Ethnic Issues

အစိုးရစစ်တပ် ထိုးစစ်ကြောင့် SSPP/SSA ၏ ရှေ့တန်းတပ်စခန်း ဆုတ်ခွာရ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်တပ်မတော်မြောက်ပိုင်း (SSPP/SSA) နဲ့ အစိုးရ စစ်တပ်တို့ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့နယ်ထဲမှာ ၂ ရက် ကြာ ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက် SSPP/SSAက ရှေ့တန်းစခန်းတခုကို ဆုတ်ခွာ ပေးလိုက်ရတယ်လို့ သိရှိရပါတယ်။

မိုင်းရှူးမြို့နယ် အတွင်းက ဖိုးဖွားတောင်ပေါ်မှာရှိတဲ့ SSPP/SSA ရဲ့ တပ်မ ၉၁၈ လက်အောက်ခံ တပ်ရင်း ၇၆၂ ယာယီ ရှေ့တန်း စခန်းကို ဖယ်ရှားပေးဖို့ အစိုးရစစ်တပ်၊ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် (ရလခ) လက်အောက်ခံ ခြေမြန် တပ်ရင်း(ခမရ) ၁၅၁ က ဇွန်လ ၁၁ ရက်နေ့ကစပြီး ဖိအားပေးတိုက်ခိုက်ခဲ့တဲ့အတွက်ရှေ့တန်းစခန်းကို ဆုတ်ခွာ ပေးလိုက် တာ ဖြစ်တယ်လို့ SSPP/SSA ရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလ က ပြောပါတယ်။

“ကျနော်တို့ ယာယီစခန်းကို သူတို့ (အစိုးရစစ်တပ်) တပ်စခန်းနဲ့ နီးနေတယ်ဆိုပြီး ဖယ်ခိုင်း တာပေါ့။ သူတို့က ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ပြီးတော့ အနီးကပ်ပစ်ဖို့လည်း ဝိုင်းထားတာပေါ့။ အခုတော့ ကျနော်တို့ ရှေ့တန်းတပ်ကို ဆုတ် ပေးလိုက်တဲ့အတွက် အဲဒီနေရာမှာ တိုက်ပွဲတွေ ထပ်မဖြစ်နိုင်တော့ပါဘူး” လို့ ဗိုလ်မှူး စိုင်းလ က ဧရာဝတီကို ပြောပါတယ်။

၂ ရက်ကြာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ သေဆုံး၊ ဒဏ်ရာရရှိမှုအခြေအနေ မသိရှိရသေးသလိုတိုက်ပွဲနဲ့ပတ်သက်လို့ အစိုးရ စစ်တပ်ဘက်က တစုံတရာ ဖြေရှင်းချက်ထုတ်တာ၊ သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

ဇွန်လ ၄ ရက်နေ့ကလည်း ရှမ်းပြည်နယ်တောင်ပိုင်း လွယ်လင်ခရိုင်၊ ကျေးသီးမြို့နယ်၊ ဆင်းကျော့ ဒေသ အနီးမှာရှိတဲ့ ရှမ်းတပ်တွေ  နေရာ ရွှေ့ပြောင်း ပေးဖို့ အစိုးရ စစ်တပ်က ရာဇသံပေးရာကနေ ၂ ဘက်တပ်တွေကြားမှာ စစ်ရေး တင်းမာမှုတွေဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ ပြေလည်မှုရရှိခဲ့ပါတယ်။

အစိုးရနဲ့ SSPP/SSA တို့ဟာ ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိထားပြီးပြီဖြစ်ပေမယ့် ၂ ဘက်တပ်တွေ အကြား နယ်မြေသတ်မှတ်ရေး အဆင့်ကို လုပ်ပြီးသွားရင်တော့ တိုက်ပွဲ ဖြစ်ပွားမှု လျော့ကျသွားလိမ့် မယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) မှ ဒေါက်တာ မင်းဇော်ဦး က ပြောပါတယ်။

“ရှမ်းတောင်ပိုင်းမှာ တပ်နေရာချမှတ်ရေးကိစ္စတွေ ကွဲကွဲပြားပြား အခုချိန်အထိ မလုပ်နိုင်သေးတော့ တဘက်နဲ့ တဘက် စွပ်စွဲတာ တွေတော့ ရှိတာပေါ့။ တဘက်ကလည်း နေရာနယ်မြေ ချဲ့တယ် ဆိုပြီး စွပ်စွဲတာတွေရှိတယ်။ အဲဒီအပေါ်မှာ အခြေခံပြီး တချို့ ပြဿနာဖြစ်တာတွေရှိတာပေါ့။ နောက်ပိုင်း တပ်နေရာ သတ်မှတ်တဲ့ ကိစ္စတွေကို ပီပီပြင်ပြင် လုပ်နိုင် တယ် ဆိုရင်တော့ Ceasefire လက်မှတ်ထိုးထားပြီးသား အဖွဲ့တွေကြားထဲမှာတော့ ဒီပြဿနာတွေ ကတော့ ပြေလည် သွားမယ် ထင်တာပဲလေ” လို့ သူက ဧရာဝတီကိုပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက် ရေး တပ်မတော် (TNLA) ပူးပေါင်းတပ်တွေနဲ့ အစိုးရစစ်တပ်တွေအကြား နေ့စဉ်လိုတိုက်ပွဲတွေဖြစ်ပွားနေပြီး အဲဒိအခြေ အနေတွေ ကတော့ အပစ်အခတ်ရပ်စဲရေး မလုပ်နိုင်သေးတာကြောင့် ဖြစ်နေရတာဖြစ်တယ်လို့ ဒေါက်တာမင်းဇော်ဦးက ပြောပါတယ်။

SSPP/SSA နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့ အကြား ၂၀၁၂ ခုနှစ်က ပဏာမ အပစ်အခတ် ရပ်စဲရေး သဘော တူညီမှု ရရှိထားပြီး နောက်ပိုင်း ၂၀၁၄ ခုနှစ် မတ်လ အထိ အစိုးရ စစ်တပ်နဲ့ တိုက်ပွဲပေါင်း ၁၀၀ ကျော် ဖြစ်ပွား ခဲ့ပြီး အသေအပျောက် ဒဏ်ရာရသူများ ရှိခဲ့ကြောင်း၊ အပစ်အခတ်ရပ်စဲရေးပြုလုပ်ပြီးတဲ့နောက် အစိုးရ စစ်တပ်က SSPP/SSA ထိန်းချုပ် နယ်မြေအတွင်းက အရေးပါတဲ့ နေရာတွေကို စစ်ရေးအရ စိုးမိုးနိုင်ရေး၊ စီးပွားရေး ဖြတ် တောက် နိုင်ရေး အတွက် အကြိမ်ကြိမ် ကြိုးစားခဲ့ရာမှာ SSPP/SSA ပိုင်ဆိုင်တဲ့ တပ်စခန်းနေရာ ၂၀ ကျော် လက်လွှတ် ပေးခဲ့ ရတယ်လို့ သိရှိရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading