သံလွင်မြစ်ကြောင်း တလျှောက် ရေအားလျှပ်စစ် စီမံကိန်းများနှင့်ပတ်သက်ပြီး သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စစ်ဆေးမှုများကို နိုင်ငံ တကာ စစ်ဆေးရေး အဖွဲ့များနှင့် စစ်ဆေးပြီးမှ လုပ်ကိုင်ခွင့်ပြုရန် စီစဉ်ထားကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင် စု ဝန်ကြီး ဦးခင်မောင်စိုးက ဧရာဝတီကို ပြောသည်။
“ကျနော်တို့ အစိုးရကလည်း ဒါကို မစစ်ဘူး။ လုပ်မယ့် ကုမ္ပဏီကိုလည်း မစစ်ခိုင်းဘူး။ တရားမျှတမှု ဖြစ်အောင် ကျနော်တို့ တတိယ လူကို စစ်ခိုင်းမယ်။ ဒီအတွက် ပွင့်လင်းမြင်သာအောင် တင်ဒါလည်း ခေါ်မယ်။ အဲဒီအဖွဲ့ စစ်တာကို ကျနော်တို့ လက်ခံသွားမယ်”ဟု ၎င်းက ဆိုသည်။
သံလွင်မြစ်ပေါ်တွင် ရေအားလျှပ်စစ် စီမံကိန်း ၆ ခုကို တည်ဆောက်ရန် လျာထားကြောင်း၊ အဆိုပါ စီမံကိန်း ၆ ခုမှာ ရှမ်းပြည်နယ် အတွင်း မဂ္ဂါဝပ် ၁၄၀၀ ထွက်နိုင်သည့် အထက်သံလွင် (ကွမ်လုံ) စီမံကိန်း၊ မဂ္ဂါဝပ် ၁၀၀၀ ထွက်နိုင်သည့် နောင်ဖ စီမံကိန်း၊ မဂ္ဂါဝပ် ၂၀၀ ထွက်နိုင်သည့် မန်တောင်း စီမံကိန်း၊ မဂ္ဂါဝပ် ၇၁၁၀ ထွက်နိုင်မည့် မိုင်းတုံ စီမံကိန်းတို့ ဖြစ်ပြီး၊ ကယားပြည်နယ် အတွင်းတွင် မဂ္ဂါဝပ် ၄၅၀၀ ထွက်နိုင်မည့် ရွာသစ် စီမံကိန်းနှင့် ကရင်ပြည်နယ်အတွင်း မဂ္ဂါဝပ် ၁၃၆၀ ထွက်နိုင်မည့် ဟတ်ကြီး စီမံကိန်းတို့ ဖြစ်ကြောင်း သိရသည်။
ထိုသံလွင်မြစ် ရေအားလျှပ်စစ် စီမံကိန်းများနှင့်ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး နှင့် လူမှုအဖွဲ့အစည်း ၁၀၀ ကျော်၊ တိုင်းရင်းသား ၃၀၀၀ ကျော်တို့က လက်မှတ်ရေးထိုး ကန့်ကွက်ထားသည်။
ကန့်ကွက်ရာတွင် ပါဝင်သော မြန်မာနိုင်ငံရှိ မြစ်ချောင်းများ လေ့လာရေးအဖွဲ့မှ အဖွဲ့ဝင်တဦးဖြစ်သည့် စောသာပိုးက အစိုးရ အနေဖြင့် သဘာဝပတ်ဝန်းကျင် လေ့လာမှုကို နိုင်ငံတကာမှ ခေါ်ယူစစ်ဆေးပေးမည်ဆိုပါက ဝမ်းမြောက်စွာကြိုဆိုကြောင်း၊ စစ်ဆေးမှုမှာလည်း ပွင့်လင်းမြင်သာမှုရှိရန် လိုကြောင်း၊ နိုင်ငံတကာ အသိအမှတ်ပြု ကုမ္ပဏီ ဖြစ်ရန် လိုကြောင်း၊ စစ်ဆေးရာတွင်လည်း မြစ်ကြောင်းတလျှောက်ကို နှစ်ရှည် စစ်ရန်လိုကြောင်း ပြောကြားသည်။
“ရေကာတာ ဆောက်ဖို့ နိုင်ငံတကာက သတ်မှတ်ပုံစံတွေ ရှိတယ်။ ဒါတွေကို ကုမ္ပဏီက လိုက်နာမနာ ဘယ်သူစစ်မှာလဲ။ နောက် ဒီနေရာတွေက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရှိတော့ လုံခြုံရေးအရ တပ်က ပါလာရင် တိုက်ပွဲ တွေထပ်ဖြစ်မှာ စိုးတယ်။ အစိုးရအနေနဲ့ ဒီထက်ပိုပြီး စာချုပ်မှာပါတယ် ဆိုတာ ပွင့်လင်းစွာချပြနိုင်တဲ့ အနေအထားရှိသင့်နေပြီ”ဟု စောသာပိုးက ဧရာဝတီသို့ပြောသည်။
လက်ရှိတွင် ကွမ်လုံ စီမံကိန်းကြောင့် နမ်ကျင်း ကျယ်ရွာ၊ ဟဲတောက် ကျင်းရွာ၊ ဒေါင်းကြည်ရွာ၊ တာကျင်းနီရွာမှ နေအိမ် ၆၄ လုံး၊ လူဦးရေ ၄၁၈ ဦး ပြောင်းရွှေ့ရမည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ သိရသည်။
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုဝန်ကြီး ဦးမော်သာထွေးက “သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ အကျိုးအပြစ်၊ လူမှုရေး ဆိုင်ရာ အကျိုးအပြစ် (EIA-SIA) တွေကို ကျနော်တို့ စင်္ကာပူ အခြေစိုက် ကုမ္ပဏီတခု ဖြစ်တဲ့ BANCA ကုမ္ပဏီက စစ်ဆေး ပေးထားပါတယ်။ အခု ပြောင်းရမယ့် ရွာတွေကို လျော်ကြေးပေးဖို့ သူတို့ ပြန်လည်ထူထောင်ဖို့ စတာတွေကို ကျနော်တို့တွေ ဆက်လုပ်ဖို့ အဖွဲ့တဖွဲ့ကို မကြာ ခင် ဖွဲ့ပေးပါမယ်”ဟု ဧရာဝတီကို ပြောသည်။
အဆိုပါ အဖွဲ့တွင် သစ်တောရေးရာ ဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ပြည်နယ် အစိုးရ၊ လယ်ယာ၊စိုက်ပျိုးရေး ဝန်ကြီး ဌာန၊ သက်ဆိုင်ရာ ကုမ္ပဏီတာဝန်ခံနှင့် ရပ်မိရပ်ဖများ ပါဝင်သွားမည် ဖြစ်ကြောင်း၊ ယင်းအဖွဲ့ကို ယခုလအတွင်း ဖွဲ့စည်းမည် ဖြစ်ပြီး၊ ပြောင်းရွှေ့ရမည့် အိမ်မြေများအတွက် လျော်ကြေး ကိစ္စများနှင့် အခြား ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို လုပ်ဆောင် ပေး မည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ယင်းစီမံကိန်းစာချုပ်အရ လျှပ်စစ်ဓါတ်အား ၁၄၀၀ မဂ္ဂါဝပ်ထွက်ရှိမည်ဖြစ်ပြီး ထွက်ရှိမည့် ပမာဏ၏ ၁၀ ရာခိုင်နှုန်းအနေဖြင့် မဂ္ဂါဝပ် ၁၄၀ ကို အခမဲ့ရရှိမည် ဖြစ်ကြောင်း၊ ရေအသုံးပြုခ အနေဖြင့် ကုမ္ပဏီရရှိသည့်အမြတ်ငွေမှ ၁၅ ရာခိုင်နှုန်းကို အစုရှယ်ယာအနေဖြင့် ထပ်မံရရှိမည် ဖြစ်ကြောင်း သိရသည်။
စီမံကိန်းကိုတရုတ်နိုင်ငံမှ အမေရိကန် ဒေါ်လာ ၂၀၅၃ သန်း အကုန်ကျခံကာ အပြည့်အဝ ရင်းနှီးမည် ဖြစ်ပြီး စီမံကိန်း ကာလ ၈ နှစ်ဖြင့် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ စီမံကိန်းကာလ ၈ နှစ်အတွင်း အနီးဝန်းကျင် ကျေးရွာများကို တရုတ်ဘက်မှ အခမဲ့မီးပေးရမည်ဖြစ်ကြောင်း ဒုဝန်ကြီး ဦးမော်သာထွေးက ပြောဆိုသည်။
“ကျနော်တို့ဘက်က သေချာ ပြောနိုင်တာက ဒီစီမံကိန်းကြောင့် နှစ်စဉ် ဝင်ငွေ အမေရိကန် ဒေါ်လာသန်း ၈၀ နီးပါး လောက် နိုင်ငံ တော်က ရပါတယ်။ နောက်တခုက ကျနော်တို့ ဒီကုမ္ပဏီမှာ ရှယ်ယာရှင် အနေနဲ့ ပြန်ပါမှာ ဖြစ်တယ်။ သူတို့ တရုတ်ဘက်ကို ရောင်း ရတဲ့ လျှပ်စစ် ရောင်းငွေတွေကို ကျနော်တို့က ရှယ်ယာရှင် အနေနဲ့ ရမှာပါ။ ကျနော်တို့ကအလကားရတဲ့ပမာဏထပ်ပိုလိုချင်ရင် လျှပ်စစ်ဝယ်သုံးရမှာ မှန်တယ်။ ဒါပေမယ့် ကုမ္ပဏီကတရုတ်ကိုပို့တဲ့ဈေးအတိုင်းဘဲရောင်းရမယ်။အဲဒီဈေးကလည်း နိုင်ငံတကာက သတ်မှတ်ဈေး အတိုင်း နဲ့ဘဲရောင်းရမှာပါ”ဟု ၎င်းက ပြောသည်။
စီမံကိန်း လုပ်ငန်း လုပ်ကိုင်ခွင့် အရ နှစ် ၃၀ နှင့် ထပ်မံ သက်တမ်းတိုးနှစ် အရ စုစုပေါင်း နှစ် ၄၀ လုပ်ကိုင်ခွင့် ပြုရာတွင် မြန်မာနိုင်ငံ က အမေရိကန် ဒေါ်လာ ၂၉၈၈ သန်းရရှိမည် ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံသူထက် ဒေါ်လာ သန်းပေါင်း ၃၀၀ ကျော် ပိုရရှိမည် ဖြစ်ကြောင်းလည်း ဆိုသည်။
“ဝင်ငွေခွန် အရ ထုတ်ပြန်ထားတဲ့ ရင်းနှီးမြှုပ်နှံမှု စည်းမျဉ်းအရ ဝင်ငွေခွန် ၅ နှစ် ကင်းလွတ်ခွင့် ပေးထားတယ်။ အဲဒါပြီးလို့ နောက် ၂၁ နှစ်ကို ၁၂. ၅ ရာခိုင်နှုန်း၊ ကျန်တဲ့ နှစ်တွေမှာ ၂၅ ရာခိုင်နှုန်း ကောက်မယ်။ ကျန်တဲ့ ကုန်သွယ် လုပ်ငန်းခွန်၊ အမြတ်ခွန်တွေလည်း သတ်မှတ်ထားသလို ပေးဆောင်ရမယ်။ ဘာမှလျော့ပေါ့ပေးတာမရှိဘူး”ဟု ဦးမော်သာထွေးက ပြောသည်။
လက်ရှိတွင် ကွမ်လုံ စီမံကိန်းမှာ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ တရုတ်နိုင်ငံမှ Hanergy Holding Group Limited နှင့် အေးရှားဝေါလ် ကုမ္ပဏီတို့ ဖက်စပ်၊ တည်ဆောက် လုပ်ကိုင် လွှဲပြောင်း(JV- BOT) စနစ်ဖြင့် လုပ်ဆောင်မည် ဖြစ်ပြီး ရှမ်းပြည်နယ် အတွင်း သံလွင်မြစ်ပေါ်တွင် ဆက်လက် လုပ်ဆောင်မည့် နောင်ဖ စီမံကိန်းနှင့် နမ်မမြစ်ပေါ်တွင် ဆောက်မည့် မန်တောင်း စီမံကိန်းတို့ကို တရုတ်နိုင်ငံမှ Hydro-china Corporation နှင့် မြန်မာနိုင်ငံမှ International Group Of Entrepreneurs Co.LTD တို့က လုပ်ဆောင်မည် ဖြစ်သည်ဟု ဆိုသည်။
ကျန်စီမံကိန်းများကို လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံမှ Thailand’s EGAT Internationak Co.LTD, China Three Gorges Corporation, China Datang Overseas Investment Co.LTD တို့နှင့် ရွှေတောင်၊ အေးရှားဝေါလ်၊ International Group Of Entrepreneurs Co.LTD တို့က ပူးပေါင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
စီမံကိန်း အများဆုံး လုပ်ကိုင်ခွင့်ရသည့် နိုင်ငံခြား ကုမ္ပဏီများမှာ တရုတ်နိုင်ငံမှ ဖြစ်ပြီး ပြည်တွင်း တွင်လည်း အေးရှားဝေါလ်၊ ရွှေတောင်၊ IGE တို့က အများဆုံးလုပ်ခွင့်ရထားပြီး လုပ်ကိုင်ခွင့် ရထားသည့် အချက်နှင့် ကုမ္ပဏီ ရွေးချယ်မှု စံနှုန်းများကိုမူဝန်ကြီးဌာနမှအသေး စိတ်ထုတ်ပြန်ခြင်း မရှိပေ။
လက်ရှိ ထုတ်ပြန်ချက်များ အရ မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ် စီမံကိန်းများကို လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ လုပ်ငန်းပေါင်း ၁၁ ခု၊ တိုင်းရင်းသား လုပ်ငန်းရှင်များမှ လုပ်ငန်း ၇ ခု၊ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၄၆ ခု၊ ပေါင်း ၆၄ ခုကို လုပ်ဆောင်ရန် ခွင့် ပြုထားကြောင်း၊ အဆိုပါ ပမာဏတွင် ရပ်တန့်ထားသည့် စီမံကိန်းများနှင့် တည်ဆောက်ဆဲ စီမံကိန်းများ ပါဝင်ကြောင်း သိရသည်။