မကြာခင် ကျင်းပတော့မယ် ၂၀၁၅ ရွေးကောက်ပွဲအတွက် အမျိုးသား လွှတ်တော်အတွက် လွှတ်တော် ကိုယ်စားလှယ်တွေ ရွေးချယ်ရာမှာ လက်ရှိကျင့်သုံးနေတဲ့ နိုင်သူအကုန်ယူစနစ် မဟုတ်ဘဲ ရရှိထားတဲ့ မဲအရေအတွက်အပေါ် မူတည်ပြီးတော့ အချိုးကျ ကိုယ်စားလှယ် ရွေးချယ်တဲ့စနစ်ကို ကျင့်သုံးဖို့ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) ရဲ့ ထောက်ခံမှုတွေနဲ့ လွှတ်တော်မှာ အတည်ပြုလိုက်ပါပြီ။
၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့ အမျိုးသားလွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်ရဲ့ ရွေးကောက်ပွဲမှာ PR စနစ် အသုံးပြုရေးအဆိုကို ကြံ့ခိုင်ရေးပါတီရဲ့ အပြတ်အသတ် ထောက်ခံမှုနဲ့ အတည်ပြုခဲ့ တာဖြစ်ပါတယ်။
ပထမ ၂၀၁၃ နှစ်ဆန်းပိုင်းမှာ နိုင်ငံရေးပါတီတချို့က အချိုးကျ ကိုယ်စားပြုစနစ် (Proportional Representative – PR) စနစ်ကို တင်သွင်းတဲ့အခါမှာ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ဒီ PR စနစ်ကို ကျင့်သုံးမယ်ဆိုရင် ဒီမိုကရေစီစနစ် ကျင့်သားမရသေးတဲ့ နိုင်ငံအတွက် အခက်အခဲတွေရှိပြီးတော့ တကယ်လို့ အကောင်အထည် ဖော်မယ်ဆိုရင် ၂၀၁၃ ခုနှစ် မတိုင်ခင်မှ လုပ်ဆောင်ပေးဖို့ တောင်းဆိုခဲ့တယ်။
သူ့မှာ PR စနစ် ကျင့်သုံးဖို့အတွက် ပြင်ဆင်ဖို့ အချိန်လိုအပ်ပြီး သူ့ဝန်ထမ်းတွေကိုလည်း သင်တန်းတွေ ပေးဖို့ လိုသေးတယ်လို့ အကြောင်းပြခဲ့ပါတယ်။ အဲဒီလိုနဲ့ ၂၀၁၃ ခုနှစ်ထဲမှာ PR စနစ် မလုပ်တော့တဲ့အတွက် ရွေးကောက်ပွဲတွေမှာ PR စနစ်ကျင့်သုံးဖို့ မဖြစ်နိုင်တော့ဘူးလို့ အများစု ထင်နေကြတဲ့အချိန် ၂၀၁၄ ခုနှစ် ဇွန်လထဲရောက်မှ PR စနစ်ကို အမျိုးသားလွှတ်တော်မှာ စတင်ကျင့်သုံးဖို့ သဘောတူလိုက်ကြပါတယ်။
ဘာလို့ အခုချိန်ရောက်မှ PR စနစ် ကျင့်သုံးဖို့ တကျော့ပြန်ရတာလဲဆိုရင် ၂၀၁၅ ရွေးကောက်ပွဲမှာ သူတို့ကိုယ် သူတို့ ရှုံးမယ်လို့ ထင်တဲ့သူတွေက ဒီစနစ်ကို ကျင့်သုံးဖို့ ပြင်ဆင်လာလို့ ဖြစ်တယ်လို့ နိုင်ငံရေးအသိုင်း အဝိုင်းက သုံးသပ်ပါတယ်။
“အဓိက PR စနစ်ကို လုပ်တာကတော့ NLD က Landslide အနိုင် မရရေးပဲ။ မဲတွေ အားလုံး သိမ်းကျုံးယူသွားမှာကို သူတို့ သိပ်ကြောက်နေကြတယ်။ ၂၀၁၅ မှာ အခြေအနေ မကောင်းတဲ့ ပါတီတွေ PR ကို ဝိုင်းထောက်ခံကြတာ ပိုသိသာပါတယ်” လို့ ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းညွှန့်လွင်က သုံးသပ်ပါတယ်။
ဒီလို ကိစ္စတွေ အားလုံး ဖြစ်လာရတဲ့ အကြောင်းရင်းကတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီ မဲအပြတ်အသတ် နိုင်မှာစိုးလို့ရယ်၊ NLD က ရွေးချယ်တင်မြှောက်လိုက်သူ တဦး သမ္မတ ဖြစ်လာမှာ စိုးလို့ ဖြစ်တယ်လို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းက ပြောပါတယ်။
“အရေးကြီးတာက ၂၀၁၅ အလွန်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က တယောက်ယောက် သမ္မတ မဖြစ်ဖို့ပဲ ။ သူတို့ဘက်က အဲဒီလို စဉ်စားတဲ့အခါကျတော့ ၅၉ (စ) ကိုလည်း ပြင်ပေးမှာ မဟုတ်ဘူး။ ၄၃၆ ပြင်ဆင်ရေးကိုလည်း ထောက်ခံမှာ မဟုတ်ဘူး။ အဲဒီအချိန်မှာ PR စနစ်ကိုလည်း ပြဋ္ဌာန်းလာတယ်။ ဒါတွေ အားလုံး လုပ်တာတွေဟာ ၂၀၁၅ အလွန် လွှတ်တော်နဲ့ အစိုးရမှာ NLD ပါတီက အများစု မဖြစ်ရေး၊ NLD ပါတီက သမ္မတ မဖြစ်ရေး၊ NLD ပါတီက အစိုးရ မဖွဲ့နိုင်ရေးပဲ” လို့ ဒေါက်တာ ရန်မျိုးသိမ်းက သုံးသပ်ပါတယ်။
ဒီလို ပြောဆိုချက်တွေ အားလုံးကို ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းညွှန့်လွင်ကလည်း သဘောတူပါတယ်။
သူ့အဆိုအရ NLD ပါတီဟာ ၂၀၁၂ ကြားဖြတ် ရွှေးကောက်ပွဲမှာ မဲအများစု ရလိုက်တာအခါ လက်ရှိ အာဏာရထားတဲ့သူတွေ လုံး၀ ထိတ်လန့်ကုန်ကြတယ်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတုန်းကလည်း NLD က တနိုင်ငံလုံးမှာ မဲ ၈၃ ရာခိုင်နှုန်းကျော်နဲ့ Landslide နိုင်ခဲ့တယ်။ အခု ၂၀၁၅ ရွေးကောက်ပွဲမှာလည်း NLD က မဲအပြတ်အသတ်နိုင်ဖို့ များတဲ့အတွက် နည်းလမ်းမျိုးစုံ အသုံးပြုလာတာ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။
မဲအချိုးကျ ကိုယ်စားပြု (PR) စနစ် ဆိုတာကတော့ မဲဆန္ဒနယ်တခုမှာ မဲအများဆုံး ရရှိတဲ့သူက အနိုင်ရရှိတဲ့ ပုံစံမဟုတ်တော့ဘဲ ထောက်ခံမဲ အချိုးကျအပေါ်မှာ မူတည်ပြီးတော့ လွှတ်တော် ကိုယ်စားလှယ် နေရာ ရရှိတဲ့ပုံစံ ဖြစ်ပါတယ်။
အရမ်းအရေးကြီးတဲ့ ရွေးကောက်ပွဲမှာ မဲပေးရမယ့် စနစ်တခုကို အမျိုးသား လွှတ်တော်မှာ ၇ ရက်အတွင်း အာဏာရ ကြံ့ခိုင်ရေးပါတီရဲ့ ထောက်ခံချက်နဲ့ အတည်ပြုလိုက်ပါတယ်။ ဒီနေရာမှာ တပ်မတော်ကတော့ PR စနစ်ကို မထောက်ခံဘဲ ဒီမိုကရေစီ အကူးအပြောင်းကာလမှာ ကျင့်သုံးဖို့ စောသေးတယ်ဆိုပြီး ကန့်ကွက်ပါတယ်။
အတိုက်အခံ အင်အားကြီး ပါတီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင်အမျိုးသား ပါတီနဲ့ ပါတီတချို့က ကန့်ကွက်ကြပေမယ့် လွှတ်တော်ကို ကြီးစိုးထားတဲ့ အာဏာရ ကြံ့ခိုင်ရေးပါတီကို မယှဉ်နိုင်ကြပါဘူး။
တပ်မတော်က PR ကို မထောက်ခံပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ခွင့်မရအောင် ပိတ်ပင်ထားတဲ့ ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေးကိုတော့ ကန့်ကွက်ပါတယ်။ ကြံ့ခိုင်ရေး ပါတီကတော့ PR စနစ်ကို ထောက်ခံသလို ၅၉ (စ) ပြင်ဆင်ရေးကိုလည်း ကန့်ကွက်တဲ့အတွက် အဲဒီအဖွဲ့အစည်းနှစ်ခုမှာ မတူညီတဲ့ အကျိုးစီးပွားတွေ ရှိတယ်ဆိုတာ မြင်နိုင်ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲ နီးလာတဲ့အခါ လူထုထောက်ခံမှု ရရှိထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မဲဆွယ်ခွင့် လွတ်လွတ်လပ်လပ် လုပ်လို့မရအောင် မဲဆွယ်ခွင့်ကာလ တလ သတ်မှတ်တာ၊ ကိုယ့်မဲဆန္ဒနယ်မှာ ပြိုင်မယ့်သူက ကိုယ့်ဖာသာ စည်းရုံးဖို့ သတ်မှတ်တာမျိုးတွေနဲ့ ရွေးကောက်ပွဲကော်မရှင်က စလုပ်ပါတယ်။
ပြီးတော့ နိုင်ငံရေးပါတီတွေကို အခွန်လွတ် ကားတွေနဲ့ မြေနေရာတွေ ထုတ်ပေးဖို့ လုပ်တာ၊ မျိုးစောင့် ဥပဒေတွေ ပြဋ္ဌာန်းဖို့လုပ်တာနဲ့ အခုနောက်ဆုံး PR စနစ် လုပ်ဆောင်လာတာတွေဟာ လုံး၀ မရိုးသားဘူးလို့ နိုင်ငံရေး အသိုင်းအဝိုင်းက သုံးသပ်လာပါတယ်။
အခုလို ၂၀၁၄ ခုနှစ် ထဲရောက်လာမှ ပေါ်လာတဲ့ ဒီ PR စနစ်ကို စနိုင်ဖို့က အဆင့်တွေ အများကြီး ရှိပါသေးတယ်။ အမျိုးသားလွှတ်တော်က အတည်ပြုလိုက်တဲ့ အတွက် ပြည်သူ့လွှတ်တော်မှာ အတည်ပြုဖို့ လိုသလို ပြည်ထောင်စု လွှတ်တော်ကလည်း အတည်ပြုရမှာပါ။ အဲဒါတွေပြီးရင် ရွေးကောက်ပွဲကော်မရှင်က လုပ်ထုံးလုပ်နည်းတွေ နည်းဥပဒေတွေ ဆွဲရဦးမှာဆိုတော့ တော်တော်နဲ့ အကောင်အထည် ဖော်နိုင်ဖို့ မလွယ်သေးပါဘူး။
အခုတော့ အမျိုးသား လွှတ်တော်မှာ PR ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးတဲ့သူတွေ အားလုံးကို အချိုးကျ ကိုယ်စားပြုစနစ် ကော်မရှင်ဆိုပြီး ဖွဲ့ဖို့လုပ်တဲ့အခါ အတိုက်အခံ NLD ပါတီက ကိုယ်စားလှယ်တွေက မပါဘူးဆိုပြီး နုတ်ထွက်လိုက်ကြပါပြီ။
“PR စနစ်နဲ့ ပတ်သက်ပြီး ကန့်ကွက်တာ၊ ထောက်ခံတာတွေ လုပ်ကြပေမယ့် ဘယ်ကိုယ်စားလှယ်ကမှ အားသာချက် ၊ အားနည်းချက်တွေကို ပီပီပြင်ပြင် မပြောနိုင်ကြဘူးလို့ လွှတ်တော် ဥက္ကဋ္ဌကြီးက သုံးသပ်တယ်။ အဲဒီလို တိတိကျကျ ထောက်ပြတဲ့သူ မရှိတဲ့အတွက် ကော်မရှင်ဖွဲ့ပြီးရင် ကန့်ကွက်တဲ့သူတွေက သေသေချာချာ ဝင်ဆွေးနွေးကြပါလို့ ပြောတယ်။ အခုက ကန့်ကွက်တဲ့သူတချို့က ကော်မရှင်မှာတောင် မပါဘူး လုပ်နေတယ်” လို့ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ရဲ့ပြောဆိုချက်ကို လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြန်လည် ရှင်းပြခဲ့ပါတယ်။