ဘရာဇီးနိုင်ငံမှာ ကျင်းပမယ့် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားရဲ့ တိုက်ရိုက်တင်ဆက်မှုမှာ သရုပ်ဖော် ကစားပေးဖို့ မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ် (MCF) ကို ဖိတ်ခေါ်ခဲ့ပေမယ့် မသွားနိုင်တော့လို့ မြန်မာ့ခြင်းလုံးခတ် စွမ်းရည်နဲ့ အလှအပတွေ ပြသနိုင်မယ့် အခွင့်အရေး တရပ်ဆုံးရှုံးသွားပြီ ဖြစ်ပါတယ်။
ဘရာဇီးကမ္ဘာ့ဖလား ဖွင့်ပွဲအခမ်းအနား ရုပ်သံ ရိုက်ကူးခွင့်ရ Pindorama က ကြိုတင်ကမ်းလှမ်းခဲ့ပေမယ့် MCF အနေနဲ့ ခရီးစရိတ် မတတ်နိုင်တာနဲ့ ပြည်တွင်းမှာ ကျင်းပမယ့် “မိုးရာသီ တံခွန်စိုက် မန္တလေးတိုင်းဝန်ကြီးချုပ်ဖလားနှင့် တိုင်းဒေသကြီးပြည်နယ် စွမ်းရည်ပြ အလှခတ်ပြိုင်ပွဲ Ooredoo ဖလား” ပွဲစဉ်ရှိနေတာကြောင့် ခရီးစဉ်ကို ဖျက်သိမ်းလိုက်တာလို့ အာရှ ခြင်းလုံး အဖွဲ့ချုပ် အတွင်းရေးမှူး ဦးပြည့်စုံမြင့် က ဧရာဝတီကိုပြောပါတယ်။
“ဘရာဇီးနိုင်ငံကို မသွားနိုင်ရခြင်း အကြောင်းကတော့ ကျနော်တို့ဆီမှာ ပြိုင်ပွဲနဲ့တိုက်နေတာက တကြောင်း၊ နောက်တခါ ကျနော်တို့ ဘာသာ ကျနော်တို့ အကုန်အကျခံပြီး သွားရတော့မယ့် အခြေအနေမျိုးဖြစ်နေလို့ ကျနော်တို့ အဲဒီအစီအစဉ်ကို နောက်ဆုတ်လိုက်ရခြင်းဖြစ်တယ်” လို့ ဦးပြည့်စုံမြင့်က ပြောပါတယ်။
၂၀၁၃ ခုနှစ်ထဲမှာ Pindorama ရိုက်ကူးရေးအဖွဲ့ဟာ မြန်မာနိုင်ငံကို လာရောက်ပြီး မြန်မာ့ခြင်းလုံးအကြောင်း မှတ်တမ်းတင် ဗွီဒီယို ရိုက်ကူးသွားခဲ့ပြီး အဲဒီမှတ်တမ်းထွက်ရှိပြီးတဲ့နောက် ကမ္ဘာ့ဖလား ဖွင့်ပွဲအခမ်းအနားမှာ သရုပ်ဖော်ပြသဖို့ မြန်မာခြင်းလုံးအဖွဲ့ချုပ် ကို ကမ်းလှမ်းခဲ့တာလို့ သိရပါတယ်။
Pindorama ရိုက်ကူးရေးအဖွဲ့က ကမ္ဘာပေါ်မှာရှိတဲ့ ကစားနည်းတွေထဲကမှ ဘောလုံးသဏ္ဍာန် အလုံးတွေကို ခတ်ကစားတဲ့ ကစားနည်းတွေထဲက ထူးခြားတဲ့ ကစားနည်းတွေ ကစားကြတဲ့ မြန်မာ၊ ဂျာမနီ၊ အိုင်ယာလန်နဲ့ ထိုင်း စတဲ့နိုင်ငံတွေကို ရွေးချယ်ပြီး ကမ္ဘာ့ဖလားဖွင့်ပွဲအခမ်းအနားမှာ တင်ဆက်ဖို့ အတွက် ဒီလေးနိုင်ငံကို ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံကိုလည်း ထူးခြားနက်နဲတဲ့ မြန်မာ့ခြင်းလုံး စွမ်းရည်တွေကို ဖွင့်ပွဲနေ့ တိုက်ရိုက်တင်ဆက်မှုမှာ ပြသနိုင်ဖို့ ၂၀၁၄ ဇန်နဝါရီလက ဖိတ်ခေါ်ခဲ့ပါတယ်။
ဒါပေမယ့် သွားရောက် သရုပ်ပြမယ့် မြန်မာ ခြင်းလုံး မောင်၊ မယ် ၁၅ ဦးအတွက် လမ်းစရိတ်နဲ့ နေထိုင်စရိတ်တွေအတွက် ကုန်ကျမယ့် ကျပ် သိန်း ၃ ထောင်မှ ၄ ထောင်ခန့် ကို အကုန်ကျမခံနိုင်တာနဲ့ နှစ်စဉ် ကျင်းပနေကြ မိုးရာသီ တံခွန်စိုက် ခြင်းလုံးပြိုင်ပွဲ ရှိနေတာကြောင့် ဘရာဇီးနိုင်ငံ ခရီးစဉ်ကို နောက်ဆုတ်လိုက်တာလို့ MCF တာဝန်ရှိသူက ပြောပါတယ်။
မြန်မာနိုင်ငံမှာ နှစ်စဉ်ကျင်းပနေကြဖြစ်တဲ့ ခြင်းလုံးပြိုင်ပွဲသုံးပွဲ ကို မကြာခင်က ဆက်သွယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်ခွင့် ရရှိခဲ့တဲ့ Ooredoo ကုမ္မဏီက တနှစ်ကို အမေရိကန်ဒေါ်လာ ၆ သောင်း ပံ့ပိုးကူညီကာ စာချုပ် ချုပ်ဆိုထားကြောင်း ပြိုင်ပွဲကို “မိုးရာသီ တံခွန်စိုက် မန္တလေးတိုင်းဝန်ကြီးချုပ်ဖလားနှင့် တိုင်းဒေသကြီးပြည်နယ် စွမ်းရည်ပြ အလှခတ်ပြိုင်ပွဲ Ooredoo ဖလား” လို့ အမည်တပ်ထားကြောင်းသိရပါတယ်။
ကမ္ဘာ့နိုင်ငံအသီးသီးက စောင့်ကြည့်နေကြမယ့် ကမ္ဘာ့ဖလား ဖွင့်ပွဲကြီးမှာ ပါဝင်ခွင့် ရရှိခဲ့တဲ့ အခွင့်အရေးကို လက်လွှတ်လိုက်တာကို မြန်မာပရိသတ်ကတော့ မကျေမနပ်ဖြစ်နေပါတယ်။
“ဒီည ဖွင့်ပွဲကြီးမှာ မြန်မာ့ခြင်းလုံးစွမ်းရည်ပြပွဲ ပါလိုက်ရင် ကျနော်တို့မြန်မာတွေကြည့်ရတဲ့ ကမ္ဘာ့ဖလားဖွင့်ပွဲက ဂုဏ်ရှိတာပေါ့။ ခုတော့ ဆုံးရှုံးသွားပြီပေါ့ဗျာ။ ဒီအခွင့်အရေးက နိုင်ငံတိုင်းက ရချင်တိုင်းရတဲ့ အခွင့်အရေး မဟုတ်ဘူးဗျ။ အစိုးရက မလိုအပ်တဲ့ နေရာ တွေမှာ ပိုက်ဆံစွတ်သုံး၊ အခုလိုမျိုး နိုင်ငံ့ဂုဏ် ဆောင်နိုင်မယ့်ဟာကျတော့ ခေါက်ထားတာ ‘မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းစေရမယ်’ ဆိုတဲ့ ဆောင်ပုဒ်အတွက် စိတ်ပျက်စရာဗျာ” ရန်ကုန်မြို့ခံတဦးဖြစ်တဲ့ ကိုစိုးလွင်ဦး က ဧရာဝတီကို ပြောပါတယ်။
မြန်မာ့ရိုးရာခြင်းလုံးခတ် တိုက်ရိုက် သရုပ်ပြအစီအစဉ် မပါတော့ပေမယ့် မြန်မာနိုင်ငံမှာ လာရောက်ရိုက်ကူးသွားတဲ့ မြန်မာ ခြင်းလုံး အကြောင်း မှတ်တမ်းဗွီဒီယိုကိုတော့ ဖွင့်ပွဲမှာ ပြသွားလိမ့်မယ်လို့ ယုံကြည်ကြောင်း ဦးပြည့်စုံမြင့်က ပြောပါတယ်။
မြန်မာ့ရိုးရာခြင်းလုံးခတ် စွမ်းရည် တိုက်ရိုက် သရုပ်ပြအစီအစဉ် မပါတော့တဲ့ ကမ္ဘာ့ဖလား ဖွင့်ပွဲ အခမ်းအနားဟာ ဇွန်လ ၁၂ ရက်နေ့ ညသန်းခေါင်ယံကျော်ရင် ဘရာဇီးနိုင်ငံ ဆောပိုလိုမြို့ ဘောလုံးကွင်းကြီးမှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။