မြန်မာနိုင်ငံ တဝန်းမှ ကျူးကျော် နေထိုင်သူများနှင့်အိမ်ခြေ၊ ယာခြေမဲ့များ အတည်တကျ နေထိုင်နိုင်ရန် အိမ်ရာ စီမံကိန်း များကို ၂၀၁၅ ခုနှစ် မတိုင်မီ စီစဉ်ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း၊ ထိုစီမံကိန်းကို နိုင်ငံတဝန်းက မြို့ကြီး ၅၆ မြို့တွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း ယမန်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော်၌ ဆောက်လုပ်ရေး ဒု ဝန်ကြီး ဦးစိုးတင့် က ပြောဆိုသွားသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရ ဦးအောင်ကိုက ကျူးကျော်များနှင့်ပတ်သက်၍ မေးမြန်းစဉ် ဒု ဝန်ကြီး က ထိုသို့ ဖြေ ဆိုခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ၌ လူဦးရေ တသိန်းနှင့်အထက်ရှိသည့် မြို့ ၅၆ မြို့ကို စီမံကန်း ရေးဆွဲထားကြောင်း လည်း ဒုဝန်ကြီး က ဖြေဆိုခဲ့ပြီး မည်သို့ နေရာချထား၊ ရောင်းချပေးသွားမည် ဆိုသည်ကိုမူ အသေးစိတ် မဖြေဆိုခဲ့ပေ။