ခုရက်ပိုင်းအတွင်း ဂယက်အရိုက်ခတ်ဆုံး သတင်းကတော့ ပီနန်ဆရာတော်ကြီး သီတင်းသုံးတော်မူတဲ့ တာမွေနတ်ချောင်းက မဟာသန္တိသုခ ကျောင်းတော်ကြီးကို ဆရာတော်ကြီး ဂျပန်ပြည် ကြွနေခိုက် သာသနာရေးဝန်ကြီးဌာနက ပုဂ္ဂိုလ်တွေ၊ ရဲတွေနဲ့ သံဃာတချို့ ပူးပေါင်းပြီး ည အချိန်မတော် ဝင်ရောက်စီးနင်း သိမ်းပိုက် ချိတ်ပိတ်လိုက်တဲ့ ကိစ္စပါပဲ။ နည်းပညာတွေ တိုးတက်လာတာနဲ့အညီ ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်လာတာနဲ့အညီ အဲဒီ ညက ရဲ၊ လူပုဂ္ဂိုလ်နဲ့ သံဃာတစ်ချို့ ကျောင်းတော်ကြီးကို ဝင်ရောက်ခဲ့တဲ့ ပုံတွေ ဆိုရှယ်မီဒီယာတွေကနေ တဆင့် ကမ္ဘာအနှံ့ ပျံ့သွားခဲ့ပါတယ်။ ပြဿနာ ဘယ်လို ဖြစ်တာပါလဲ၊ သာသနာရေး ဝန်ကြီးဌာန နဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ခုလို ဖြေရှင်းတာ သင့်တော်မှု ရှိပါရဲ့လား။ ဒီလို ဖြေရှင်းလိုက်တဲ့အတွက် မြန်မာ့ပုံရိပ်၊ သာသနာတော် ပုံရိပ် ဘယ်လိုဖြစ်လာနိုင်မလဲ ဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။
ဖြစ်စဉ်အကျဉ်းကတော့ မဟာသန္တိသုခ ကျောင်းတော်ကြီးကို ဝင်ရောက် စီးနင်းမှု ဇွန်လ ၁၁ ရက်နေ့ညမှာ ဖြစ်ပွားခဲ့တာပါ။ အခင်းဖြစ်ပွားချိန် ပီနန်ဆရာတော်ကြီး ဦးပညာဝံသ ကျောင်းတော်ကြီးမှာ မရှိပါဘူး။ ပြည်ပရောက်နေပြီး တပည့် ရဟန်းသံဃာတချို့ပဲ သီတင်းသုံးနေပါတယ်။ အတိုခေါက်အားဖြင့် မဟန လို့ခေါ်တဲ့ နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့ရဲ့ ဓမ္မစက်ကို သာသနာရေးဝန်ကြီးဌာနက အကောင်အထည် ဖော်ပေးတာဖြစ်ပြီး၊ သာသနာရေး ဝန်ကြီးဌာနရဲ့ တောင်းဆိုချက်ကြောင့် ပြည်ထဲရေးဝန်ကြီးဌာန ရဲတပ်ဖွဲ့တွေ ပါဝင်ရတာလို့ ဆိုပါတယ်။ ကျောင်းတိုက်ကြီးထဲကိုဝင်၊ သီတင်းသုံးနေတဲ့ သံဃာတွေကိုခေါ်ဆောင်သွားပြီး ကျောင်းတိုက်ကို ချိတ်ပိတ်ပြီးချိန် နောက်တနေ့မှာ သာသနာရေး ဝန်ကြီးဌာနက သတင်းစာ ရှင်းလင်းပွဲ လုပ်ပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ သာသနာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ ပြောတာကတော့ ၁၉၉၆ ခုနှစ်မှာ ဗိုလ်မှူးကြီးဟောင်း စောမြင့်က မဟာသန္တိသုခ ကျောင်းတော်ကြီးကို နိုင်ငံတော် အစိုးရက ဦးဆောင်တည်ဆောက်ပေးဖို့ နိုင်ငံတော် အကြီးအကဲဆီ တင်ပြခဲ့တယ် ဆိုတဲ့အကြောင်း၊ ခွင့်ပြုချက်ရတော့ ကော်မတီဖွဲ့ပြီး ဆောက်ခဲ့တဲ့အကြောင်း ပြောဆိုပါတယ်။ ကျောင်းတော်ကြီးအတွက် ပီနန်ဆရာတော်ကြီးနဲ့ တပည့်ဒါယကာ၊ ဒါယိကာမတွေက ငွေကျပ် သိန်း ၂ ထောင်၊ အလှူရှင်တွေက ငွေကျပ် သိန်း ၂၁၀၀၊ စည်ပင် နဲ့ အေးရှားဝေါလ်က ကျပ် သိန်း ၂၄၀၀၊ ဘဏ်ချေးငွေ သိန်း ၂ ထောင် အပါအဝင် စုစုပေါင်း ကျပ် သိန်း ၈၅၀၀ နဲ့ တည်ဆောက်ခဲ့တယ်လို့ ဆိုပါတယ်။ ၁၉၉၉ ခုနှစ်ကျတော့ ဒီကျောင်းတော်ကြီးကို “သံဃိက” သံဃာကိုရည်မှန်းပြီး ဗုဒ္ဓသာသနာတော်ကို လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။
၂၀၀၂ နှောင်းပိုင်းမှာ ကျောင်းတော်ကြီးကို ကော်မတီဖွဲ့ပြီး အုပ်ချုပ်စေခဲ့တဲ့အကြောင်း၊ နောက်ပိုင်း အစိုးရက ဒီကျောင်းတော်ကြီးကို နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ မဟန ကို လွှဲပြောင်းလှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၃ ခုနှစ်ရောက်တော့ ပီနန်ဆရာတော်ဘုရားကြီး မြန်မာပြည် ပြန်ရောက်လာတဲ့အချိန် မဟန အဖွဲ့က အာဂန္တု (ဧည့်သည်) အဖြစ် တပါးတည်း တည်းခိုသီတင်းသုံးခွင့် ပြုခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဆရာတော်ကြီးက နောက်လိုက်သံဃာတွေကိုပါ သီတင်းသုံးစေခဲ့တဲ့အတွက် မဟန အဖွဲ့က ဆရာတော်နဲ့ အဖွဲ့ကို ၂၀၁၄ မတ်လ မှာ ကျောင်းတော်ကြီးက အပြီးအပိုင် ထွက်သွားဖို့ နှင်ထုတ်မိန့် ထုတ်ခဲ့တဲ့အကြောင်း၊ ဒါပေမယ့်လည်း ထွက်မသွားတဲ့အတွက် တိုင်းသံဃ မဟာ နာယကအဖွဲ့နဲ့ တိုင်းအစိုးရအဖွဲ့တို့ဟာ ခုလို ပီနန်ဆရာတော်ကြီး နဲ့ အဖွဲ့ကို ရှင်းလင်း ဖယ်ရှား ချိတ်ပိတ်ရတာ ဖြစ်တယ်လို့ ရှင်းပါတယ်။
သာသနာရေး ဝန်ကြီးဌာနက တာဝန်ရှိသူတွေ ရှင်းတဲ့အထဲမှာ မမှန်တာတွေ၊ ဖုံးကွယ်ထားတာတွေ အများကြီး ပါပါတယ်။ ဒီ မဟာသန္တိသုခ ကျောင်းတော်မြေကွက်ကြီး ဟာ ပီနန်ဆရာတော်ကြီးရဲ့ နာမည်ပေါက် ဖြစ်တယ်ဆိုတာ မပြောခဲ့သလို၊ ကျောင်းဆောက် ပြီးပြီးချင်း ကျောင်းတိုက်ကို သံဃာကို ရည်စူးပြီးလှူတယ်၊ နောက်ပိုင်း အစိုးရက မဟန ကို ပြန်လွှဲပြောင်းပေးတယ် ဆိုတာကလည်း ရှေ့နောက် ဆီလျော်မှု မရှိပါဘူး။ ဒီကျောင်းတိုက်ကြီးဟာ ပီနန်ဆရာတော်ကြီးနဲ့ ဘယ်အချိန်တုန်းကမှ ဘယ်လိုမှ မပတ်သက် မဆိုင်သယောင် ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။
ပီနန်ဆရာတော်ကြီး မီဒီယာတွေကို ရှင်းပြတာက ဒီလိုပါ။ ကျောင်းတော်ကြီးဆောက်ဖို့ ဆရာတော်ကြီးနဲ့ တပည့် ဒါယိကာ ဒါယိကာမတွေ ကြိုးပမ်းခဲ့ကြတယ်၊ ၁၉၉၅ ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ဆရာတော်ကြီးဆီ ရေစက်ချ လှူဒါန်းခဲ့တယ် လို့ ဆိုပါတယ်။ ပီနန်ဆရာတော်ကြီး ပြည်ပ ထွက်ခွာသွားပြီးနောက်ပိုင်း ၂၀၀၂ ခုနှစ်မှာ ကျောင်းကို စီမံခန့်ခွဲသူတွေ နိုင်ငံရေးလုပ်တယ်၊ ငွေအလွဲသုံးစားလုပ်တယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အဲဒီအချိန်က အာဏာရှိတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်က ကျောင်းတိုက်ကို မဟန အဖွဲ့ဆီ အပ်လိုက်တယ်လို့ ဆိုပါတယ်။ နောက်ပိုင်း ၂၀၀၄ ခုနှစ်မှာ ဦးခင်ညွန့်က ပီနန်ဆရာတော်ကြီးဆီ မဟာသန္တိသုခ ကျောင်းတော်ကြီးကို မဟန အဖွဲ့မှာ ခေတ္တ အပ်နှံထားတဲ့အကြောင်း စာရေးအကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပိုင်း ပီနန်ဆရာတော်ကြီး မြန်မာပြည် ပြန်ရောက်လာပြီး ကျောင်းတော်ကြီးမှာ ပြန်သီတင်းသုံးဖို့ လုပ်တဲ့အခါ ခုလို ကျောင်းပိုင်ဆိုင်မှု ပြဿနာ ပေါ်လာတာ ဖြစ်ပါတယ်။ ဒီအခါ နိုင်ငံတော်သမ္မတဟာ ငြိမ်းချမ်းရေးစင်တာက ဦးညိုအုန်းမြင့်ကို စေလွှတ်ပြီး စိတ်ပူပန်ကြောင့်ကြ ကင်းစွာနဲ့ အေးချမ်းစွာ သီတင်းသုံးပါ ဆိုပြီး လျှောက်ထားစေခဲ့တယ်လို့ ဆိုပါတယ်။ ဒီ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ပီနန်ဆရာတော်ဘုရားကြီးက “သူခိုးက လူ လူလို့ ဟစ်တဲ့ ဖြစ်ရပ်” အဖြစ် ပြောဆိုပါတယ်။
ဒါနဲ့ပတ်သက်ရင် ပဋိပက္ခ ပြဿနာတွေမှာ ချင့်ချင့်ချိန်ချိန် နှိုင်းနှိုင်းဆဆ မိန့်တော်မူတတ်တဲ့၊ တိုင်းပြည်က ကြည်ညိုလေးစား အားထားရတဲ့ ကမ္ဘာ့သာသနာပြု သီတဂူဆရာတော် အရှင်ဉာဏိဿရရဲ့ ဝင်ရောက်မိန့်ကြားချက်ကတော့ တရားမျှတမှု အရှိဆုံး ဖြစ်မယ် ယူဆရပါတယ်။ သီတဂူဆရာတော်ကြီး အာရ်အက်ဖ်အေ သတင်းဌာနကို မိန့်ကြားတာက “နိုင်ငံတော်ရဲ့ တည်ငြိမ်အေးချမ်းရေးမှာ သာသနာရေးတို့ နိုင်ငံတော် သံဃာ့မဟာနာယကတို့က ထိန်းပေးရမယ်။ သာသနာရေးဌာနတို့ သံဃာ့မဟာနာယကတို့က ချိတ်ပိတ်တာကို သူတို့က ထိန်းတယ်လို့ ဒီလိုထင်ပုံ ရတယ်။ ချိတ်ပိတ်လိုက်တာ ထိန်းသိမ်းရာမရောက်ဘူး၊ လူတွေရဲ့ စိတ်နှလုံးကို ဆူပူအောင်လှုံ့ဆော်ရာ ရောက်တယ်။ နောက် တချက်က ဒီလိုကျောင်းတိုက်တွေကို သူပိုင်ငါပိုင် အငြင်းပွားကြတဲ့ကိစ္စမှာ ဘုရားဟော ပါဠိတော်ထဲမှာ ပါတဲ့အတိုင်း မျက်နှာချင်းဆိုင် တွေ့ဆုံပြီးတော့ ဆွေးနွေး ဖြေရှင်းရမယ့်ကိစ္စမှာ ပီနန်ဆရာတော်ကြီး နိုင်ငံခြားခရီးထွက်နေတဲ့အခိုက် တိတ်တဆိတ် သန်းခေါင်ယံမှာဝင်ပြီးတော့ ချိတ်ပိတ်လိုက်တဲ့ကိစ္စဟာလည်း တော်တော် မသင့်လျော်တဲ့ကိစ္စဖြစ်တယ်” လို့ မိန့်ပါတယ်။
“ ပီနန်ဆရာတော်ကြီးဟာ ဒီကျောင်းတိုက်ကြီး တည်ထောင်ပြီး နိုင်ငံခြား ထွက်သွားပြီး “သံဃာ့ဥသျှောင်” ဆိုတဲ့ အဖွဲ့ကြီး ဖွဲ့ပြီးတော့ နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ကို အပြင်ကနေ အပြင်းအထန် တိုက်ခိုက်တဲ့ အလုပ်တွေ လုပ်ခဲ့ဖူးတယ်။ အဲဒါတွေကို အညှိုးထားပြီး ရန်ညှိုးတွေနဲ့ လုပ်နေတယ် ဆိုတဲ့ အဓိပ္ပါယ်မျိုး ရောက်သွားမှာကို အလွန်စိုးရိမ်တယ်။ လက်နက်ကိုင် သောင်းကျန်းသူတွေကိုတောင် လက်နက်ကိုင် သောင်းကျန်းသူလို့ မခေါ်တော့ဘူး။ လက်နက်ကိုင် အဖွဲ့လို့ ခေါ်တယ်။ တိုင်းရင်းသားတွေနဲ့ နှစ်ပေါင်း ၆၀ လောက် တိုက်ခိုက်လာတာ အခု စားပွဲဝိုင်းမှာ ဆွေးနွေးနေကြပြီ။ နိုင်ငံတော်ရဲ့ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ ဖံွ့ဖြိုးတိုးတက်ရေး အတွက် ဆွေးနွေးနေကြပြီ။ သာသနာရေး ဝန်ကြီးဌာနက ဒါကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မဖြေရှင်းနိုင်သေးတာဟာ အလွန်ဝမ်းနည်းစရာ ကောင်းတဲ့ အဖြစ်တစ်ခုပဲ။ လူတွေတောင် စားပွဲဝိုင်းမှာ ဆွေးနွေးနိုင်သေးရင် သံဃာတော်တွေ၊ သာသနာရေး ဝန်ကြီးဆိုသူတွေက စားပွဲဝိုင်းမှာ အေးအေးဆေးဆေး ဖြေရှင်းလိုက်ရင် နိုင်ငံအတွက် အေးချမ်းသွားမှာ။”
“ခုတော့ ဒေါသ အာဃာတ ရန်ညှိုးနဲ့ လိုက်လံပြီးတော့ ပိတ်ဆို့ နှောင့်ယှက်နေတဲ့ သဘောတွေ ဆောင်ပြီးတော့ ဒါ အတော်လေးကို ဝမ်းနည်းစရာကောင်းတဲ့ အချက်ပဲလို့ မြင်ပါတယ်။ ကျောင်းတိုက်ကြီးရဲ့ ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ပြောရရင် ဒါတွေက အလွန်ရှည်လျားတယ်။ စာရွက်စာတမ်းပေါင်း မြောက်မြားစွာကို ကြည့်ပြီးတော့ အသေးစိတ် ပြောဖို့ လိုလိမ့်မယ်။ ကျောင်းတိုက်မြေကြီးဟာ ပီနန်ဆရာတော်ကြီးရဲ့ နာမည်နဲ့ ထွက်ထားတာပါ။ သာသနာရေး ဝန်ကြီးဌာန နာမည်နဲ့ မဟုတ်ဘူး။ ပြောရရင် ရှည်လျားတယ်။ သံဃာတော်အား ရေစက်ချထားတဲ့ ကိစ္စကို သိမ်းယူခြင်း ပြုတယ်ဆိုတဲ့ ကိစ္စဟာ တော်တော်လေး မသင့်လျော်တဲ့ ကိစ္စ။ မြင်းခြံဆရာတော်၊ မင်းကွန်းဆရာတော် သက်တော်ထင်ရှားရှိစဉ်က ဒီကျောင်းတိုက်ကြီးကို ရေစက်ချထားတာပါ။ သံဃိက ပစ္စည်းကို သိမ်းပိုင်ခွင့် မရှိဘူး။ သံဃာ့မဟာနာယက ဆိုတဲ့ အဖွဲ့အစည်းတစ်ခုခုကလည်း ပိုင်ဆိုင်ခွင့် မရှိဘူး။ သံဃိက ပစ္စည်းကို သံဃာကပဲ ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ရှိပါတယ်။ သံဃိက ပစ္စည်းကို သိမ်းတယ်ဆိုတာ မသင့်လျော်ပါဘူး” လို့ မိန့်တော်မူပါတယ်။
ဒီလောက်ဆို ဖြစ်စဉ် တခုလုံးကို မှန်းဆနိုင်ပါပြီ။ တကယ်တော့ ဒီ ပြဿနာဟာ ကျောင်းတိုက် ပိုင်ဆိုင်မှု ပြဿနာ သက်သက် မဟုတ်ပါဘူး။ နိုင်ငံရေး ပါဝင်တဲ့ အညှိုးအတေး အာဃာတ တရားတွေကနေ ပေါက်ဖွားလာတာ အလွန်ထင်ရှားပါတယ်။ ဒီအထဲ လူပုဂ္ဂိုလ် တစ်ချို့ရဲ့ ငွေရေးကြေးရေး အကျိုးစီးပွားပြသနာတွေကလည်း ရောယှက်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဘာပဲဖြစ်ဖြစ် အခု ဖြစ်ရပ်ဟာ ပီနန်ဆရာတော်ဘုရားကြီး မိန့်သလို ဗုဒ္ဓသာသနာတော်ကို အကြမ်းဖက်တဲ့ ဘာသာအဖြစ် ပုံရိပ် ထင်စေခဲ့ပါပြီ။ ဒီအတွက် ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားတွေအနေနဲ့ ဆရာတော်ကြီး မိန့်မှာသလို လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ကြဖို့ပဲ ရှိပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။
(စာရေးသူသည် ရန်ကုန် အခြေစိုက် သတင်းစာဆရာ တဦးဖြစ်သည်။ လတ်တလော နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး အဖြစ်အပျက်များ အပေါ် ဝေဖန် သုံးသပ်ချက် ဆောင်းပါးများကို သတင်းစာ၊ ဂျာနယ်များတွင် ရေးသားလျက် ရှိသည်။)