မြန်မာနိုင်ငံမှာ လက်ရှိ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်နေတာဟာ တပ်မတော်က သဘောတူ ခွင့်ပြုခဲ့လို့သာဖြစ် ပါတယ်။ ဒါကြောင့် လက်ရှိ နိုင်ငံရေးဖြစ်စဉ်မှာ စစ်တပ်က အဓိက အခန်းကဏ္ဍမှာ ဆက်ရှိနေတာပါ။
စစ်ခေါင်းဆောင်တွေ အလိုကျရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကလည်း စစ်တပ်ကို နိုင်ငံရေးရဲ့ ဦးဆောင်မှု အခန်း ကဏ္ဍမှာ ဆက်လက် ပါဝင်ခွင့် ပေးထားပါတယ်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ၂၀၁၀ ရွေးကောက်ပွဲမှာ အငြင်းပွားဖွယ်ရာ အပြတ်အသတ် အနိုင်ရခဲ့တဲ့ ကြံ့ခိုင်ရေး ပါတီ နဲ့ သမ္မတ ဦးသိန်းစိန် အစိုးရဟာ ၂၀၁၁ ခုနှစ်က စတင်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးခဲ့တယ်။
၂၀၁၂ ခုနှစ်မှာ မြန်မာနိုင်ငံမှာ အကြီးဆုံး အတိုက်အခံပါတီ ဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီကိုလည်း ပြန် လည် မှတ်ပုံတင်ခွင့် ပေးခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ကိုယ်စားလှယ်တွေကိုလည်း ကြားဖြတ် ရွေးကောက် ပွဲမှာ ပါဝင်ခွင့်ပေးပြီး လွှတ်တော်တွင်း ပါဝင်စေခဲ့ပါတယ်။
အဲဒီနောက် သမ္မတ ဦးသိန်းစိန်ကလည်း နိုင်ငံရေးမှာ အားလုံးပူးပေါင်းပါဝင်ရမယ် ဆိုတဲ့လမ်းစဉ်ကို ချမှတ် အကောင် အထည် ဖော်လာပါတယ်။ တချိန်က အတိုက်အခံအင်အားစုတွေနဲ့ ထိတွေ့ဆက်ဆံမှုတွေ လုပ်ဆောင်တာဟာ တချိန်က စစ်ခေါင်း ဆောင် တွေရဲ့ ဆန့်ကျင်ဘက် အင်အားစုကို အပြုတ်တိုက်ရေးဆိုတဲ့ လမ်းကြောင်းကနေ ပြောင်းပြန် လှန်လိုက်တာမို့ ကြိုဆို ရမယ့် ကိစ္စလည်း ဖြစ်ပါတယ်။
ဦးသိန်းစိန် အစိုးရ တက်လာခြင်းဟာ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅၀ ကျော် စစ်အုပ်ချုပ်ရေး အဆုံးသတ်သွားတာလို့ နိုင်ငံတကာ အစိုးရတွေက ရှုမြင်လာအောင် မြန်မာအစိုးရက ကြိုးစားခဲ့တာပါ။ တနည်းအားဖြင့် စစ်တပ်ဟာ မြန်မာ့နိုင်ငံရေးက စနစ်တကျ ဆုတ်ခွာလာတာလို့ ပြောဆိုတာမျိုးတောင် ရှိပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။
အစိုးရ၊ လွှွတ်တော်၊ ကြံ့ခိုင်ရေးပါတီနဲ့ တပ်မတော်ဆိုတဲ့ တပ်မတော် ကျောထောက်နောက်ခံပြုထားတဲ့ နိုင်ငံရေး မျက်နှာစာ ၄ ခုကလည်း တခုနဲ့တခု ဟန်ချက်ညီညီနဲ့ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ စနစ် ဆိုတာကို ဖော်ဆောင်နေကြတယ်။ ဒါကြောင့် တပ်မတော်ဟာ နိုင်ငံရေးမှာ တရားဝင် အာဏာအရှိဆုံး အဖွဲ့အစည်းဖြစ်နေတယ်။
၂၀၀၈ အခြေခံဥပဒေအရ စစ်တပ်ဟာ အချိန်မရွေး တိုင်းပြည်အာဏာကို အပြည့်အ၀ တာဝန်ယူခွင့် ရှိသလို ဖွဲ့စည်းပုံပါ အချက် အလက်တွေကို ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းက ပြင်ဆင်ချင်ပါတယ် ဆိုရင်တောင် ကာကွယ်ရေး ဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်ထားတဲ့ စစ်တပ်ကိုယ်စားလှယ် တဦးဦးက သဘောမတူဘဲ ပြင်ဆင်ခွင့်၊ ပယ်ဖျက်ခွင့်မရှိပါဘူး။
ဒါဟာ စစ်တပ်က ဒီမိုကရေစီ လွှတ်တော်ကို ချုပ်ကိုင်ထားမှုတမျိုးလည်း ဖြစ်ပါတယ်။ ဥပမာအားဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ ပါ ပုဒ်မ ၄၃၆ ဟာ အထင်အရှား ပြယုဂ်တခုပါပဲ။
ဒါကြောင့် ဒီမိုကရေစီ အင်အားစုတွေက ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို နိုင်ငံနဲ့ အဝန်း ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားနေကြပါ တယ်။ ပြောရရင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှုဟာ တပ်မတော်ကို နိုင်ငံရေးနဲ့ စည်းခြားဖို့ ကြိုးစားမှု တရပ်ပါ။ ဒီမိုကရေစီ နိုင်ငံ တခု တည်ဆောက်မယ်ဆိုရင် စစ်တပ်နဲ့ နိုင်ငံရေးကို စည်းခြားဖို့ လိုအပ်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဖွဲ့စည်းပုံအခြေခံ ဥပဒေအရပဲ ပြင် ဆင် စေချင်တာလို့ တရားဝင် ထုတ်ပြောပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအရ ပုဒ်မ ၄၃၆ မပြင်ရင် ဖွဲ့စည်းပုံက စစ်တပ် ထောက်ခံမှု မပါဘဲ ဘယ်လိုမှ ပြင်လို့မရနိုင်ပါဘူး။
ပြောရရင် အာဏာသိမ်း စစ်အစိုးရ ဦးစီးကျင်းပပေးခဲ့တဲ့ ၁၉၉၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ရလဒ်ကို ထိုစဉ် က ဗိုလ်ချုပ်မှူးကြီး စောမောင်က အနိုင်ရတဲ့ ပါတီကို အာဏာလွှဲပေးပြီး စစ်တန်းလျားပြန်မယ် ပြောခဲ့ပေမယ့် စစ်တပ်က စစ်တန်းလျား မပြန်ချင်လို့ သူ့ကို ပါဖယ်ရှားပြိး ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်မပြုခဲ့တာပါ။
တကယ်တော့လည်း တပ်မတော် ဟာ မြန်မာ့ လွတ်လပ်ရေး အကြို နိုင်ငံရေးက မွေးဖွားလာတဲ့ တပ်မတော်ပီပီ မြန်မာ့ နိုင်ငံ ရေး မှာ စစ်တပ်က အစဉ် ဦးဆောင်နေရမယ်လို့ စစ်ခေါင်းဆောင်တချို့က ယုံကြည်ကြပြီး စစ်တပ်ကို လူတန်းစားသစ် တခုသဖွယ် ဖန်တီးထားပါတယ်။
တပ်မတော်ဟာ လွတ်လပ်ရေး ရပြီးကတည်းက မြန်မာနိုင်ငံမှာ သြဇာအကြီးဆုံးနဲ့ နိုင်ငံရေး အဖွဲ့အစည်းတခု အနေနဲ့ အခုထိ ရပ်တည်လာတာပါ။ မျိုးဆက်သစ် စစ်ခေါင်းဆောင်တွေကလည်း အစဉ်အလာမပျက် ဆက်လက်ထိန်းသိမ်းထားဆဲပါ။ နိုင်ငံ ရေး ကဏ္ဍမှာသာ ဦးဆောင်မှု အခန်းကဏ္ဍက နေရာယူထားရုံတင်မက စီးပွားရေး ကဏ္ဍမှာလည်း နေရာယူထားတယ်။
၁၉၈၈ ခုနှစ်နောက်ပိုင်း တိုင်းပြည်ရဲ့ စီးပွားရေး ကဏ္ဍ တော်တော်များများမှာ စစ်ခေါင်းဆောင်တွေကပဲ တိုင်းပြည် စီးပွားရေး ဆိုင်ရာ လုပ်ငန်းလုပ်ကိုင်ခွင့်တွေကို ဆုံးဖြတ်လုပ်ကိုင်လာရာက ၁၉၉၀ မှာ စစ်တပ်ပိုင် မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်( ဦးပိုင်) က ကနဦး မတည်ငွေ အမေရိကန် ဒေါ်လာ ၁.၆ ဘီလျံနဲ့ မြန်မာ့စီးပွားရေး မျက်နှာစာ တော်တော်များများမှာ လွှမ်းမိုးချုပ်ကိုင် လာခဲ့တယ်။
ဦးပိုင်ရဲ့အမြတ်အစွန်းဟာ တပ်မတော်သားတွေရဲ့အကျိုးစီးပွားအတွက်လို့ ပြောဆိုထားပေမယ့် အောက်ခြေ တပ်သား အဆင့် ရဲဘော်တွေအတွက် သိသာတဲ့ အကျိုးခံစားခွင့်လည်း မရှိသလို ဦးပိုင်ရဲ့ စီးပွားရေး အကျိုးအမြတ်တွေနဲ့ပတ်သက်လို့လည်း ပွင့်လင်းမြင်သာမှု မရှိခဲ့ပါဘူး။
တပ်မတော်ပိုင် ဦးပိုင် လီမိတက်ဟာ သယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်လိုင်းတွေ၊ မြေယာနဲ့ စိုက်ပျိုးရေး လုပ်ငန်း၊ သယံဇာတ တူးဖော်ထုတ်လုပ်ရေး မိုင်းလုပ်ငန်း၊ သွင်းကုန်၊ ထုတ်ကုန်လုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ နိုင်ငံခြား ကုမ္ပဏီတွေနဲ့ ဖက်စပ်လုပ်ငန်း စတဲ့ စီးပွားရေး မျက်နှာစာ အကုန်လုံး နီးပါးမှာ ချုပ်ကိုင်လွှမ်းမိုးထားပါတယ်။
တိုင်းပြည် စီးပွားရေး ဆုတ်ယုတ် ကျဆင်းလာတာဟာ စစ် ခေါင်းဆောင်တွေရဲ့ စီးပွားရေး စီမံခန့်ခွဲမှု ညံ့ဖျင်းမှုတွေကြောင့် ဆို တာကို ဝန်ခံမှုမပြုဘဲ လူ့ အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် နိုင်ငံတကာက စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုကိုပဲ လက်ညှိုးထိုး ခဲ့ပါတယ်။
၁၉၈၈ ခုနှစ်နောက်ပိုင်း နိုင်ငံတော် ရသုံးမှန်းခြေ အသုံးစရိတ် ဘတ်ဂျက်ကြေညာတာလည်း မလုပ်တော့သလို စစ်ဘက် ဆိုင် ရာ အသုံးစရိတ်ကိုလည်း လုံး၀ မထုတ်ပြန်ခဲ့တော့ပါဘူး။ ပိုဆိုးတာက ၁၉၈၈ ခုနှစ်နောက်ပိုင်း တိုင်းပြည်တွင်း လာရောက် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကြတဲ့ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေကတဆင့် စစ်ခေါင်းဆောင်တွေဟာ မတရား ကြွယ်၀ ချမ်းသာ သူတွေ ဖြစ်လာပါတော့တယ်။
ဒီလိုအခြေအနေတွေကနေ ဒီမိုကရေစီအစိုးရလို့ကြွေးကြော်တဲ့ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာတော့ အနည်းငယ် လွတ်လပ် ပွင့်လင်းလာမှုတွေနဲ့အတူ ဦးပိုင်ရဲ့ စီးပွားရေး လက်ဝါးကြီးအုပ်မှုက မေးခွန်းထုတ်ခံနေရပါပြီ။
အရင်စစ်အစိုးရလက်ထက်က နိုင်ငံခြားတိုင်းပြည်တွေရဲ့ စီးပွားရေး ကုမ္ပဏီတွေအကြား ချုပ်ဆိုခဲ့ကြတဲ့ စာချုပ်တွေမှာ ဦးပိုင် ဟာ အဓိက ပတ်သက်ပါတယ်။ ပွင့်လင်းမြင်သာမှု လုံးမဝရှိခဲ့တဲ့ စီးပွားရေး စီမံကိန်း စာချုပ်တွေလည်းဖြစ်ပြီး လတ်တလော ပြ ဿနာ ဖြေရှင်းမရ ဖြစ်နေတာကတော့ တရုတ် ကုမ္ပဏီတွေနဲ့ပတ်သက်တဲ့ စာချုပ်တွေကိစ္စပါ။
တရုတ်နိုင်ငံ CPI နဲ့ ချုပ်ဆိုလုပ်ကိုင်ခဲ့တဲ့ မြစ်ဆုံ စီမံကိန်းအစ၊ တရုတ်နိုင်ငံ ဝမ်ပေါင်ကုမ္ပဏီနဲ့ချုပ်ဆို လုပ်ကိုင်နေဆဲ လက်ပံ တောင်း ကြေးနီစီမံကိန်းအလယ်၊ ရွှေ ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့ စီမံကိန်း ကိစ္စတွေဆို နိုင်ငံတော်က ဘယ်လို အကျိုးအမြတ် တွေရနေတယ်ဆိုတာ နိုင်ငံသားတွေ အခုထိ သိခွင့်မရှိသေးတာပါဘဲ။
ဒီမိုကရေစီနိုင်ငံတခု တည်ဆောက်ရင် လိုက်ဖက်ညီတဲ့ ဈေးကွက်စီးပွားရေးကိုလည်းပီပီပြင်ပြင် အကောင်အထည်ဖော်ရမှာပါ။ ဒါကြောင့် မြန်မာ့စီးပွားရေးမှာ တပ်မတော်ပိုင် ဦးပိုင်လီမိတက်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို လျှော့ချသွား ဖို့ မဖြစ်မနေ လိုအပ် ပါတယ်။ အခုထိကတော့ အရိပ်အယောင်မမြင်ရသေးပါဘူး။
ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း သမ္မတ ဦးသိန်းစိန်ဖော် ဆောင်နေတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ထောက်ခံတယ်လို့ ပြောပါတယ်။
နှစ်ပေါင်း ၆၀ လောက် ပြည်တွင်း စစ်မီးလျံတွေကြားထဲမှာ အစိုးရအဆက်ဆက်ကို အကာအကွယ်ပေးတဲ့ ယန္တရားတခု အဖြစ် ကနေ နိုင်ငံသူ၊ နိုင်ငံသားတွေကို အကာအကွယ်ပေးတဲ့ တကယ့် ပရော်ဖက်ရှင်နယ် တပ်မတော်အဖြစ် သွားဖို့လိုပါတယ်။ ဒါမှသာ ငြိမ်းချမ်းရေးအတွက် အဓိကအဖြေကို ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး မရှိရင် ဒီမိုကရေစီလည်း မရှိနိုင်သလို နိုင်ငံသားတွေရဲ့ လူမှုဘဝဖွံ့ဖြိုးရေး၊ တိုင်းပြည် ဖွံ့ဖြိုး တိုး တက် ရေးတွေလည်း အကောင်အထည်ပေါ်လာမှာ မဟုတ်ပါဘူး။
အခုနောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ထိတွေ့လုပ်ဆောင်နေတဲ့ တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ စစ်တပ်က ထိပ်ပိုင်း ခေါင်းဆောင်တချို့လည်း ပါဝင်လာတာဟာ အပေါင်းလက္ခဏာ ဆောင်တဲ့ စစ်တပ်ရဲ့ ခြေလှမ်းလို့ ပြောလို့ရပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်ရင် ဦးသိန်းစိန်အစိုးရက စေတနာမှန်မှန် လုပ်ဆောင်ဖို့ လိုအပ်သလို စစ်တပ် ကလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို တိုင်းပြည်အပေါ် စိတ်စေတနာကောင်းထားပြီး ပူးပေါင်းပါဝင်ဖို့လိုပါတယ်။ ဒါမှသာ တကယ် စစ်မှန်တဲ့ ငြိမ်းချမ်းရေး အသီးအပွင့်တွေ ပေါ်ထွက်လာမှာပါ။
ဒါပေမယ့် တပ်မတော်ဟာ အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေမှာ လူ့ အခွင့်အရေး ချိုး ဖောက်မှုတွေ အခုထိ ဆက်ကျူးလွန်နေပါသေးတယ်။ ဒါဟာ စစ်တပ်ရဲ့ တရားကိုယ်သဘောထားက ကြီးမားလွန်းနေသေး တာ ကို ပြသရာလည်း ရောက်နေပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ထိတွေ့ဆက်ဆံပြောဆိုတဲ့နေရာမှာ တဘက်အင်အားစုတွေကို အသိအမှတ် မပြုဘဲ စစ်တပ်က ဆက်လက်သြဇာကြီးရေးကိုပဲ ဦးတည်ပြီး ရပ်တည်ချက် မပြောင်းလဲဘဲ ဖြစ်နေတာကတော့ အနုတ် လက္ခဏာ ဆောင် နေပါသေးတယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အပြည့်အ၀ လက်မခံနိုင်သေးတဲ့ အခြေအနေမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုသာ လိုက်နာရမယ်ဆိုတဲ့ စစ်တပ်ရဲ့ သဘောထားက တနိုင်ငံလုံး အပစ်ရပ်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးရဖို့ကို အလှမ်းဝေးနေစေပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအရ မြန်မာနိုင်ငံမှာ လက်နက်ကိုင်တပ်ဖွဲ့ တခုတည်း ရှိရမယ်ဆိုတဲ့ အချက်ဟာလည်း နိုင်ငံတကာ စံချိန်စံညွှန်း ရှိတယ်ဆိုပေမယ့် လက်တွေ့မြန်မာ့နိုင်ငံရေးအခင်းအကျင်းမှာ အငြင်းပွားဖွယ်ရာ အခြေအနေ ရှိနေပါတယ်။
နိုင်ငံရေး အာမခံချက် တစုံတရာ မရှိဘဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး လက်နက်စွန့်ဖို့ ဘယ်လိုမှ မဖြစ်လာနိုင်ပါဘူး။
ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်က တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်ဖြစ်နေတာ ဟာ နိုင်ငံရေးနည်းနဲ့ မဖြေရှင်းလိုဘဲ စစ်ရေးနည်းနဲ့ ဖြေရှင်းလိုတာကို ပြသနေပါတယ်။
ဒါကြောင့်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရ၊ စစ်တပ်တို့ကြား နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး ဆိုတာလည်း ခပ်ရေးရေးသာ ဖြစ်နေရတာပါ။ အင်အားနည်းတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအချင်းချင်း မဟာမိတ် ဖွဲ့ထားမှုတွေကလည်း စစ်တပ်အပေါ် ယုံကြည်မှု မရှိတာကို ပြသတာဖြစ်ပါတယ်။
စစ်တပ်ကလည်း တိုင်းရင်းသား လက်နက်ကိုင်တွေအပေါ် ယုံကြည်မှုမရှိတဲ့အတွက် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတိုင်းမှာ လက်နက်ဖြုတ်သိမ်းရေးဆီ ဦးတည်တဲ့ ရပ်တည်ချက်ကို ဆက်လက် ကိုင်စွဲထားတာလည်းဖြစ်တယ်။ ဒီတော့ ယုံကြည်မှု ပျောက်ဆုံး နေကြတဲ့ ပြဿနာလို့ ပြောရင်ရပါတယ်။
မြန်မာ့နိုင်ငံရေးမှာ ယုံကြည်မှု ပျောက်ဆုံးနေကြတဲ့ပြဿနာက အစိုးရ၊ လွှတ်တော်၊ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသား နိုင်ငံရေး ပါတီတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြားမှာ ရှိနေပြီး ဒီကိစ္စကို အချိန်တခုယူပြီး ဖြေရှင်းမှသာ ရနိုင်ပါမယ်။
နိုင်ငံရေးအင်အားစုတွေနဲ့ လက်နက်ကိုင်အင်အားစုတွေ အားလုံးလိုလိုက မြန်မာနိုင်ငံမှာ နောင်အနာဂတ် တပ်မတော် ဆိုတာ ကို လက်ရှိ စစ်တပ်ပါ ပါဝင်တဲ့ ဖက်ဒရယ် တပ်မတော် ပုံစံ ပုံဖော်ချင်ကြတယ်။ ဒီကိစ္စက လက်တွေ့လုပ်ဆောင်ဖို့တော့ အလွန် ခက်ခဲနေဆဲပါပဲ။
တချိန်က ပြည်တွင်းစစ်ကိုသာ ဆင်နွှဲနေတဲ့တပ်မတော်ဟာ ပြည်တွင်းစစ် ချုပ်ငြိမ်းရေးအတွက် အခုအခါမှာ ဗဟိုဆုံမှတ် ဖြစ် နေပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်းစစ်ချုပ်ငြိမ်းရေးတို့ အတွက် တပ်မတော်ကိုယ်တိုင်က နိုင်ငံတော်ကာကွယ်ရေး တာဝန်တခုတည်းလုပ်ကိုင်ကာ ရွေးချယ်တင်မြှောက်ခံ အရပ်သားအစိုးရရဲ့ လက်အောက်ခံ ဝန်ထမ်းများအဖြစ် ပရော်ဖက်ရှင်နယ် စစ်တပ်ဖြစ်ရေး အားစိုက်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။
အချုပ်အားဖြင့် ပြောဆိုရမယ်ဆိုရင် လက်ရှိ တပ်မတော်ဟာ တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး မျက်နှာစာတွေက ဆုတ်ခွာဟန် ပြထားပေမယ့် ဆုတ်ခွာမယ့် လက္ခဏာ မရှိသေးဘဲ အနာဂတ် မြန်မာ့နိုင်ငံရေးမှာလည်း တပ်မတော်က ဆက်လက်ပါဝင်နေမယ် ဆိုတာ မြင်တွေ့နေရကြောင်း တင်ပြလိုက်ပါတယ်။ ။