သတင်း

PR စနစ်ဖြင့် ကိုယ်စားလှယ် ရွေးချယ်ရန် အမျိုးသား လွှတ်တော် အတည်ပြု

This article has been converted from Zawgyi One to Unicode

အမျိုးသား လွှတ်တော်တွင် ကိုယ်စားလှယ်များ ရွေးချယ်ရာ၌ မဲအချိုးကျ ကိုယ်စားပြု ရွေးချယ်သည့် စနစ် (Proportional Representative / PR) ကို ကျင့်သုံးရန် ယနေ့ကျင်းပသည့် အမျိုးသား လွှတ်တော်တွင် အတည်ပြုကြောင်း သိရသည်။

PR စနစ် ကျင့်သုံးရန် အမျိုးသား လွှတ်တော်သို့ တက်ရောက်လာသည့် ကိုယ်စားလှယ် ၂၀၄ ဦးတွင် ကန့်ကွက်မဲ ၈၅ ဦးရှိပြီး ထောက်ခံမဲ အများစုဖြင့် သဘောတူ အတည်ပြုလိုက်ခြင်း ဖြစ်သည်။

PR စနစ် ပုံဖော် ဆောင်ရွက်သွားရေး အတွက် အမျိုးသား လွှတ်တော်အတွင်း PR စနစ် အကောင်အထည် ဖော်ဆောင်ရေး ကော် မတီ တရပ်အား PR စနစ်ကို ဝင်ရောက် ဆွေးနွေးကြသည့် ကိုယ်စားလှယ် ၂၅ ဦး အပါအဝင်၊ ကိုယ်စားလှယ် ၄၀ ကျော်ဖြင့် ယနေ့တွင် ဖွဲ့စည်းခဲ့ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။

လာမည့် ပါတီစုံ ရွေးကောက်ပွဲများတွင် အမျိုးသားလွှတ်တော် အတွက် ကိုယ်စားလှယ်များ ရွေးချယ်ရာ၌ အချိုးကျ ကိုယ်စားပြု စနစ် ကို ကျင့်သုံးရန် လွှတ်တော်က အဆုံးအဖြတ် ပေးရန်နှင့် ဥပဒေ ပြင်ဆင်ရေး လုပ်ငန်းများကို လိုအပ်သလို ဆက်လက် ဆောင် ရွက် ပေးရန် အတွက် ဇွန်လ ၃ ရက်က ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် (၁) အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အား တိုက်တွန်းကြောင်း အဆို တင်သွင်းရာ အမျိုးသား လွှတ်တော်က လက်ခံ ဆွေးနွေးရန် သဘောတူလိုက်ခြင်း ဖြစ်သည်။

အမျိုးသား လွှတ်တော်တွင် ယင်းအဆိုနှင့်ပတ်သက်ပြီး သဘောထားအသီးသီးကို ကိုယ်စားလှယ် ၂၅ ဦးက သုံးရက်ကြာ ဆွေးနွေးပြီး နောက် ဆန္ဒမဲခွဲ၍ အတည်ပြုလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

PR စနစ်ကို လက်ရှိ အချိန်တွင် ကျင့်သုံးရန် မဖြစ်နိုင်သေးကြောင်းကို တပ်မတော်သား ကိုယ်စားလှယ်များနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်များ ဘက်က ကန့်ကွက်ခဲ့ကြပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင် ကိုယ် စားလှယ်များက ထောက်ခံ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အမျိုးသားလွှတ်တော်မှ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူး ဝင်းသိန်းက ယခုအချိန်တွင် ယင်းစနစ် ကျင့်သုံးရန် အချိန် စော သေးကြောင်း၊ တိုင်းရင်းသား ပြည်သူများ၏ အရေးကိစ္စကို လက်ရှိအချိန်တွင် ထည့်သွင်းဆွေးနွေးရန် လိုအပ်ကြောင်း စသည့်အချက် များဖြင့် PR စနစ်အပေါ်ကို ကန့်ကွက်ခဲ့သည်။

ယနေ့ သဘောတူလိုက်သည့် PR စနစ် ကျင့်သုံးရေး အဆိုနှင့် ပတ်သက်ပြီး စစ်ကိုင်းတိုင်း ဒေသကြီး ကိုယ်စားပြု အမျိုးသားလွှတ် တော် ကိုယ်စားလှယ် NLD ပါတီဝင် ဒေါက်တာမြင့်နိုင်က“ဒေါ်ခင်ဝိုင်းကြည် ပထမ တင်သွင်း သွားတုန်းက အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေကို PR စနစ်နဲ့ ရွေးချယ်ဖို့ ရှင်းပြတယ်။ နောက်တခေါက် ရှင်းပြတော့ တိုင်းနဲ့ ပြည်နယ်တွေက လွဲပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွေ မပါဘူးလို့လည်း ပြောတယ်။ အဲဒီကိစ္စ အပေါ်မှာတော့ ကျနော် သိပ်မရှင်းဘူး။ နောက်ပြီး ဒီနေ့ အစီအစဉ်ထဲမှာ PR စနစ်ကို အကောင်အထည်ဖော်ဖို့ ကော်မတီဖွဲ့မယ့် ကိစ္စ မပါဘူး။ အခုမှ နာယက က တန်းဖွဲ့လိုက်တယ်။ ကော်မတီမှာ ပါဝင်မယ့် သူတွေ ရွေးချယ်တာလည်း သိပ်မရှင်းဘူး”ဟု ဧရာဝတီကို ပြောသည်။

PR စနစ်နဲ့ ပတ်သက်ပြီး သဘောထား အသီးသီး ဆွေးနွေးတင်ပြခဲ့သည့် ကိုယ်စားလှယ် ၂၅ ဦးထဲမှ ထောက်ခံ ဆွေးနွေးခဲ့သည့် ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် (၃) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကလည်း ပြောသည်။

“၂၀၀၈ ဖွဲ့စည်းပုံရဲ့ အခြေခံ ယူဆမှုမှာကိုက ပါတီစုံ ဒီမိုကရေစီ ကျင့်သုံးဖို့ပဲ။ ဒါကြောင့် ပါတီစုံ ဒီမိုကရေစီ ကျင့်သုံးဖို့ ဆိုရင် အခုလို အချိုးကျ ကိုယ်စားပြု စနစ် ကျင့်သုံးဖို့ လိုတယ်။ PR စနစ် ကျင့်သုံးတဲ့ နိုင်ငံပေါင်း ၁၂၀ ကျော် ရှိနေတာ ထိုင်းမှာ ကျင့်သုံးတဲ့ PR စနစ်ကို အတုခိုးတာမျိုး မလုပ်ဘဲ ကိုယ့်နိုင်ငံနဲ့ ကိုက်ညီမယ့် စနစ်ကို ကျင့်သုံးသွားဖို့ပဲ လိုတယ်” ဟု ၎င်းက ဆိုသည်။

မဲအချိုးကျ ကိုယ်စားပြု PR စနစ်ဆိုသည်မှာ မဲဆန္ဒနယ် တခုတွင် မဲအများဆုံး ရရှိသူက အနိုင်ရရှိသည့် ပုံစံ မဟုတ်ဘဲ ထောက်ခံမဲ အချိုးကျပေါ် မူတည်ပြီး လွှတ်တော် ကိုယ်စားလှယ် ရရှိသည့် ပုံစံ ဖြစ်သည်။

Loading