ဖမ်းဆီးခံ မဟာသနိ္တသုခ ဆရာတော်များ လူဝတ်လဲပြီး အင်းစိန်ထောင်ပို့
This article has been converted from Zawgyi One to Unicode
အင်အားသုံး ဖယ်ရှားခြင်း ခံခဲ့ရသည့် မဟာသနိ္တသုခကျောင်းတိုက် ဆရာတော်များအနက်မှာ ပီနန်ဆရာတော်ကြီး ဦးပညာဝံသ၏ တပည့်ရင်းဖြစ်သူ ဆရာတော် ဦးဥတ္တရ(အင်္ဂလန်) နှင့် သံဃာ ၄ ပါးကို ယနေ့တွင် တာမွေမြို့နယ် တရားရုံးသို့ ရုံးထုတ်လာပြီး လူဝတ်လဲကာ အင်းစိန်ထောင်သို့ ပို့ဆောင်လိုက်ပြီ ဖြစ်သည်။
“ဒီနေ့ ရုံးထုတ်တယ်ကြားလို့ တာမွေ တရားရုံးကို လိုက်သွားတယ်။ ဟိုရောက်တော့ ရုံးထုတ်သွားပြီတဲ့။ ဦးဥတ္တရနဲ့ သံဃာ ၄ ပါး လူဝတ်လဲခံရတယ် ပြောတယ်။ ကျန်တဲ့ သံဃာတွေကိုတော့ ပြန်လွှတ်လိုက်တဲ့ သဘောပြောတယ်။ နောက်ရုံးချိန်းက ၂၀ ရက်နေ့ ။ တာမွေမှာပဲ ရုံးထုတ်လိမ့်မယ် ” ဟု တာမွေမြို့နယ် တရားရုံးသို့ သွားရောက် စုံစမ်းခဲ့သူ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့မှ ဦးပါမောက္ခက ဧရာဝတီသို့ မိန့်ကြားသည်။
ဦးဥတ္တရ(အင်္ဂလန်) အပါအဝင် ဆရာတော် ၅ ပါးကို သာသနာတော် ညိုးနွမ်းစေမှုဖြင့် ရုံးထုတ်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။ သာသနာတော် အကြည်ညိုပျက်စေသည်ဆိုသော ပုဒ်မမှာ ပြစ်မှုထင်ရှားပါက အနည်းဆုံး ထောင်ဒဏ် ၁ နှစ် အပြစ်ပေးနိုင်ကြောင်း၊ ဥပဒေတွင် ထောင်ဒဏ် ၂ နှစ်အထိ ခွင့်ပြုထားပြီး ထောင်ဒဏ် ၊ ငွေ ဒဏ် နှစ်မျိုးစလုံးပါ အပြစ်ပေးနိုင်သဖြင့် သာသနာတော် အကြည်ညိုပျက်စေမှုဖြင့် ထောင်ကျခံရသော ဖြစ်စဉ်များစွာ ရှိခဲ့ကြောင်း ရှေ့နေကွန်ရက်မှ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က ပြောသည်။
“အစိုးရကတော့ မလုပ်သင့် မလုပ်ထိုက်တာတွေကို လုပ်နေပြီ။ ဒီကိစ္စက တို့သွားမယ့် ဒီမိုကရေစီအတွက် အလားအလာ မကောင်းဘူး။ တိုင်းပြည်ပါ ဒုက္ခရောက်တော့မယ် ” ဟု
ဦးကြီးမြင့်က ပြောသည်။
သံဃာတော်များကို လူဝတ်လဲခြင်းမှာ သံဃ မဟာ နာယက ကခွင့်ပြုသည့် မြို့နယ်အဆင့် သံဃာတော်တပါး၏ ရှေ့တွင် လူဝတ်လဲ၍ ရကြောင်း ၊ ယခုကဲ့သို့ သံဃာများကို
အတင်းအကျပ် လူဝတ်လဲ ၊ ညအချိန် ကျောင်းတိုက် ဝင်စီးသည့် လုပ်ရပ်များသည် ယခင်စစ်အစိုးရ၏ လုပ်ရပ်များကို သတိရစေကြောင်း ဦးကြီးမြင့်က ဆိုသည်။
ဧရာဝတီသတင်းဌာနက အဆိုပါသတင်းကို အတည်ပြုနိုင်ရန် တာမွေမြို့နယ် ရဲစခန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ ရန်ကုန်တိုင်းဒေသကြီး သာသနာရေး ဦးစီးဌာန ၊ နေပြည်တော် သာသနာရေးဝန်ကြီးဌာနတို့ထံ အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း တာဝန်ရှိသူများက ဖြေကြားရန် ငြင်းဆိုခြင်း၊ ဖုန်းမကိုင်ခြင်းတို့ဖြင့် သတင်းအမှောင်ချထားနေခဲ့သည်။
“ ဒီနေ့ ရုံးထုတ်တာ ဟုတ်ပါတယ်။ ဒီထက်ပိုပြောလို့ မရဘူး။ အလုပ်များနေတယ် ”ဟုသာ တာမွေမြို့နယ်မှ ယင်းအမှုကို ကိုင်တွယ်သည့် ရဲအုပ် ရဲမျိုးဟိန်းက ဖြေဆိုသည်။
ကျောင်းပိုင်ဆိုင်မှု အငြင်းပွားနေသည့် ယခုလို အချိန်မျိုးတွင် တရားရုံး တခုခု သို့မဟုတ် သံဃာ့ဝိနိစ္ဆယ အဖွဲ့တခုခု၏ ဆုံးဖြတ်ချက် မဟုတ်ဘဲ ယခုကဲ့သို့ သံဃာတော်များ သီတင်းသုံးလျက်ရှိသော ကျောင်းတိုက်မှ စီမံခန့်ခွဲရေး အမိန့်ညွှန်ကြားချက်ဖြင့် ဆွဲချနှင်ထုတ်ခြင်းသည် ဥပဒေနှင့် မညီဘဲ နိုင်ငံတော် သံဃ မဟာ နာယက (မဟန) အဖွဲ့က ထုတ်ပြန်ထားသည့် သံဃာ့လက်စွဲတွင်လည်း ယင်းလုပ်ပိုင်ခွင့်ကို ပေးအပ်ထားခြင်း မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ် တရားလွှတ်တော် ရှေ့နေတဦးလည်း ဖြစ်သူ ဦးဝင်းထိန်က ဧရာဝတီသို့ ပြောသည်။
“မဟနက လုပ်တဲ့ အစည်းအဝေး ဆုံးဖြတ်ချက်လိုမျိုး၊ စီမံခန့်ခွဲမှုလို အမိန့်မျိုးနဲ့ ဒီပြဿနာကို ဖြေရှင်းလို့ မရဘူး။ ဒီကျောင်း ဘယ်သူ ပိုင်ဆိုင်တယ်ဆိုတာကို အပြတ်ဖြတ်ပြီးမှ လုပ်ဆောင်သင့်တယ်။ ဒီကိစ္စကြောင့် ရန်ကုန်တိုင်း အစိုးရအဖွဲ့ သိက္ခာအရမ်းကျတယ်။ သူတို့(မဟန)ရဲ့ အမိန့်နဲ့တင် ဒီကျောင်းတိုက်ကြီးကို ပိုင်တယ်လို့ ဆုံးဖြတ်ခွင့် မရှိဘူး”ဟု ဦးဝင်းထိန်က ရှင်းပြသည်။
နေပြည်တော် သာသာနာရေး ဝန်ကြီးဌာနတွင်လည်း မဟာသန္တိသုခကျောင်းကိစ္စနှင့် ပတ်သက်ပြီး သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကိုယ်တိုင် ဦးဆောင်၍ အထူးအစည်းအဝေးတခု ပြုလုပ်သွားခဲ့ကြောင်းလည်း စုံစမ်းသိရှိရသော်လည်း အသေးစိတ် မသိရသေးချေ။
ပီနန်ဆရာတော်ကြီး ဦးပညာဝံသနှင့် သံဃမဟာနာယကအဖွဲ့အကြား ပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိသော ရန်ကုန်မြို့ တာမွေ မြို့နယ် နတ်ချောင်းရပ်ကွက်ရှိ မဟာသနိ္တသုခကျောင်းတော်ကြီးကို ဇွန်လ ၁၀ ရက်နေ့ ညပိုင်းတွင် စည်းကမ်းထိန်းသိမ်းရေး ဘုန်းကြီး ၂၈၁ ပါး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကျောင်းတိုက်ကို ဝင်ရောက်စီးနင်းခဲ့ပြီး ကျောင်းမှ သံဃာတော် ၇ ပါးကို ထိန်းသိမ်းခဲ့သည်။
နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့က သိမ်းယူလိုက်ပြီဖြစ်သော ယင်းကျောင်းကိစ္စနှင့်ပတ်သက်၍ သံဃာတော် အပါး ၂၀ ကို ထိန်းသိမ်းပြီး ဥပဒေနှင့်အညီ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သာသာနာရေး ဝန်ကြီးဌာနက တရားဝင် ကြေညာခဲ့သည်။ ပီနန်ဆရာတော်ကြီး ဂျပန်နိုင်ငံသို့ သာသနာပြုခရီး သွားရောက်နေစဉ် ယခုကဲ့သို့ ဝင်သိမ်းခြင်း ဖြစ်သည်။
သာသနာရေး ဝန်ကြီးဌာနက ဦးဆောင်ပြုလုပ်သည့် မဟာသန္တိသုခကျောင်းအကြောင်း သတင်းစာရှင်းလင်းပွဲတွင် သမ္မတအကြံပေး ဦးအံ့မောင်က “နိုင်ငံတော် သံဃ မဟာ နာယကအဖွဲ့ကို မမှန်ဘူးလို့ ထင်လို့ရှိရင် ခင်ဗျားတို့ ကြိုက်တဲ့တရားရုံးကို သွား”ဟု သတင်းထောက်များကို အော်ဟစ်ခဲ့သည်။