မခင်နှင်းကြည်သာသည် ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး နယ်စပ်၊ မြိုင်ဒေသရှိ တောင်ပေါ်တောတိုက် အကြောင်းကို ဆောင်းပါးရေးသားရန် သွားရောက်ခဲ့ပြီး ဒေသ၏ မဖွံ့ဖြိုးမှု အခြေအနေများကို မျက်မြင်တွေ့ရှိကာ ဆောင်းပါး ရေးသားခဲ့သည်။ ထိုမှ စတင်ကာ ယင်းဒေသအခြေစိုက် တကိုယ်တော် ပရဟိတသမားများ ကွန်ရက်ကို စတင်လုပ်ဆောင်ခဲ့သည်။ ဆက်လက်ပြီး မြိုင်ဒေသအတွင်း ဖွံ့ဖြိုးရေးအတွက် ပညာရေး၊ ကျန်းမာရေး ဆိုင်ရာများကိုလည်း စိုက်လိုက်မတ်တပ် လုပ်ဆောင်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု အခြေစိုက် ပြည်ပရောက် မြန်မာများမှ ပေးအပ်သည့် ပြည်သူ့ဂုဏ်ရည်ဆု အထူးဆုကို ရရှိခဲ့သူတဦးလည်း ဖြစ်သည်။ မခင်နှင်းကြည်သာသည် လက်ရှိတွင် ရွှေမြစ်မခ သတင်းအေဂျင်စီ၌ တာဝန်ခံအယ်ဒီတာတဦး အဖြစ်လည်း လုပ်ကိုင်လျှက် ရှိသည်။ အသက် ၂၈ နှစ်အရွယ် မခင်နှင်းကြည်သာ၏ တကိုယ်တော် ပရဟိတသမားများကွန်ရက် လုပ်ငန်း အကြောင်း၊ မြိုင်ဒေသကို ရှာဖွေတွေ့ရှိခဲ့ပုံနှင့် ယင်းဒေသ၏ အကြောင်းများကို ဧရာဝတီမြန်မာပိုင်း သတင်းထောက် နန်းဆိုင်နွမ် နှင့် အင်္ဂလိပ်ပိုင်း သတင်းထောက် ရင်စနိုင်းတို့က တွေ့ဆုံမေးမြန်းထားပါသည်။
မေး။ ။ မခင်နှင်းကြည်သာရဲ့ အဖွဲ့အစည်းလေးက ဘယ်လိုကနေ စဖြစ်လာပါသလဲ။
ဖြေ။ ။ ၂၀၁၂ ခုနှစ် စက်တင်ဘာမှ စဖွဲ့တယ်ဆိုတော့ အခုဆိုရင် တနှစ်ခွဲလောက်ကြာပြီ။ ၂၀၁၂ ခုနှစ် စက်တင်ဘာလမှာ ကျမ တောင်တန်းဒေသကို ခရီးသွားတယ်။ ဒေသခံတွေက တောင်ပေါ်မှာ ရောဂါရှိနေတဲ့ သူတွေ ရှိနေတယ်တဲ့။ အဲဒီအကြောင်းကို စာရေးပေးဖို့ လှမ်းခေါ်တယ်။ သူတို့ဆီကို စိတ်ဝင်စားပြီးတော့ သွားတာပေါ့။ အဲဒီရောက်တော့ ရောဂါသည်တွေကတော့ မရှိဘူး။ အဲဒီ တောင်တန်းပေါ် ရောက်နေတဲ့ သူတွေအများကြီးကို တွေ့လိုက်တယ်။ သူတို့ရောက်နေတာ နှစ်ပေါင်း လေး ငါး ခြောက်ဆယ်ရှိပြီပေါ့နော်။ သူတို့ဆီမှာ ကျောင်းတွေမရှိဘူး၊ ပညာမတတ်ကြဘူးပေါ့။ လမ်းကလည်း အရမ်းဆိုးလွန်းအား ကြီးတယ်။ ဆရာဝန်တွေကလည်း မလာကြဘူး။ ဆေးလည်းမကုကြဘူး။ ဘာသာရေးနဲ့ ပတ်သတ်ပြီး ဘုရားကျောင်းတွေ ဘုန်းကြီးတွေမရှိဘူး။ အဲဒါကို မြင်တဲ့အခါ တော်တော်လေးကို စိတ်မကောင်းဘူး။ မကွေးတိုင်းရဲ့ အနောက်ဘက် ဆိုတာက မြန်မာနိုင်ငံမှာ သိပ်အစွန်အဖျားကြီး ကျတယ်လို့ ပြောလို့မရဘူး။ မြန်မာနိုင်ငံအလယ်ပိုင်းလို့ပဲ ပြောလို့ ရတယ်ပေါ့နော်။ အဲဒီလိုနေရာမှာ ဒီလိုလူမျိုးတွေ၊ ဒီလိုအဖြစ်မျိုးတွေ ရှိတယ်ပေါ့။ အဲဒီမှာ ကျမပြန်လာပြီး စာပြန်ရေးတယ်။ ဆောင်းပါး ပြန်ရေးတယ်။ ရေးပြီးတော့ အလှူရှင်တွေက ဒီဒေသကို စိတ်ဝင်စားပြီး ပိုက်ဆံတွေ ပို့ကြတယ်။ ကျမဆောင်းပါးမှာ ဘာကို အဓိကရေးလဲဆိုတော့ အဲဒီဒေသမှာ ဆေးဝါးမရှိဘူး။ ဖိနပ်မရှိဘူး။ တကိုယ်ရည်သန့်ရှင်းရေး အရမ်းအားနည်းတယ် ဆိုတာကို ဇောင်းပေးပြီး ရေးလိုက်တယ်။ လူတွေက ဖိနပ်နဲ့ ဆေးတွေကို လှူကြတယ်။ လှူတော့ ဒေသခံတွေက ဖြစ်နိုင်ရင် ဒါကို ဆက်ပြီး ကူညီပေးပါပြောကြတယ်။ ကျမက ဒီဒေသကို ပြင်ပကနေ ရောက်လာတဲ့ ပထမဆုံး ဧည့်သည်လည်းဖြစ်တယ်။ ပြီးတော့ ကူညီမှုကလည်း အဆင်ပြေတယ်ဆိုပြီးတော့ ကျမက သူတို့အတွက် ပရိဟတ ကွန်ရက်ကို ဖွဲ့လိုက်တာပါ။
မေး။ ။ တကိုယ်တော် ပရဟိသသမားများ ကွန်ရက်ကို ဘယ်လိုစပြီး စုစည်းမိပါသလဲ။
ဖြေ။ ။ ကျမ အဲဒီဒေသကို စသွားတော့ ဒေသခံ ဆရာဦးနိုင်ထူးနဲ့ ခင်ခဲ့တာ။ ဆရာနဲ့ အမြဲတမ်း ဖုန်းအဆက်အသွယ် ရှိတယ်၊ ဖုန်းပြောဖြစ်တယ်ပေါ့။ ကွန်ရက်ကို စမယ်ဆိုတော့ ရန်ကုန်ကနေ ကျမက ရန်ပုံငွေရှာတယ်။ ပြီးတော့ အဲဒီမှာ တကယ်လိုအပ်ပြီးတော့ ကျမတို့ ဘာလုပ်ပေးရမယ် ဆိုတာ ဆရာ့ကိုညှိနှိုင်းပြီးတော့ အလှူငွေသွားပေး ဖြစ်တယ်။ နောက်ပိုင်းတော့ ကျမရဲ့အစ်ကို ကိုရဲဝင်း ပါဝင်ခဲ့တယ်။ အဓိက သုံးယောက်တည်းနဲ့ လည်ပတ်ခဲ့တာက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလောက်အထိ သုံးယောက်တည်းပါ။
မေး။ ။ သုံးယောက်တည်းနဲ့ ကွန်ရက်ကိုလည်ပတ်ဖို့ ဘယ်လိုစီစဉ်ခဲ့လဲ။
ဖြေ။ ။ ဘယ်လိုစီစဉ်ခဲ့လဲဆိုတော့။ အဓိက Fund ရှာတာက ကျမရှာခဲ့တယ်။ Fund အဝင်အထွက် ကုန်ကျစရိတ် အားလုံးကို ကျမရဲ့အစ်ကိုက ယူပြီးတော့၊ ဒေသမှာအဓိက လိုအပ်ချက်က ဘာရှိလဲ၊ တကယ်လိုအပ်နေတာက ဘာတွေလဲ၊ ဘယ်လောက် ကုန်ကျစရိတ်တွေရှိလဲ ဆိုတာကို ဆရာဦးနိုင်ထူးက ရှာဖွေတယ်။ ဒေသက လူတွေနဲ့ တွေ့ပြီးတော့ ကျောင်းတွေ ဆောက်တာမျိုး၊ ရေတွင်းတူးတာမျိုးကို ဆရာက ဦးစီးတယ်။ အဲဒီမှာက မိုးရာသီဆိုရင် တောင်လမ်းက သွားလို့မရဘူး တောင်တွေပြိုတယ်။ ဆောင်းရာသီနဲ့ နွေဆိုရင် ရန်ကုန်ကနေ အဲဒီဒေသကို ကျမတို့ ခရီးထွက်တယ်။ ပြီးတော့ ကျောင်းတွေ၊ ရေတွင်းတွေ ဆောက်တာ ပြီးလား၊ ဒေသမှာ ဘာလိုအပ်ချက်တွေရှိလဲ ဆိုတာ ကျမတို့ တိုင်ပင်တယ်။ ပြီးတော့ ဘယ်ဟာကို အရင်လုပ်မယ်၊ ဘယ်လို အပြီးလုပ်မယ်ဆိုတာ ဆုံးဖြတ်ချက်ချပြီး ပြန်လာတယ်။
မေး။ ။ Fund ရှာတဲ့အခါမှာ အဖွဲ့အနေနဲ့ ဘယ်လိုရှာလဲ။
ဖြေ။ ။ အဖွဲ့စကတည်းက အခုချိန်အထိပဲ ကျမ facebook ကို အသုံးချခဲ့တယ်။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာမှာ ကျမ ဒီကွန်ရက်ကို စတင် တည်ထောင်ခဲ့တယ်။ ကျမရဲ့ ခင်နှင်းကြည်သာနာမည်နဲ့ Account ကိုလည်း ဒီကွန်ရက်အတွက်ပဲ အသုံးချခဲ့တယ်။ အလှူရှင်တွေနဲ့ တွေ့တယ်၊ အဲဒီမှာပဲ စကားပြောတယ်။ တော်တော်များများ အလှူရှင်တွေရဲ့ ၉၀ ရာခိုင်နှုန်းက facebook မှာပဲ။ အပြင်မှာ တခါမျှမမြင်ဖူးဘဲနဲ့ စကားပြောခဲ့ကြတယ်။ တချို့က နိုင်ငံခြားကနေ လွှဲကြတယ်။ သူတို့ မိသားစုတွေနဲ့တော့ ရန်ကုန်မှာတွေ့ပြီး စကားပြောတယ်။ ကျမရဲ့ ကွန်ရက် ကိုယ်စားလှယ်တွေလည်း အခု ထပ်ဝင်လာတယ်။ သူတို့နဲ့လည်း facebook မှာပဲဆုံကြတယ်။ သုံးလလောက်ကြာမှ အပြင်မှာဆုံဖူးတယ်။
မေး။ ။ အလှူရှင်တွေက ပြည်ပက ပိုများလား၊ ပြည်တွင်းက ပိုများလား ။
ဖြေ။ ။ အလှူရှင်တွေကတော့ ပြည်တွင်း၊ ပြည်ပကတော့ အတူတူလောက်ပါပဲ။ ဒါပေမယ် ပမာဏကတော့ ပြည်ပက ပိုများတယ်။ ဒါပေမယ့် နည်းတယ်များတာက အဓိကမဟုတ်ဘူးလေ။
မေး။ ။ ပြည်ပအလှူရှင်တွေက နိုင်ငံခြားသားရောပါလား။
ဖြေ။ ။ နိုင်ငံခြားသားတွေက ကျမတို့အဖွဲ့ကို ဘယ်လိုစိတ်ဝင်စားလဲဆိုတော့ ကျန်းမာရေး အပိုင်းဆိုရင်လည်း သူတို့အားလုံး တာဝန်ယူချင်တယ်။ NGO သဘောမျိုး အသွင်းပြောင်းဖို့ ကျမကို ခဏခဏ ပြောကြတယ်။ သူတို့ ဝင်ကူညီချင်တယ်၊ NGO သဘောမျိုး အသွင်ပြောင်းပေးပါပေါ့။ ကျမကတော့ ပြည်ပကအလှူရှင် တဦးချင်းသီးသန့်နဲ့ပဲ လက်ခံချင်တယ်။ NGO လို သဘောမျိုး အသွင်ပြောင်းပြီးတော့ သူတို့က ကျမတို့ကွန်ရက်ကို ထိန်းချုပ်တာမျိုး လက်မခံဖြစ်သေးဘူး။ အခုထိ အဲဒီလိုအကြောင်းတွေ ရှိတဲ့အတွက် နိုင်ငံခြားသားအလှူရှင် မရှိသေးဘူး။ မြန်မာ နိုင်ငံသားက ခေါ်လာပေးတဲ့ နိုင်ငံခြားသား တဦးချင်း အလှူရှင်တော့ရှိတယ်။
မေး။ ။ အစ်မ လုပ်နေတဲ့ မြိုင်ဒေသအကြောင်းလေး နည်းနည်းရှင်းပြပေးပါလား။
ဖြေ။ ။ အဲဒီရွာက မြိုင်အနောက်ဘက် ကနေ မိုင် ၃၀ လောက် သွားတဲ့အခါကျရင် ဗဟင်းရွာ၊ မြိုင်အနောက်ဘက်မှာ ရွာပေါင်း ၈၄ ရွာ ရှိတယ်။ အုပ်စုပေါင်း ၈၄ စု ရှိတယ်။ သူက ပုဂံကနေလာတဲ့ တန့်ကြည့်တောင်နဲ့ ဆက်နေတယ်။ ပြီးတော့ စစ်ကိုင်းတောင်ရိုးနဲ့ ဆက်နေတယ်။ အနောက်ဘက်က ချင်းတောင်တန်း၊ ပြီးတော့ မြိုင်အနောက်ဘက် တောင်တန်းပေါ့။ ကျမတို့လုပ်နေတဲ့ ကွန်ရက်ရဲ့အပိုင်းမှာကတော့ မကွေးတိုင်းဘက်က အခြမ်းပါမယ်။ စစ်ကိုင်းတိုင်းဘက်က အခြမ်းပါမယ်။ မကွေးနဲ့စစ်ကိုင်းကို ဆက်ထားတဲ့ တောင်တန်းပေါ့။
မေး။ ။ တောင်ပေါ်မှာနေတဲ့ရွာစု ဘယ်နှစုလောက် ရှာတွေ့ထားပြီလဲ။
ဖြေ။ ။ နောက်ဆုံးအနေနဲ့ အုပ်စု ၇ စု ကို ရှာတွေ့ထားပါတယ်။ နောက်ထပ် လူတွေနေနေသေးလား ဆိုတာတော့ မသိသေးဘူးပေါ့။ လူဦးရေက ခန့်မှန်းခြေ ၃ ထောင်လောက်ရှိပါတယ်။ သူတို့ဒေသအခေါ်ကတော့ တောတိုက်ပေါ့။ ရွာမဟုတ်ဘူး။ သူတို့က တောတိုက်တဲ့။ လယ်မြေ အခက်အခဲတွေကြောင့်၊ သူတို့က လယ်မြေတွေကို သူများဆီကနေ အငှားလုပ်ရတော့ ဒေသကလည်း တဖြည်းဖြည်းနဲ့ မိုးတွေခေါင်လာပြီး စပါးတွေစိုက်လို့မရတော့ သူများကို အငှား မချနိုင်ဘူး။ သူများလယ်မှာ လုပ်တဲ့သူတွေက အဆင်မပြေလာတော့ဘူး။ လယ်ပိုင်ကလည်း မရှိတော့ တောထဲမှာ သွားစိုက်ကြတယ်။ တဖြည်းဖြည်းနဲ့ တောင်ပေါ်လယ် သွားစိုက်တယ်။ ပြီးရင် တောင်အောက် ပြန်လာတယ်ပေါ့။ နောက်ပိုင်းတော့ ကိုယ်ပိုင်တဲ့လယ်မှာ တဲထိုးပြီးနေတယ်။ အဲဒီလိုနေတာ တော်တော်များလာတယ်။
မေး။ ။ အဲဒီဒေသကို အုပ်ချုပ်ရေးအာဏာရော သက်ရောက်လား။
ဖြေ။ ။ အုပ်ချုပ်ရေးအာဏာ မရောက်တဲ့နေရာမဟုတ်ဘူး။ မြိုင် အပိုင်ပဲလေ။ သူတို့သွားနေတဲ့နေရာက မြိုင်ရဲ့ သစ်တောကြိုးဝိုင်းထဲမှာနေတာ။
မေး။ ။ မခင်နှင်းကြည်သာအနေနဲ့ အဲဒီဒေသမှာ ဘာတွေလုပ်ဆောင်ပြီးစီးသွားပြီလဲ။ ဘာတွေလုပ်ဖို့ ကျန်နေသေးလဲ။
ဖြေ။ ။ ကျမစခဲ့တုန်းက ပညာရေးနဲ့ပတ်သတ်ပြီး စခဲ့တာ။ တဲလေးပေါ်မှာ ဝမ်းလျားထိုးပြီး စာသင်ခဲ့ရတယ်။ ဆရာမ တွေကိုလည်း ဒေသခံတွေက ငှားနေရတယ်။ တောင်ခြေမှာက မူလတန်းပညာ အခမဲ့ထားတယ်။ တောင်ပေါ်မှာက ဆရာမကို ငှားနေရတယ်။ ဆရာမကို ပိုက်ဆံရှင်းရတယ်။ တလကို ၆ သောင်းဆို ၆ သောင်းပေါ့။ အဲဒါကို သူတို့က ဝါးခုတ်၊ စပါးပင်စိုက်ပြီး ရှင်းရတယ်။ ရေရှည်တော့ သူတို့ ဒါကို ဆက်မရှင်းနိုင်တော့ဘူး။ ဆက်မသင်တော့ဘူး။ မူလတန်းပညာ အခမဲ့ဖြစ်နေတဲ့ အချိန်မှာတောင် ပိုက်ဆံပေးသင်နေရတော့ ဆက်မသင်နိုင်တဲ့ အတွက် မူလတန်းပညာကို အပြည့် မရဘူးပေါ့။ အဲဒါကို ကျမတွေ့တော့ ကျောင်းဆောက်ပေးတယ်။ အစိုးရကို ဒီလိုမျိုးတောထဲမှာ ကျောင်းတွေ ရှိတယ်။ မြိုင်ပိုင်တဲ့ဧရိယာမှာ နယ်မြေထဲမှာရှိတယ်၊ အစိုးရအနေနဲ့ ကျောင်းသတ်မှတ်ပေးဖို့ မြိုင်ပညာရေးကို ပြောတဲ့အခါ အခမဲ့ ဖြစ်သွားတယ်။ သူတို့ ဆရာ၊ ဆရာမကို လစာပေးစရာမလိုဘဲ သင်လို့ရသွားတာပေါ့။ ပညာရေးပိုင်းကို ကူညီပေးတာ။ နောက် လေးတန်းအောင်သွားတဲ့ ကလေးတွေကို တောင်အောက်မှာ ၅ တန်း ဆက်တက်ဖို့ ကျမတို့ ကွန်ရက်က ကျောင်းဆက်ထားပေး ပါတယ်။ ဒါ ပညာရေးပိုင်းပေါ့။ ကျန်းမာရေးပိုင်းကိုတော့ ကွန်ရက်ကို စဖွဲ့ကတည်းက ကျမတို့ စရောက်ကတည်းက ဆရာဝန်ကို ခေါ်သွားတယ်၊ ဆေးကုတယ်။ အဲဒါက နွေနဲ့ဆောင်းမှာက ပုံမှန်ဆေးကုတယ်ပေါ့။ အနည်းဆုံးတော့ တနှစ်ကို ၈ ခေါက် ကျမတို့ ဖြစ်အောင်ကုတယ်။
မေး။ ။ ကျန်တဲ့အချိန်မှာရော ဆရာဝန်တွေရှိပါသလား။
ဖြေ။ ။ ကျန်တဲ့အချိန်မှာတော့ ဆရာဝန်တွေမရှိပါဘူး။ အခုနောက်ပိုင်း focus ထားတာကတော့ ရေပေါ့။ ဆရာဝန် ကလည်း ပြောတယ်။ တကိုယ်ရည်သန့်ရှင်းမှု အားနည်းတယ်။ အပူရှိန်မြင့်လွန်းတော့ သွေးတိုးတယ်။ နောက်ပြီးတော့ သုံးရေ၊ သောက်ရေ ရှားပါးတဲ့အတွက် အရမ်းခက်ခဲတယ်။ ရေခပ်နေတဲ့ အချိန်တွေကြောင့်ပဲ ကလေးတွေ စာသင်ချိန် အားနည်းတယ်ပေါ့။ အဲဒါကြောင့် ကျမတို့ တောင်ခြေမှာလည်း ရေတွင်းတူးတယ်။ တောင်ပေါ်မှာက ရေတူးလို့ မရလို့ ရေကန်ပဲ ဆောက်ပေးတယ်။ အခုတော့ ဒီသုံးခုက အဓိကပါ။
မေး။ ။ ကျောင်းတက်တဲ့ ကလေးဦးရေ ဘယ်လောက်ရှိလဲ။
ဖြေ။ ။ အခုက ကျောင်းအပ်တဲ့ ရာသီဆိုတော့ သေချာမသိသေးဘူး။ တောင်ပေါ်က အခုနှစ် လေးတန်းအောင်ခဲ့တဲ့ ကလေးစုစုပေါင်း ၅၂ ဦး ရှိပါတယ်။ တောတိုက် ၇ စု ကနေ အောင်တဲ့ ကလေးတွေပါ။ သူတို့က တောင်အောက်မှာ ကျောင်းသွား တက်ကြမှာပါ။ သူတို့ကို ဒီဒေသရဲ့ ပထမဆုံး လေးတန်းအောင် ကလေးတွေလို့လည်း ပြောလို့ရပါတယ်။ ကျမတို့ပဲ သူတို့ပညာရေးကို ဆက်ပြီး တာဝန်ယူသွားမှာပါ။ အရင်တုန်းက ကလေးတွေက လေးတန်းပြီးတဲ့အထိ မနေရဘူး။ သူငယ်တန်းကနေ လေးတန်းထိ ဆရာမတဦးပဲ ငှားလို့ရတယ်။ အဲဒီဆရာမကို တလ ၆ သောင်း ပေးရတယ်။ ၆ သောင်းကို ကလေးတွေက အချိုးကျ ၅၀၀ ကျပ်ဆို ၅၀၀ ကျပ် ပေးရတယ်။ ၅၀၀ ကျပ်ကို မိဘတွေက ဝါးခုတ်ရောင်းပြီး ပေးရတယ်။ မိုးရာသီ တောင်ပြိုတော့ သူတို့တွေ တောင်အောက်ကို ဆင်းမရောင်းနိုင်ဘူး။ မိုးတွင်းကာလကို မပေးနိုင်ဘူး။ ဆောင်းရာသီ ပိုက်ဆံပြန်ရှာမယ် ဆိုတော့လည်း မိုးကာလ ပိုက်ဆံနဲ့ ဆောင်းကာလ ပိုက်ဆံသူတို့ ရှာလို့မရဘူး။ ဆရာမ ကျတော့လည်း သူရဲ့အပြစ်တော့မဟုတ်ဘူးပေါ့။ သူလည်း အခက်အခဲရှိလို့ပေါ့။ သူကလည်း ဆက်မသင်နိုင်တော့ဘဲ ပြန်သွားတယ်။ အဲဒီလိုကြောင့် ကလေးတွေက ပညာရေး တော်တော်နောက်ကျတယ်။
မေး။ ။ ရွာမှာ ကျောင်းဘယ်နှကျောင်း ရှိပါသလဲ။
ဖြေ။ ။ တောင်အောက်ရော တောင်ပေါ်ရောပါ ၇ ကျောင်းပါ။ ဒေသနဲ့ ပူးပေါင်းတဲ့ကျောင်း ရှိတယ်။ ကွန်ရက်က သီးသန့် ဆောက်တဲ့ ကျောင်းရှိတယ်။ တချို့ကျောင်းက အမိုးမိုးပေးဖို့ပဲ လိုတယ်။ တောင်ပေါ်မှာ ကျမတို့ ဆောက်ထားတာ လေးကျောင်းပဲရှိတယ်။
မေး။ ။ ဆရာမဦးရေက ဘယ်လောက်ရှိပါသလဲ။
ဖြေ။ ။ လက်ရှိကတော့ အစိုးရကျောင်းက နှစ်ယောက်ရတယ်။ ပုဂ္ဂလိက ငှားထားတဲ့ အစိုးရမဖြစ်သေးတဲ့ ကျောင်းပေါ့နော်၊ ၁၄ ယောက်တော့ ရှိတယ်။ အစိုးရကျောင်းက ၄ ကျောင်းပဲရှိသေးတယ်။ ပုဂ္ဂလိကကျောင်း ၃ ကျောင်း ပေါ့။ ကျောင်းဆောက်တဲ့နေရာမှာ ကျမတို့ကွန်ရက်က ခေါင်မိုး၊ သွပ်၊ တိုင်ထောင်ပေးတယ်။ အောက်က အုတ်ဖိနပ်နဲ့ ဆောက်ခိုင်းတယ်။ ကျန်တဲ့ ကျောင်းကိုကာဖို့ ဝါးထရံကိုတော့ ဒေသက ကာရတယ်။ ကျမတို့ကွန်ရက်သဘောက သူ့ဒေသဖွံ့ဖြိုးရေးကို သူတို့ကိုယ်တိုင် ပါဝင်ဖို့ တွန်းအားပေးတဲ့သဘောပါ။ ဒေသပါဝင်မှု နည်းလေလေ အစိုးရကျောင်းဖြစ်ဖို့ နည်းလေလေပါပဲ။ ကျန်တဲ့သုံးကျောင်းကလည်း ကျမတို့ဘက်ကပြီးပြီ။ ဒေသခံတွေဘက်ကပဲ လိုနေတာ။
မေး။ ။ ဒေသရဲ့လိုအပ်ချက် ဘာတွေရှိသေးလဲ။
ဖြေ။ ။ ဒေသ လိုအပ်ချက်ကတော့ အဓိကကတော့ ရေပါပဲ။ တောင်ပေါ်မှာကျတော့ ရေကို မိုးရေခံထားဖို့ ရေကန်ကြီးတွေ လိုအပ်တယ်။ တောင်အောက်မှာလည်း ရေကန်ကြီးတွေလိုအပ်တယ်။ ကျန်းမာရေး အသိပညာပေးတွေ လိုအပ်တယ်။ တချို့ရွာဆိုရင် သွေးတိုးရောဂါအရမ်းမြင့်တဲ့သူ ရှိတယ်။ တချို့ရွာတွေကျတော့ ကလေးတွေက မွေးကတည်းက အာဟာရချို့တဲ့တာတွေ ရှိတယ်။ အဲဒါတွေကို ကျမတို့ ဆရာဝန်တွေနဲ့တိုင်ပင်နေပြီး စီမံချက်သဘောမျိုး ဘယ်နှလ တခါ ဘယ်ဆေးတိုက် ပေါ့နော်။ ကြားထဲမှာ ကျမတို့ ဘယ်လိုပညာပေးမယ် ဆိုတာ စဉ်းစားနေတုန်းပါပဲ။
မေး။ ။ အဲဒီဒေသကိုရောက်ဖို့ အနီးစပ်ဆုံးမြို့ကနေ ဘယ်လောက်ထိသွားရလဲ။
ဖြေ။ ။ ပခုက္ကူကနေ ဆိုရင် ဗဟင်းရွာထိ ၇၂ မိုင်ဝေးပါတယ်။ အဲဒီ ဗဟင်းရွာကနေ တောင်ပေါ် တဲစု ၇ စု ကျေးရွာကို
၆ မိုင် ထပ်သွားရမယ်။ ၆ မိုင်ကို ဆိုင်ကယ်နဲ့ပဲ သွားလို့ရပါတယ်။ လမ်းတွေက တောင်ပေါ်လမ်းဖြစ်နေတာပါ။
မေး။ ။ ဒေသနဲ့ပတ်သတ်ပြီး မခင်နှင်းကြည်သာအနေနဲ့ ဘာဆက်ပြောချင်ပါသလဲ။
ဖြေ။ ။ ဒေသအကြောင်း ဆိုရင်တော့ ဒေသမှာက အများကြီး သဘောကျတာရှိတယ်။ အခုနောက်ပိုင်း ပရဟိတအဖွဲ့ အများကြီး ပေါ်လာတယ်။ ပရဟိတအဖွဲ့တွေ ကလည်း စည်းလုံးကြတယ်။ ကျန်းမာရေး အဖွဲ့ကလည်း ကျန်းမာရေး ချို့တဲ့သူတွေကို ကားတွေနဲ့ ဆေးရုံဆေးခန်းတွေ လိုက်ပို့ကြတယ်။ တောင်ပေါ်ရဲ့ အခက်အခဲကို ဝိုင်းဝန်းကူညီကြတယ်။ ဒေသ အဏာပိုင်တွေက ကျမတို့နဲ့ ပူးပေါင်းကြတယ်။ ကျမတို့ကလည်း ဒေသအာဏာပိုင်တွေရဲ့ အကြဉာဏ် ကိုလက်ခံတယ်။ အခုနောက်ပိုင်း ဖွံ့ဖြိုးရေးလုပ်ရတာ ပိုမြန်လာတယ်။
မေး။ ။ မခင်နှင်းကြည်သာအနေနဲ့ ဒီကွန်ယက် နဲ့ ပရဟိတအလုပ်ကိုလုပ်ရတဲ့ အကြောင်းရင်းလည်း ပြောပြ ပေးပါလား။
ဖြေ။ ။ ဒီကွန်ယက်ကို လုပ်ဖြစ်ရတဲ့ အကြောင်းကတော့ ကျမတို့ နိုင်ငံဖွံ့ဖြိုးရေးကို လုပ်တဲ့အခါကျတော့ ကျမတို့လည်း ပါဝင်လို့ရတဲ့အရာတွေ ရှိတယ်လေ။ အစိုးရလုပ်နေတာကိုပဲ ကျမတို့ ထိုင်စောင့်နေစရာမလိုဘူး။ ကျမတို့ ရွှေ့လို့ရတဲ့ အရွေ့တွေရှိတယ်။ အဲဒီအရွေ့တွေကို ကျမ ရွှေ့ချင်တယ်။ ကျမရွှေ့ဖို့လိုအပ်တယ် ရွှေ့မှလည်းဖြစ်မယ်ပေါ့နော်။ အဲဒါကိုမြင်တဲ့အခါ ကျမ ဝင်ပြီးရွှေ့တဲ့သဘောပါပဲ။
မေး။ ။ ပြည်သူ့ဂုဏ်ရည်ဆု အထူးဆုကိုရတဲ့အပေါ် ဘယ်လိုခံစားချက်ရှိပါသလဲ။
ဖြေ။ ။ ဆုရတာနဲ့ မရတာ ဘာကွာလဲ ဆိုရင်တော့ ကျမပိုပြီး တာဝန်ပိုကြီးလာတယ်။ ကျမ ဆုရပြီး ဘယ်လိုပြောင်းလဲ သွားမလဲပေါ့နော်။ ကျမ ခင်နှင်းကြည်သာ အဖြစ်နဲ့ပဲ နေမှာပါ။ ပြောင်းလဲမသွားဘူး။ ကျမ ဒီထက်ပိုပြီး ဒီဆုနဲ့ ထိုက်တန်တဲ့ သူအဖြစ် ပိုပြီးကြိုးစားမယ်။ ပိုပြီးတော့ ဖွံ့ဖြိုးရေးလုပ်ငန်းမှာ လုပ်ဆောင်သွားမယ်။
မေး။ ။ ဒီဆုရတဲ့အတွက် လက်ရှိလုပ်နေတဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းအပေါ် ဘယ်လောက်ထိ အထောက်အကူပြုလဲ။
ဖြေ။ ။ ကျမလုပ်နေတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းကို ပြည်ပက အသိအမှတ်ပြုလိုက်တဲ့ အတွက် ပြည်တွင်းက ပိုပြီးသိလာတယ်။ အထူးသဖြင့် ကျမတို့ ကွန်ရက်ကိုမေ့ ထားလို့ရပေမယ့် ကျမတို့ ကွန်ရက်အခြေစိုက်တဲ့ ဒေသကို ဘယ်သူမှမေ့လို့မရဘူး။ အထူးသဖြင့် ဒေသအာဏာပိုင်တွေ မေ့ထားချင်တောင်မှ အားလုံးက ဂရုစိုက်နေတော့ မေ့လို့မရပါဘူး။ အဲဒီ အတွက်ကြောင့် ကျမရဲ့ဆုက အများကြီး ထောက်ကူပြုပါတယ်။
မေး။ ။ လက်ရှိအချိန်အထိ ကွန်ရက်ဝင်ဘယ်နှယောက် ရှိသွားပြီလဲ။
ဖြေ။ ။ ကျမတို့ ကွန်ရက်ဝင်တွေကို ထပ်ခေါ်ထားပါတယ်။ အခု စုစုပေါင်း ၈ယောက် ရှိသွားပါပြီ။ စင်ကာပူ၊ မန္တလေး၊ နေပြည်တော်တွေမှာ ကွန်ရက်ကိုယ်စားလှယ်တွေ ဖြန့်ထားပါတယ်။