၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခွင့် မရရှိစေရန် တားဆီး နေသော ပုဒ်မ ၅၉ (စ) ပါ ပြဋ္ဌာန်းချက်များကို မပြင်ဆင်ရန် ပြည်ထောင်စုလွှတ်တော်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင် နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီက ဇွန်လ ၆ ရက်နေ့တွင် ဆုံးဖြတ် လိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် အများစု ပါဝင်သော လွှတ်တော် ကိုယ်စားလှယ် ၃၁ ဦးပါ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည် ဖော်မှု ကော်မတီက ဇွန်လ ၆ ရက်နေ့တွင် ကျင်းပ သော အခြေခံဥပဒေ ပြင်ဆင်ရေး အစည်းအဝေးတွင် ပုဒ်မ ၅၉ (စ) မပြင်ဆင်ရန် မဲခွဲ ဆုံးဖြတ် အတည်ပြု လိုက်ခြင်း ဖြစ်သည်ဟု သိရှိရသည်။
“ပုဒ်မ ၅၉ (စ) လုံး ပြင်ဖို့၊ မပြင်ဖို့ မဲခွဲဆုံးဖြတ် တယ်။ ပုဒ်မ ၅၉ (စ) ပြင်ဖို့ ထောက်ခံမဲက ၅ မဲပဲရှိတယ်။ မပြင်ဆင်ဖို့ မဲပေး တာက တော်တော်များ တယ်။ မပြင်ဆင်ဖို့မဲက အသာရသွားတော့ ၅၉ (စ) ပြင်ဆင်ဖို့ကတော့ ဒီလွှတ်တော် သက်တမ်း အတွင်း မှာ ဘယ်လိုမှမဖြစ်နိုင်တော့ဘူး” ဟု ဖွဲ့စည်းပုံ ပြင် ဆင်ရေး လွှတ်တော် ကော်မတီတွင် ပါဝင်သော လွှတ်တော် ကိုယ်စားလှယ်တဦးက ဧရာဝတီသို့ ပြော ဆိုသည်။
အဖွဲ့ဝင် ၃၁ ဦး ပါဝင်သော ဖွဲ့စည်းပုံပြင်ရေး လွှတ်တော်ကော်မတီတွင် တပ်မတော်သား လွှတ်တော်ကိုယ်စား လှယ် ၇ ဦး ပါဝင်ရာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အားလုံးက ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေးအဆိုကို ပြင်းပြင်းထန်ထန် ကန့်ကွက်မှု များရှိခဲ့သည်ဟု ဧရာဝတီက စုံစမ်းသိရှိရသည်။
ပုဒ်မ ၅၉ (စ) သည် နိုင်ငံတော် သမ္မတ ဖြစ်ခွင့်ရှိရေး အရည်အချင်း သတ်မှတ်ပြဋ္ဌာန်းချက် ဖြစ်ပြီး သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံရမည့် သူသည် မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီးတဦးဦးသော် လည်းကောင်း၊ ထို တရားဝင် သားသမီးတဦးဦး၏ ဇနီးနှင့် ခင်ပွန်း သည် နိုင်ငံခြား အစိုးရ ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံသို့မဟုတ် တိုင်းတပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ ၊ ထိုသူများသည် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံ ဖြစ်သူသော် လည်း ကောင်း၊ တိုင်းတပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူး ခံစားခွင့်များကို ခံစား နိုင်ခွင့် ရှိသူများ မဖြစ်စေရဟု ဖော်ပြထားပြီး ယင်းသတ် မှတ်ချက်သည် နိုင်ငံခြားသား ၂ ဦးရှိနေသော ဒေါ်အောင်ဆန်း စုကြည် ကို သမ္မတဖြစ်ခွင့် မရှိစေရန် တားဆီးထားခြင်းဖြစ်သည်။
ကြံ့ခိုင်ရေးပါတီမှ ရွှေပြည်သာမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်၊ ဖွဲ့စည်းပုံပြင်ရေး လွှတ်တော် ကော်မတီဝင်လည်းဖြစ်သူ ဗိုလ်မှူး ကြီးဟောင်း ဦးတင်မောင်ဦးက ပုဒ်မ ၅၉ (စ) ပြင် ဆင်ဖွယ်ရှိ သည်ဟု ဧရာဝတီသို့ မေလတွင် ပြောဆိုခဲ့ သော်လည်း လွှတ်တော်ကော်မတီက ပုဒ်မ ၅၉ (စ) မပြင်ဆင်ရန် ဆုံးဖြတ်မှုကိုမူ တိတိကျကျ ဖြေဆို ခြင်းမပြုဘဲ တိမ်းရှောင်ဖြေဆိုသွားသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လွှတ် တော်ကော်မတီတွင် ကြံ့ခိုင်ရေး လွှတ်တော်ကိုယ်စား လှယ် ၁၄ ဦး၊ စစ်တပ် လွှတ်တော် အမတ် ၇ ဦး၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော်အမတ် ၂ ဦး၊ အခြား နိုင်ငံရေး ပါတီများမှ လွှတ်တော် အမတ် ၈ ဦး စုစုပေါင်း ၃၁ ဦး ပါဝင်သည်။
(သာလွန်ဇောင်းထက်နှင့်ထက်နိုင်ဇော် ပူးတွဲရေးသားသည်)