၈ လေးလုံးကျောင်းသားခေါင်းဆောင်ဟောင်းလည်း ဖြစ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဥက္ကဌဟောင်းလည်း ဖြစ်တဲ့ ကိုမိုးသီးဇွန်နဲ့ သူရိယနေဝန်းဂျာနယ်က ကိုမိုးဟိန်းတို့ကို ဦးသိန်းစိန်အစိုးရက ဗီဇာ ထပ်တိုးမပေးတော့ပဲ ရန်ကုန်ကနေ နှင်ထုတ်လိုက်တယ်။ ပြီးတော့ အမေရိကန်နိုင်ငံသား သူတို့ နှစ်ဦးနဲ့ မိသားစုကို လေယဉ်ပေါ်တင်မလာပါနဲ့လို့ မြန်မာ့လေကြောင်းလိုင်းတွေ အားလုံးဆီ လဝက ဌာနက အမိန့် ထုတ်လိုက်ပါတယ်။
ဒီအမိန့်စာကို ဇွန်လ ၁၀ ရက်နေ့စွဲနဲ့ ကိုမိုးသီးဇွန်ရဲ့ Facebook ပေါ်တင်လိုက်တော့ သတင်းဌာနတချို့က သတင်းလုပ်ကြပါတယ်။ Share သူ တရာနီးပါး၊ Like လုပ်သူ တရာကျော်နဲ့ Comment ရေးသူ ၁၅ ဦးခန့်ရှိပါတယ်။ တဝက်လောက်က ကိုမိုးသီးဇွန်တို့အပေါ် ဒီလိုလုပ်တာကို မကျေမနပ်နဲ့အစိုးရကို ဝေဖန်ကြပေမဲ့ အခြားတဝက်နီးပါးလောက်ကတော့ ဒီလိုဖြစ်တာကို ကျေနပ်တဲ့လေသံနဲ့ ”ငန်းငန်းတက် သွားချင်နေတာ၊ ခံရမှာပေါ့”၊ ”မိုးသီးရေ အမျှ အမျှ” ဆိုပြီး ပြောတဲ့လူတွေတောင်ရှိပါတယ်။
အဓိပ္ပါယ်ကတော့ ဒီမိုကရေစီအင်အားစုနဲ့ စစ်အစိုးရကြား (အခုတော့ စစ်တပိုင်းအစိုးရ) ဖြစ်နေတဲ့ ပဋိပက္ခတွေ၊ အားပြိုင်မှုတွေကို လူတွေက အရင်လိုမမြင်ကြတော့ပဲ ကိုယ်လမ်းကိုလျောက်၊ ကိုယ်ဖြစ် ကိုယ်ခံဆိုတဲ့ Individual သဘောထားတွေ၊ တကိုယ်စာ အဆင်ပြေနေရင် တော်ပြီ၊ ကျန်တဲ့ ရဲဘော်ရဲဘက်တွေ ဘာဖြစ်ဖြစ် ကိုယ်နဲ့မဆိုင်ဘူးဆိုတဲ့ သဘောထားတွေ ဒီမိုကရေစီလှုပ်ရှားတက်ကြွ သူတွေရဲ့ စိတ်ထဲမှာ အတော်ပြန်နှံ့နေပြီဆိုတဲ့ သဘောဖြစ်ပါတယ်။
ကျနော် ဒီလိုပြောလိုက်လို့ ကိုမိုးသီးဇွန်ဘက်က ရှေ့နေလိုက်နေတယ်လို့ တချို့ ထင်ကောင်းထင်နိုင်ပါ တယ်။ မဟုတ်ပါ။ ABSDF ကွဲပြဲစဉ်ကတည်းကနေ အခုချိန်ထိ သူနဲ့ကျနော်ကြားမှာ ပုဂ္ဂိုလ်အရ ရင်းနှီးမှု မရှိပါ။ ပုဂ္ဂိုလ်အရ ကျနော်မကြိုက်တဲ့အချက်လက်တချို့ သူ့ဆီမှာ ရှိကောင်းရှိနေနိုင်ပေမယ့် သူဟာ ဒီမိုကရေစီ ဘက်တော်သားတဦးပါ။ ဒီမိုကရေစီအရေးဆောင်ရွက်ဖို့ မြန်မာနိုင်ငံဆီပြန်ပြီး မြန်မာနိုင်ငံသား ပြန်လျှောက်တာပါ။ တခြားလူ ၅၀ နီးပါးကို နိုင်ငံသားအဖြစ် ပေးလိုက်ပေမယ့် သူတို့ကိုမှမပေးဘဲ ငြင်းလိုက်တာ ပါ။
ဒါပေမယ့် ဘဝတူ ပြည်တော်ပြန် နိုင်ငံသားရပြီးသူတွေ၊ လျှောက်ထားဆဲဖြစ်သူတွေ၊ လျှောက်ဖို့ပြင်နေသူတွေက သူတို့ရဲ့ တကိုယ်စာကိစ္စတွေ ထိခိုက်မှာစိုးတဲ့အတွက် ဒီဖြစ်စဉ်အပေါ် ဘာမှဝင်မပြောရဲကြပါ။ သံရုံးမှာ ဗီဇာလျှောက်ပြီး ဝင်ဖို့ပြင်နေသူတွေကလည်း သူတို့ကို ဗီဇာငြင်းပယ်မှာစိုးလို့ ဘာမှမပြောရဲကြပါ။ ”ဒါလားဟဲ့ တော်လှန်ရေးသမားတွေ” ဆိုပြီး မေးခွန်းထုတ်ချင်စရာပါပဲ။
ဒီလိုနဲ့ ”ကိုယ်ဖြစ်ကိုယ်ခံ၊ ငါနဲ့မဆိုင်ဘူး” ဆိုတဲ့ မူ သိပ်လွှမ်းမိုးလာနေပြီး နိုင်ငံရေးအဖွဲ့တွေ၊ နယ်စပ်က နိုင်ငံရေးတက်ကြွသူတွေ၊ ပြည်တော်ပြန်တွေ ဘယ်သူကမှ လေသံကျယ်ကျယ်နဲ့ ထုတ် မပြောရဲတော့ပါ။ အထူးသဖြင့် တချိန်က သူ့အောက်မှာ တာဝန်ထမ်းခဲ့ပြီး အခုချိန်မှာတော့ အစိုးရဆီမှာ လခစားသွားလုပ်နေကြတဲ့ MPC မြန်မာငြိမ်းချမ်းရေးစင်တာရှိ ရဲဘော်တွေဆီက ဘာအသံမှထွက်မလာ တော့ပါ။
ဒါက ကိုမိုးသီးဇွန်ရဲ့ ဖြစ်စဉ်အပေါ်တုန့်ပြန်ချက်တွေကို ဥပမာထုတ်ပြတာပါ။ နောက်ထပ်ပြည်တော်ပြန်တဦးဖြစ်တဲ့ ပီနန်ဆရာတော်ကြီးလည်း ဒီလိုပဲ အာဂန္တုဆိုပြီး ပြန်အခြေချခွင့် မပေးတာလည်း အတူတူပဲ။ ပြည်တော်ပြန်ထဲက ကံအဆိုးဆုံးက အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ သာသနာ့ရံသီ ဝိဟာရ ကျောင်းထိုင်ဆရာတော် အရှင်ဥတ္တရပါ။ သူ့ကို အစိုးရက ဖမ်းဆီးပြီး လူဝတ်လဲလိုက်ပါတယ်။ ဒါတွေဟာ ပြန်လာကြပါ၊ တိုင်းပြည်အတွက် အတူတူ အလုပ်လုပ်ကြမယ်ဆိုတဲ့ သမ္မတဦးသိန်းစိန်ရဲ့ အမျိုးသားရင်ကြားစေ့ရေး မူဝါဒ ဇာတ်သိမ်းခန်းအစလား။ ဒါဆို ဒီကိစ္စအပေါ် ပြည်တွင်းပြည်ပက ဒီမိုကရေစီရေးသမားတွေ ဘယ်လိုတုန့်ပြန်ကြမလဲ။
လတ်တလောဖြစ်စဉ်နှစ်ခုကိုကျော်ပြီး လွန်ခဲ့တဲ့ တနှစ်ခန့်လောက်အထိကို ပြန်လှမ်းမျှော်ကြည့်မယ်ဆိုရင် မြန်မာ့ဒီမိုကရေစီအင်အားစုတွေဟာ အရင်လို တပ်ပေါင်းစုအသွင်၊ ရဲဘော်ရဲဘက်အသွင် အတော်နည်းသွားတာကိုတွေ့ရနိုင်ပါတယ်။ နယ်စပ်တကျောရှိ လက်နက်ကိုင်အဖွဲ့ အားလုံးနီးပါး ဦးသိန်းစိန်အစိုးရနဲ့ အပစ်ရပ်ပြီး ကားပါမစ်တွေ ယူလိုက်ကြပါတယ်။ ကချင်နဲ့ရှမ်းကို အစိုးရဖက်က ထိုးစစ် ဆင်နေဆဲဖြစ်ပေမဲ့ ကျန်တဲ့အဖွဲ့တွေက သူတို့နဲ့မဆိုင်သလိုနေပြီး နေပြည်တော်က ဗိုလ်ချုပ်တွေနဲ့ လက်ဆွဲနှုတ်ဆက် နေကြပါတယ်။ သမ္မတဦးသိန်းစိန်ကို ၂၀၁၅ မှာ ရွေးကောက်ပွဲထပ်နိုင်စေချင်သေးတယ်လို့တောင် ကရင်ခေါင်းဆောင်တွေက ဆုတောင်းပေးကြပါသေးတယ်။
ဘာကြောင့် ဒီလိုဖြစ်သွားတာလဲ။ ရှင်သန်ရပ်တည်ရေးက ပထမ၊ နိုင်ငံရေးယုံကြည်ချက်က ဒုတိယ ဖြစ်သွားတဲ့သဘောလား။ မဟာမိတ်အချင်းချင်း ရင်းနှီးဖို့ထက် စစ်တပ်နဲ့ ရင်းနှီးဖို့က ပိုအရေးကြီးလာတဲ့ သဘော၊ ရဲဘော်ရဲဘက်အချင်းချင်း ရိုင်းပင်းဖို့ထက် အစိုးရဆီမှာ လခစားဝင်လုပ်ပြီး ပုဂ္ဂိုလ်ရေးအရ အရေးပါကြောင်းပြသဖို့က ပိုခေတ်စားလာတဲ့ သဘောလား။ တနည်းအားဖြင့် တပ်ပေါင်းစုမူ၊ မဟာမိတ် မူ၊ ရဲဘော်ရဲဘက်မူတွေထက် တဖွဲ့စီ၊ တကိုယ်စီ အဆင်ပြေစွာနေထိုင်ရေးကို ဦးစားပေးလာကြတဲ့ သဘောလား။
နယ်စပ်ကိုကျော်ပြီး ရန်ကုန်နိုင်ငံရေးကို ကြည့်လိုက်မယ်ဆိုရင်လည်း တပ်ပေါင်းစုမူထက် တဖွဲ့ချင်းဦးစား ပေးရေးမူ၊ ရဲဘော်ရဲဘက်မူထက် ကိုယ်ဖြစ်ကိုယ်ခံမူတွေက နယ်စပ်နိုင်ငံရေးနဲ့အတူတူလို ဖြစ်လာနေပါတယ်။ ဦးသိန်းစိန်အစိုးရမတက်ခင်အထိ၊ အတိအကျပြောရမယ်ဆိုရင် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီအထိ ဒေါ်အောင်ဆန်းစုကြည်ကို တပ်ပေါင်းစုခေါင်းဆောင်အဖြစ်တင်ပြီး တိုက်ပွဲဝင်လေ့ရှိတဲ့ ဒီမိုကရေစီအင်အားစုတွေဟာ အခုတော့ အဲဒီလိုတပ်ပေါင်းစုမူ မရှိတော့။
စစ်အာဏာရှင်စနစ်နဲ့ မတရားမှုကို ဦးတည်တိုက်ရမယ့် လမ်းကြောင်းကနေ အချင်းချင်း အပြန်အလှန်တိုက်ကြတဲ့ လမ်းကြောင်းပေါ်ရောက်လာနေတာကို မြင်လာနေရပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး အတွက် NLD နဲ့ 88 က လုပ်တဲ့ပွဲတွေကို ထောက်ခံရမယ့်အစား ဝေဖန်မှုတွေကို လုပ်လာနေကြပါတယ်။ နိုင်ငံရေးသမားတချို့နဲ့ နိုင်ငံရေးတက်ကြွသူတချို့ဟာ အစိုးရကပေးတဲ့ အခွင့်အရေးတွေကို ယူလိုက်ကြပြီး နိုင်ငံရေးယုံကြည်ချက်ထက် မိမိအဖွဲ့၊ မိမိတကိုယ်စာ ရှင်သန်နေထိုင်မှု အဆင်ပြေရေးဘက် ရွှေ့ပြောင်းကြတာကို တွေ့လာနေရပါတယ်။
၂၅ နှစ်ကျော် ဒီမိုကရေစီခရီးကြမ်းအတွင်း ထောင်ကျခံခဲ့သူတွေ၊ လက်နက်ကိုင်တိုက်ပွဲဝင်ရင်း မသေလို့ ကျန်ခဲ့သူတွေဟာ ဘာကြောင့်များ အခုလိုဖြစ်သွားကြတာလဲ။ စစ်တပိုင်းအစိုးရသစ်ရဲ့ ပါးနပ်လွန်းတဲ့ စည်းရုံးရေးနည်းသစ်တွေကြောင့်လား။ ဒီမိုကရေစီအင်အားစုတွေကိုယ်တိုင် ခြေကုန်လက်ပန်းကျ သွားလို့ ရသလောက်နဲ့ တင်းတိမ်တော့မယ်၊ ပေးသလောက်ပဲ ယူတော့မယ်ဆိုပြီး စိတ်လျှော့လိုက်ကြလို့ လား။
သေချာတာကတော့ ”လူကို ဖမ်းဆီးထောင်ချလို့ ရချင်ရမယ်၊ လွတ်လပ်တဲ့စိတ်ဓာတ်ကိုတော့ ဘယ်သူမှ ဖမ်းဆီးထောင်ချလို့မရဘူး” ဆိုတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တိုက်ပွဲဝင်တွေရဲ့ကြွေးကြော်သံဟာ အခုတော့ မှုန်ဝါးလာနေပါပြီ။
ဘာကြောင့် ဒီလိုဖြစ်သွားတာလဲ။ ဒီလိုဖြစ်သွားတယ်ဆိုတာကိုကော အသေချာ သတိထားမိသူ ဘယ်နှစ်ဦးရှိသလဲ။ ကိုယ့်ကို မထိမချင်း ဒီတိုင်းပဲ ငြိမ်ခံနေကြမလား။ အရင်ခေတ်ကလို တပ်ပေါင်းစုမူ၊ မဟာမိတ်မူ၊ ရဲဘော်ရဲဘက်မူတွေ ပြန်လည်ရှင်သန်လာအောင် ဘယ်လိုလုပ်ကြမလဲ။ ရပ်တည်ချက် ခိုင်ခိုင်မာမာနဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်အတွင်း ဘယ်လိုပူးပေါင်းပြီး ခရီးနိုင်မလဲဆိုတာကို ဒီမိုကရေစီရေးအင်အားစုတွေအားလုံး အသေအချာ ပြန်လည်သုံးသပ်ဖို့ အချိန်ကျနေပြီလို့ တင်ပြဆွေးနွေးလိုက်ပါတယ်။
စာရေးသူသည် ထိုင်း-မြန်မာ နယ်စပ်တွင် အခြေစိုက်သော ကျောင်းသား လက်နက်ကိုင် ABSDF အဖွဲ့ဝင်ဟောင်း ဖြစ်ပြီး DVB ၏ သတင်းထောက် ဟောင်းလည်း ဖြစ်သည်။ ယခုအခါ နော်ဝေနိုင်ငံတွင် နေထိုင်လျက် ရှိသည်။