သတင်း

ထိုင်းနိုင်ငံတွင်း တရားမဝင် နေထိုင်သူများ ဖမ်းဆီးမှုတွင် မြန်မာ အများဆုံးပါဝင်

This article has been converted from Zawgyi One to Unicode

ထိုင်းနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းယူပြီးနောက် နိုင်ငံတွင်း တရားမဝင် နေထိုင်သည့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို စသည့် နိုင်ငံသားများအား ဖမ်းဆီးလျက်ရှိရာ အဖမ်းခံရသူ အများစုမှာ မြန်မာနိုင်ငံသားများ ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ အတွင်းရှိ တရားမဝင် နေထိုင်ကြသူများအား ဇွန်လ ၁၁ ရက်မှ စတင်ပြီး တနိုင်ငံလုံး အတိုင်းအတာဖြင့် စစ်ဆင် ဖမ်းဆီးနေသဖြင့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ ရှောင်တိမ်း ပုန်းအောင်း နေရသည်ဟု အလုပ်သမား အရေး ကူညီ ပေးနေသူများက ပြောသည်။

မဲဆောက် အပါအဝင် မဟာချိုင်၊ ဘန်ကောက်၊ ချင်းမိုင် စသည့် ဒေသများ၌ လူဦးရေ ထောင်ချီ အဖမ်းခံနေရကြောင်း ထိုင်း နိုင်ငံ ရောက် မြန်မာ အလုပ်သမားအရေး ဆောင်ရွက်သူများက ဧရာဝတီကို ပြောပြသည်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်မှ မဲဆောက် အပါအဝင် မြို့နယ် ၉ ခု ၌ ဇွန်လ ၃ ရက်မှ ယနေ့အထိ ဖမ်းဆီးခံထားရသူ မြန်မာနိုင်ငံ သား ၁၀၀၀ ဝန်းကျင်အထိ ရှိကြောင်း မဲဆောက် အခြေစိုက် မြန်မာပြည်သားများ အရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက ဧရာဝတီကို ပြောသည်။

“တနိုင်ငံလုံး အတိုင်းအတာနဲ့ ဖမ်းတာကို ဇွန်လ ၁၁ ရက်က စတင် လုပ်နေပါတယ်၊ မဲဆောက်တခွင်မှာ အဖမ်းခံထားရသူ မြန်မာနိုင်ငံသား ဦးရေ ၁၀၀၀ လောက် ရှိနေပါပြီ၊ ဒီလကုန်တဲ့ အထိ ဖမ်းဆီးမယ်လို့ ယူဆရပါတယ်”ဟု ၎င်းက ဆိုသည်။

အလားတူ ချင်းမိုင်တွင် ဇွန်လ ၁၁ ရက်က စတင် ပိုက်စိတ်တိုက် ဖမ်းဆီးလျက်ရှိရာ ယနေ့အထိ လူရာဂဏန်းခန့် ဖမ်းဆီး ခံထားရကြောင်း၊ အများစုမှာ အပြင်မထွက်ရဲဘဲ တိမ်းရှောင် ပုန်းအောင်းနေကြရကြောင်း ချင်းမိုင်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် လုပ်ကိုင်နေသည့် မြန်မာ အလုပ်သမား တချို့က ဧရာဝတီကို ပြောသည်။

“တချို့က အထောက်အထား လက်မှတ် ရှိပေမယ့် ဝင်စီးတော့ အကုန်အဖမ်းခံရတယ်၊ ပြီးတော့မှ ပြန်လွှတ်ပေးတယ်၊ မြန်မာ တွေနေတဲ့ ကျူးကျော်တဲ တချို့လည်း ဖျက်ဆီး ခံလိုက်ရတယ်၊ အများစုကတော့ လုံခြုံမယ်ထင်တဲ့ နေရာတွေမှာ ပုန်းနေကြ ရတယ်”ဟု မြန်မာ အလုပ်သမား တဦးက ဆိုသည်။

မဲဆောက်ဒေသနှင့် ချင်းမိုင် ဒေသများမှ ဖမ်းဆီး ခံရသူများတွင် ကျူးကျော် ရပ်ကွက်များတွင် တဲအိမ် ဆောက်လုပ်ပြီး နှစ် အတန်ကြာ နေထိုင်သူများလည်း ပါဝင်သည်။ ၎င်းတို့သည် ထိုင်းလူမျိုးများထံမှ မြေငှားပြီး တဲထိုး နေထိုင်ကြသူများ ဖြစ် သည်။

ချင်းမိုင်နှင့်ချင်းရိုင် ဒေသများရှိ ဖမ်းဆီး ခံရသူများတွင် တရားဝင် နေထိုင်ခွင့် အထောက်အထား လက်မှတ် တစုံတရာ မရှိသူ များ၊ မူးယစ်ဆေး သုံးစွဲသူနှင့် ယာယီ နေထိုင်ခွင့် စာရွက်စာတမ်းရှိသူ တချို့လည်းပါဝင်ကြောင်း ထိုင်းအာဏာပိုင်များက ပြောဆိုသည်။

ထိုင်းနိုင်ငံရှိ မြို့များ၌ တရားမဝင် နေထိုင်သူ အားလုံးကို ရှာဖွေဖမ်းဆီးမှု ပြင်းပြင်းထန်ထန် လုပ်ဆောင်သွားမည်ဟု ထိုင်း အာဏာပိုင်များက သတိပေး ပြောဆိုထားသည်။ ယင်းသို့ ဖမ်းဆီးမှုသည် တရားဥပဒေအရ ဖမ်းဆီးခြင်း ဖြစ်ကြောင်းလည်း ထိုင်း ရဲတပ်ဖွဲ့က ပြောသည်။

ဖမ်းဆီးမှုများကို စစ်တပ်က ဦးဆောင်ပြီး ရဲတပ်ဖွဲ့၊ လူဝင်မှု ကြီးကြပ်ရေး၊ နယ်ခြားစောင့် တပ်ဖွဲ့နှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်များ စုပေါင်း လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။

ဘန်ကောက် ဒေသတဝိုက်နှင့် မဟာချိုင် ဒေသများတွင်လည်း ဖမ်းဆီးလျက် ရှိကြောင်း၊ နေ့စဉ် ဆယ်ဂဏန်း၊ ရာဂဏန်းခန့် ဖမ်းဆီးမှုများ ရှိကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT) မှ ဒါရိုက်တာ ဦးကျော်သောင်းက ဧရာဝတီကို ပြော သည်။

“စက်ရုံ အလုပ်ရုံတွေမှာ ဖမ်းတာမျိုး မဟုတ်ဘဲ ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲတွေဟာလိုမှာ ဖမ်းတာ များတယ်၊ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို အစုံပါပဲ၊ အများစု အဖမ်းခံရတာတော့ မြန်မာနိုင်ငံသားတွေပါ”ဟု ၎င်းက ဆိုသည်။

ဘန်ကောက် ဒေသနှင့် မဟာချိုင်ဘက်မှ အဖမ်းခံရသူများအား သက်ဆိုင်ရာ ထိန်းသိမ်းရေး စခန်းများသို့ ပို့ဆောင်ပြီး ယင်းမှ တဆင့် နယ်စပ် ဖြတ်ကျော်ကာ မြန်မာနိုင်ငံဘက်သို့ ပြန်လည် ပို့ဆောင်ကြောင်း၊ ယင်းသို့ ပို့ဆောင်ပြီး နာရီပိုင်း အတွင်းမှာပင် ထိုင်းနိုင်ငံဘက်သို့ နည်းမျိုးစုံဖြင့် ပြန်လည် ဝင်ရောက်လေ့ ရှိကြောင်း အလုပ်သမားအရေး ကူညီပေးနေသူများက ပြော သည်။

ဖမ်းဆီးခံရသူများတွင် တရားဝင် နေထိုင် အလုပ်လုပ်ခွင့် ၄ နှစ် ဗီဇာသက်တမ်း ရသူများလည်း ပါဝင်ကြောင်း၊ ထိုင်းနိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ၄ နှစ် ဗီဇာ သက်တမ်းတိုးရန် ခက်ခဲနေသည့် အတွက် ၎င်းတို့အား ဖမ်းဆီးမှု မပြုလုပ်ရန် ထိုင်း အစိုးရ ကို မြန်မာသံရုံးက မေတ္တာရပ်ခံထားသည်ဟု ပြီးခဲ့သည့်နှစ်က ပြောဆိုခဲ့သော်လည်း လက်တွေ့တွင် မည်သည့် ထူးခြား မှုမှ မရှိကြောင်း အလုပ်သမားအရေး ကူညီနေသူများက ပြောပြသည်။

“ဗီဇာ ၄ နှစ် သက်တမ်း ကုန်နေသူ ဦးရေ ၃ သိန်းကနေ ၅ သိန်းလောက် အထိ ရှိလာနေပါပြီ၊ အဖမ်းခံရသူတွေထဲမှာ သူတို့ထဲက တချို့လည်း ပါတာပေါ့”ဟု အလုပ်သမားများ ဗီဇာသက်တမ်းတိုးရေး အကျိုးဆောင်ပေးနေသူ ဦးကိုဦးက ဧရာဝတီကို ပြောသည်။

ထိုင်းနိုင်ငံ၌ ရွှေ့ပြောင်း အလုပ်သမားဦးရေ ၅ သန်း ဝန်းကျင် ရှိသည့် အနက် ၈၅ ရာခိုင်နှုန်းမှာ မြန်မာနိုင်ငံသားများ ဖြစ်ကြောင်း မြန်မာ အလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောဆိုသည်။

Loading