖြင့် ကျောင်းတိုက်ကို ဝင်ရောက်စီးနင်းခဲ့ပြီး ကျောင်းမှ သံဃာတော် ၇ ပါးကို ထိန်းသိမ်းထားကြောင်း သိရှိရသည်။
ည အချိန်မတော် ဗုဒ္ဓသာသာနာပြုကျောင်းတိုက်ကြီးတခုကို ဝင်ရောက် စီးနင်းရခြင်းမှာ မလိုလားအပ်သော ပဋိပက္ခများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်သောကြောင့် ဖြစ်ကြောင်း သာသာနာရေး ဝန်ကြီးဌာနတာဝန်ရှိသူများက ရှင်းလင်းပြောဆိုသည်။
မဟာ သန္တိသုခကျောင်းတိုက်ကြီးသည် နိုင်ငံတော် အစိုးရက သံဃနာယကအဖွဲ့ထံသို့ ရေစက်ချ လှူဒါန်းပြီးဖြစ်၍ ဝိနည်း အရ ပီနန်ဆရာတော်ကြီး ဦးပညာဝံသထံသို့ ပြန်လည် လွှဲပြောင်းရန် လုံး၀ မဖြစ်နိုင်ကြောင်း ၊ နိုင်ငံတော် သံဃ မဟာ နာယက အဖွဲ့က ပီနန်ဆရာတော်အား ကျောင်းတိုက်ကြီးမှ ထွက်ခွားပေးရန် အကြိမ်ကြိမ် စာထုတ်ခဲ့သော်လည်း လိုက်နာ မှု မရှိသောကြောင့် ဓမ္မစက်ကိုအာဏာစက်ဖြင့် တရားဝင်အောင် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများက ပူးပေါင်း ဆောင်ရွက်ပေးရခြင်း ဖြစ်ကြောင်း သတင်းစာရှင်လင်းပွဲတွင်သာသာနာရေး ဝန်ကြီးဌာန တာဝန်ရှိသူများက ပြောဆိုသည်။
“နိုင်ငံတော်အစိုးရမှ သံဃာတော်အား ရည်မှန်း၍ သာသနိက ကျောင်း အဖြစ် လှူဒါန်းခဲ့သဖြင့်ပီနန်ဆရာတော်ကြီး ဦးပညာဝံသအား လှူဒါန်းတာ မဟုတ်တဲ့အတွက်ပီနန်ဆရာတော်ကြီး ဦးပညာဝံသမှာ ပုဂ္ဂလိကအနေဖြင့် ပိုင်ဆိုင်ခွင့် မရှိကြောင်း ထင်ရှားစွာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ထိုစဉ်က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့သူမှာ ယခုလက်ရှိ နိုင်ငံတော် သမ္မတရုံး အကြံပေး ပုဂ္ဂိုလ် ဦးအံ့မောင် ကိုယ်တိုင်ပါဝင် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ” ဟု သာသနာရေး ဦးစီး ဌာန ဒုညွှန်ချုပ် ဦးဇာနည်ဝင်းက ပြောကြားသည်။
မဟာသန္တိသုခကျောင်း ပိုင်ဆိုင်မှု အငြင်းပွားမှုနှင့် ဆက်စပ်၍ သံဃာတော် အပါး ၂၀ ကို ထိန်းသိမ်းထားပြီး ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်နေကြောင်း၊ လူပုဂ္ဂိုလ် ၃၂ ဦးကိုလည်း ဝန်ခံကတိလက်မှတ်ထိုးခိုင်းပြီး ပြန်လည် လွှတ်ပေး လိုက်ကြောင်းရန်ကုန်တိုင်း သာသနာရေး ဦးစီးဌာန ဦးစီးမှူး ဦးစိန်မော်က ပြောကြားသည်။
ပီနန်ဆရာတော်ကြီးက မဟာသန္တိသုခ ကျောင်း ပိုင်ဆိုင်မှု အငြင်းပွားမှုကို ဥပဒေကြောင်းအရ တရားရုံးတွင် ဖြေရှင်းသွား မည်ဟု ပြောဆိုထားသော်လည်း ယင်းပြောဆိုမှုသည် တရားရုံးတွင် ဖြေရှင်းရန်မလိုဘဲ နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့ သည် သံဃာထု၏ အမြင့်ဆုံးအဖွဲ့အစည်း ဖြစ်သည့်အတွက် ယင်းအဖွဲ့၏ အဆုံးအဖြတ်သည်သာ အတည် ဖြစ်ကြောင်း သာသနာရေး ဝန်ကြီးဌာန အကြံပေး ဦးအံ့မောင်က ပြောကြားသည်။
“နိုင်ငံတော် မဟာသံဃနာယကအဖွဲ့ကို မမှန်ဘူးလို့ ထင်လို့ရှိရင် ခင်ဗျားတို့ ကြိုက်တဲ့တရားရုံးကို သွား” ဟု ဦးအံ့မောင်က သတင်းထောက်များကို အော်ဟစ်ပြောဆိုသည်။
သာသနာရေးဝန်ကြီးဌာန၏ သတင်းစာ ရှင်းလင်းပွဲသို့ ပီနန်ဆရာတော်ကြီး၏ တပည့် ဒါယိကာများ တက်ရောက်ခဲ့ပြီး ဆရာတော်ကြီးမှာ မဟာသန္တိသုခ သတင်းကို ကြားသည့်အခါအလွန်စိတ်မကောင်း ဖြစ်နေကြောင်း၊ ဆရာတော်ကြီးမှာ ကျန်းမာရေး ကောင်းမွန်သော အနေအထား မဟုတ်တော့ကြောင်း ၊ ကျောင်းတိုက်ကြီးကိုညဘက်တိတ်တဆိတ် ဝင်ရောက် စီနင်းခြင်းကို လုံး၀ နားမလည်နိုင်ကြောင်းပြောဆိုခဲ့ကြသည်။
သနိ္တသုခကျောင်းကို အင်အားသုံးဝင်ရောက်စီးနင်းသိမ်းပိုက်ပြီး ကျောင်းရှိ သံဃာတော်တို့ကို အတင်းအကျပ် ခေါ်ဆောင်မှုနှင့် ကျောင်းတော်ကြီးကို ချိတ်ပိတ်မှုသည် ဗုဒ္ဓဘာသာ ထွန်းကားသော နိုင်ငံတခုတွင် လွန်စွာ အကျည်းတန် ရုပ်ဆိုးလှသည်ဟု ၈၈မျိုးဆက် ( ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)က ကြေညာချက်တရပ် ထုတ်ပြန်သည်။
အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ကမူ သန္တိသုခကျောင်းတိုက်ကြီး အဓမ္မ သိမ်းပိုက်ခံရမှုကို ပြန်လည်တုံ့ပြန်ရန် ဆွေးနွေးမှုများ ဆောင်ရွက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခက ဧရာဝတီသို့ မိန့်ဆိုသည်။