Human Rights

အချစ်ဆိုတဲ့ ဆန်းကြယ်သော ထိုအရာ

This article has been converted from Zawgyi One to Unicode

ကမ္ဘာပေါ်မှာ လူတိုင်း စကားနှစ်ခွန်းကို ပြောဖူးကြတယ်။ “ဒါဟာ ချစ်တယ် တဲ့…” ဆိုတဲ့ စန္ဒရားလှထွဋ်ရဲ့ “ချစ်တယ်” ဆိုတဲ့ သီချင်းတပုဒ်ကို နားထောင်ရင်း မစပ်စု ခေါင်းထဲမှာ အချစ်ဆိုတဲ့ အကြောင်းအရာ တခုကို ဖျတ်ခနဲ စဉ်းစားမိ လိုက်ပါတယ်။

“အချစ်” အကြောင်းအရာတွေ စဉ်းစားမိလိုက်တယ် လို့ ဆိုလေတော့ နာမည်ကျော် ဘက်ဆဲလား စာရေးဆရာမလေး တွေလို အချစ်ဝတ္ထုတွေများ ရေးတော့မလား လို့ မထင်လိုက်ပါနဲ့ဦး။ မစပ်စု စဉ်းစားမိတယ် ဆိုတဲ့ အချစ်က လူသားတွေ မဆိုထားနဲ့ သက်ရှိ သတ္တဝါတိုင်းရဲ့ ရင်ထဲအသည်းထဲမှာ ကိန်းအောင်း နေတတ်တဲ့ အရာ ဆိုလေတော့ အသက်ရှိ သူတိုင်း ချစ်တတ်ကြတာ အဆန်းတော့ မဟုတ်ပေဘူးလေ။

ဒီလို သက်ရှိဆိုတဲ့ နေရာမှာ ယောက်ျား၊ မိန်းမဆိုတဲ့ ဆန့်ကျင်ဘက် လိင် အချင်းချင်း ချစ်ကြတယ် ဆိုရင်တော့ လောကကြီး အတွက် ဘာမှ ထူးဆန်းတဲ့ အရာတခု မဟုတ်ပေမယ့် အဲဒီလို ဆန့်ကျင်ဘက် လိင်မဟုတ်ဘဲ၊ လိင်တူ အချင်းချင်း ချစ်ကြပြီ ဆိုရင်တော့ လောကကြီး အတွက် အဆန်းတကြယ်တွေ ဖြစ်ကုန်ကြတော့တာ ပါပဲ။

အထူးသဖြင့် မစပ်စုတို့ မြန်မာပြည်မှာ ပေါ့။ ဒီလို လိင်တူချင်း ချစ်ကြတာကို မဆိုထားနဲ့ ယောက်ျားကနေ မိန်းမပုံစံ အဖြစ် ခံယူ နေထိုင်လိုက်ရင်ပဲ ဖြစ်ဖြစ်၊ မိန်းမကနေ ယောက်ျားပုံစံ အဖြစ် ဖန်တီး နေထိုင်လိုက်ရင်ပဲဖြစ်ဖြစ် ဒါဟာ  ပြဿနာ တရပ်လို  ခံစားနေကြတော့တာ လေ။  လိင်တူ အချင်းချင်း ချစ်ကြပြီ ဆိုရင်တော့ ပိုဆိုးကုန်တော့တာ ပေါ့။

ဒါကို ကမ္ဘာအရပ်ရပ်က တချို့တချို့သော တိုင်းပြည်တွေမှာ အကြီးအကျယ် ကန့်ကွက်နေကြသလို ဒီလို ကန့်ကွက်မှု တွေကို ကျော်လွှားလို့ လိင်တူချစ်သူတွေ ပျော်ရွှင်စွာ ပေါင်းဖက်သွား ကြလေသတည်း ဆိုတဲ့ ဇာတ်လမ်းတွေလည်း ရှိပေမယ့် တချို့သော တိုင်းပြည်တွေမှာတော့ ဒီကိစ္စ အတွက် အပြင်းအထန် တိုက်ပွဲဝင်နေကြရ တုန်းပါပဲ။

မြန်မာပြည်လို နေရာမျိုးမှာတော့ ယောက်ျားကနေ မိန်းမဘဝကို ခံယူလိုက်တဲ့ လိင်တူချစ်သူတွေဆိုရင် လမ်းမှာတွေ့ရင်တောင် အထင်သေး မနှစ်မြို့ကြတဲ့ အနေအထားကနေ အနည်းငယ် အသိအမှတ်ပြုလာတဲ့ အနေအထား အထိ ရောက်လာခဲ့ပြီ  ဆိုပေမယ့်  သူတို့တွေရဲ့ အချစ်ရေးအချစ်ရာနဲ့ ပတ်သက်လို့တော့ ယနေ့ထက်ထိ သူတို့ဘဝတွေ  ခက်ခဲကြမ်းတမ်း နေရဆဲပဲလို့ သိရပါတယ်။

အဲဒီ လိင်တူချစ်သူတွေရဲ့ အချစ်ရေးအချစ်ရာ ကိစ္စတွေနဲ့ပတ်သက်လို့ မိတ်ကပ်ပညာရှင် ခင်စန်းဝင်းက “အခက်အခဲ ကတော့ အမြဲတမ်းပေါ့။ ပုံမှန်မဟုတ်တဲ့ လူသားတယောက် ဖြစ်တဲ့ အတွက် ကိုယ့်ကို တကယ်ချစ်ချင်တဲ့ ယောက်ျားတွေ ဆိုတာလည်း ရှားပါတယ်။ သူတို့ရဲ့ လိုအင်ဆန္ဒ တခုကြောင့်ပဲ ဖြစ်ဖြစ်၊ သူတို့ရဲ့ တပ်မက်မှု တခုကြောင့်ပဲ ဖြစ်ဖြစ် ချဉ်းကပ်ကြတဲ့ ယောက်ျားတွေ တော်တော်များတယ်။ အဲဒီမှာမှ မကြီးစန်းတွေ့တဲ့ ယောက်ျား တွေ ကတော့ အဲဒီလိုထဲမှာ မပါဘူး။ သူတို့ တကယ်ကို မေတ္တာရှိကြတယ်။ တကယ် ချစ်ခင်တဲ့ စိတ်နဲ့ သူတို့မှာ ပေါင်းဖက်လိုစိတ် ရှိကြတယ်။

ဒါပေမယ့်လည်း ဘာဖြစ်လာလဲ ဆိုတော့ ပြဿနာက မြန်မာနိုင်ငံရဲ့ အမြင်ကျဉ်းတဲ့ အပေါ်၊ ပြီးတော့ ယောက်ျားလေး အချင်းချင်း၊ သူငယ်ချင်း အပေါင်းအသင်း အချင်းချင်း အမြင်မှာ အခြောက်ကိုမှ ကြိုက်ရလား၊ အခြောက်ကိုမှ ချစ်ရလား ဆိုတဲ့ ပြစ်တင်ဝေဖန်မှု အပြင် အခြောက်နဲ့ ပတ်သက်ရင် ဒီအခြောက်ကိုပဲ ချူစားတယ် ဆိုတာမျိုး၊ လိမ်စားတယ်၊ ညာစားတယ်ပေါ့။

အဲဒီလိုမျိုး အမြင်တွေ မြင်ကြတယ်။ သူနဲ့ကိုယ်နဲ့ တွဲသွားရင်တောင် ဒီလောက်တောင် ရုပ်ကလေး ချောချောလှလှ လေးနဲ့  ကြိုက်စရာ မိန်းမ ရှားလို့လား၊ ဒီ အခြောက်ကိုမှ ကြိုက်ရလားဆိုတဲ့ အမြင်မျိုးပေါ့။ အထူးသဖြင့် မကြီးစန်းတို့ လို နာမည်ကြီးတဲ့ လူတွေ ဖြစ်တဲ့ အတွက် မကြီးစန်းတို့ အရှိန်အဝါကို တပ်မက်ပြီး လာကြတယ်လို့ လူတွေရဲ့အမြင်က မြင်ကြတဲ့ အခါမှာ သူတို့ရဲ့ ကိုယ့်အပေါ်မှာ ချစ်ချင်တဲ့စိတ်၊ ကိုယ့်အနားမှာ နေချင်တဲ့စိတ်၊ အားလုံး လွင့်ပျောက်ပြီး ကိုယ့်အနားကနေ ထွက်ခွာသွား ချင်တဲ့ စိတ်ကူးမျိုး သူတို့ကူးမိကြတယ် ပေါ့။

မကြီးစန်းတို့ မြန်မာနိုင်ငံမှာ ဒီ ရှေးရိုးစွဲ အယူဝါဒတွေ၊ ပြီးရင် မြန်မာလူမျိုးတွေက ကိုယ့်ကိစ္စ အပြင် သူများကိစ္စတွေပါ စိတ်ဝင်တစား ရှိတတ်ကြတယ်။ ပြစ်တင်ဝေဖန် တတ်ကြတယ်။ အဲဒီစိတ်တွေ ကိန်းအောင်းနေကြတော့ မကြီးစန်းတို့ ဘယ်လိုမှ တွန်းလှန်လို့ မရတဲ့ အခက်အခဲ ပြဿနာတခု ဖြစ်နေတာပေါ့” လို့ ဧရာဝတီကို ပြောပါတယ်။

လက်တွဲဖော်ချစ်သူ သုံးယောက် ရှိခဲ့ဖူးတဲ့ ခင်စန်းဝင်းဟာ သူ့ရဲ့ ဒုတိယလက်တွဲဖော်နဲ့ တတိယ လက်တွဲဖော်တို့က သရုပ်ဆောင် မင်းသားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ပတ်ဝန်းကျင် အနေအထားတွေကြောင့် ဒုတိယလက်တွဲဖော်နဲ့ လက်တွဲဖြုတ်ခဲ့ရ တာပါ။

“မကြီးစန်းရဲ့ အတွေ့အကြုံအရ သာမန်လူတယောက်နဲ့ ချစ်ကြိုက်ခဲ့တယ်။ သူနဲ့ ချစ်ကြိုက်ပြီးတော့ တယောက်နဲ့ တယောက် မေတ္တာမျှတဲ့ အခါမှာ ချစ်သူရည်းစားတွေ ထုံးစံအတိုင်း၊ လင်မယားတွေ ထုံးစံအတိုင်း အောင်မြင်တိုးတက် တာ၊ ပြည့်စုံတာကို မြင်ချင်တယ်။ ကိုယ်ချစ်တဲ့သူ အပေါ်မှာ စိတ်စေတနာ အပြည့်နဲ့ ဆန္ဒတွေဖြည့်ခဲ့တယ်။

တကယ်လည်း အကောင်အထည် ဖော်ပေးခဲ့တယ်။ ဒီကနေ့မှာလည်း တကယ်အောင်မြင်တဲ့ မင်းသားတယောက် ဖြစ်သွားပြီ။ ဒါပေမယ့် ဒီအချိန်မှာ မကြီးစန်း ဘေးနားမှာ သူမရှိတော့ဘူး။ ခုနက ပြောသလို တကယ်ချစ်ရဲ့သားနဲ့ သူ့ရဲ့ မင်းသားဖြစ်ချင်တဲ့စိတ်၊ ပတ်ဝန်းကျင်ကို ရင်မဆိုင်ရဲတဲ့ စိတ်နဲ့ မကြီးစန်း ဘေးနားကနေ ထွက်ပြေးသွားခဲ့တယ် ပေါ့” လို့ သူက ဆိုပါတယ်။

သူ့အနေနဲ့ လက်ရှိချစ်သူ (တတိယ လက်တွဲဖော်) နဲ့လည်း အဆင်ပြေမယ် ဆိုရင် တရားဝင် အတည်တကျ နေထိုင်သွားဖို့ စိတ်ကူး ရှိပေမယ့် ပတ်ဝန်းကျင်ရဲ့ ထိုးနှက်လာမယ့် အရာတွေကို ကြောက်တဲ့ အတွက် အားလုံးသိဖို့ ထက် အေးအေးချမ်းချမ်းနဲ့သာ ဘဝမှာ နေထိုင်သွားချင်တော့တယ် လို့ ဆက်ပြောပါတယ်။

“မကြီးစန်းတို့ဘက်က တရားဝင် ဖြစ်ချင်တယ်။ မိဘဆွေမျိုး အသိုင်းအဝိုင်း လက်ခံနိုင်မယ့် အနေအထား အထိ ဖြစ်ချင်တယ်။ ပြီးတော့ ပတ်ဝန်းကျင်က လက်ခံမယ့် အနေအထား အထိ ဖြစ်ချင်တယ်။ လူ့ဘောင် လူ့လောကထဲမှာ အမြင်တမျိုးနဲ့ မမြင်ကြဘဲနဲ့ ဒါသည် လူအချင်းချင်း ချစ်ကြတာပဲ ဆိုတဲ့ အမြင်လေးနဲ့ သာမန်အတွေး လေးတခုနဲ့ မြင်ကြလို့ ရှိရင်တော့ မကြီးစန်းရဲ့ လက်ရှိချစ်သူနဲ့ မကြီးစန်း အဲဒီလိုမျိုး တရားဝင်  နေထိုင်သွားဖို့  ရှိပါတယ်။

ဒါပေမယ့် မကြီးစန်းရဲ့ လက်ရှိ ချစ်သူကလည်း မင်းသားတယောက် ဖြစ်နေတဲ့အတွက်၊ မကြီးစန်းနဲ့ ပတ်သက်ပြီး မင်းသား ဖြစ်သွားတဲ့ သူတယောက် ဖြစ်နေတော့ သူရဲ့ အနုပညာ အသိုင်းအဝိုင်းက သော်လည်းကောင်း၊ မိဘဆွေမျိုး အသိုင်းအဝိုင်းက သော်လည်းကောင်း မြန်မာလူမျိုး သူငယ်ချင်း အပေါင်းအသင်းကြားထဲမှာ ပြောဆိုစရာတွေ၊ ပြစ်တင်ကဲ့ရဲ့ စရာတွေ၊ ရှုတ်ချစရာတွေ ဖြစ်လာတဲ့ အခါမှာ သူဟာ မကြီးစန်းကို ဘယ်လောက်ပဲ ချစ်ချစ် သာမန်  အိမ်ထောင်ရှင် တွေလိုမျိုး ပေါ်ပေါ်တင်တင်နဲ့  အရင်တုန်းကတော့ နေခဲ့တယ်။ အခုတော့ သူမနေရဲတော့ဘူး။

ဘာကြောင့်လဲ ဆိုတော့ သူ့ပတ်ဝန်းကျင်ကို ကြောက်တဲ့ အတွက် တိတ်တဆိတ်ပဲ နေဖို့ စိတ်ကူး ရှိပါတယ်။ မကြီးစန်း အနေနဲ့ နာမည်ကြီးတဲ့သူ တယောက် ဖြစ်တယ်၊ ပြည်သူများရဲ့ ချစ်ခြင်းကို ခံရတဲ့သူ တယောက်ဖြစ်တဲ့ အတွက် မကြီးစန်း အနေနဲ့ ဂရုစိုက်စရာ မလိုပေမယ့် အခုမှ သူက အနုပညာ လမ်းကြောင်းကို လျှောက်ဖို့ အစီအစဉ်ရှိနေတဲ့ လူတယောက် ဖြစ်တဲ့ အတွက် ထိုးနှက်ချက်တွေကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။

အားလုံး သိဖို့ထက် အားလုံး စိတ်ကျေနပ်ဖို့ အတွက် ကိုယ်တွေနှစ်ယောက် အေးချမ်းသာယာတဲ့ ဘဝလေးတခု ဖြစ်ဖို့ အတွက် ရည်ရွယ်ပြီးတော့ တိတ်တိတ်လေးပဲ နေတော့မယ်လို့ စိတ်ကူးထားပါတယ်” လို့ မိတ်ကပ် ခင်စန်းဝင်းက ရှင်းပြပါတယ်။

ဒါ့အပြင် ဘယ်လောက်ပဲ ပြည့်စုံလှပနေတဲ့သူ ဖြစ်နေပေမယ့် ယောက်ျားတွေအနေနဲ့ အချိန်တန်ရင် ခွဲခွာပြီး မိန်းကလေး အစစ်နဲ့သာ လက်တွဲသွားချင် ကြတဲ့ အတွက် “ကိုယ့်ဘက်က ကိုယ် မိန်းမ မဟုတ်ဘူး ဆိုတာကို အမြဲတမ်း ခေါင်းထဲထည့်ထားတယ်” လို့ ပြောလာ သူကတော့ အသက် ၃၂ နှစ်အရွယ် မိတ်ကပ်ဆံပင် အလှဖန်တီးရှင် မထက် (Pop Soul) ပဲ ဖြစ်ပါတယ်။

“အချိန်တန်တော့ အရင်ဆုံး သူမခွာခင် ကိုယ်က အမြဲခွာခဲ့ရတာ များတယ်။ ဘာကြောင့်လဲ ဆိုတော့ ယောက်ျားလေး ဆိုတော့ မိန်းကလေးနဲ့ ရည်းစားထားကြတာပဲ လေ။ ကိုယ် သိပ်စိတ်ရှုပ်တာ မခံနိုင်တဲ့ အခါကျရင် ကိုယ့်ဘာသာကိုပဲ သက်သက် ဘေးထွက်နေ လိုက်တာမျိုး ရှိတယ်။ နဂိုကတည်းက ဖြစ်မယ်ဆိုတာ သိထားတဲ့ အတွက်ကြောင့်မို့ ခံစားချက် အရမ်း မထားထားဘူး။

ဒီလိုဖြစ်ရင် ဘာလုပ်မလဲ ဆိုတာ ကြိုတင်ပြီး တွေးထားတဲ့ အတွက်ကြောင့် အရမ်း ခံစားရမှာ ကြောက်တဲ့ အတွက် ကိုယ့်ကိုယ်ကိုယ် ကြိုတင် ပြင်ဆင်ထားတယ်၊ လမ်းခွဲနိုင်အောင် ကြိုးစားထားတယ်။ ယောက်ျားတယောက်ကို သွားပြီး ကြိုက်တဲ့ အခါ ဒီယောက်ျားတယောက်က အမြဲတမ်း ဘေးနားမှာ နေနိုင်မှာ မဟုတ်ဘူး လေ။ ဘာကြောင့်လဲ ဆိုတော့ သူတို့က အချိန်တန်ရင် မိန်းမယူသွားကြမယ့် သူမျိုးလေ။

အဲဒီတော့ အခြေခံ အားဖြင့် သာယာမှု တခုအနေနဲ့ ခြေလှမ်းအသစ် တခုအနေနဲ့ လက်တည့်စမ်းတဲ့ သဘောမျိုး သူတို့က လှမ်းခဲ့ကြတာ။ တကယ့် လက်တွေ့ဘဝမှာ သူတို့ ချစ်မြတ်နိုးတယ် ဆိုတာမျိုးတော့ မဟုတ်ဘူး။ သူတို့ ဦးနှောက်နဲ့ သေချာ စဉ်းစားတဲ့ အခါမျိုးကျရင် ဒီပတ်ဝန်းကျင် အသိုင်းအဝိုင်းတွေကို ထည့်တွက်ရမယ်။ အကြောင်း အရာတွေ မျိုးစုံ ထည့်တွက်ရမယ်။ သူတို့ တကယ့်ပတ်ဝန်းကျင်နဲ့ ထိတွေ့ဆက်ဆံလာရတဲ့ အခါမျိုးမှာ သူတို့စိတ်ထဲမှာ တကယ် လိုချင်တာက မိန်းကလေးပဲ ဖြစ်နေတတ်တယ်။

တခါတလေကျရင် ကိုယ်က ဘယ်လောက် လှလှ၊ ဘယ်လောက် ပြည့်စုံပြည့်စုံ၊ ဘာကြီးပဲ ဖြစ်နေဖြစ်နေ ကိုယ့်ကိုဘယ်လိုပဲ သဘော ကျနေကျနေ ကိုယ်ဟာ မိန်းမ မဟုတ်တဲ့ အတွက် အမြဲတမ်း တဆင့်ကတော့ နိမ့်နေတာပဲ။ အဲဒီလို နိမ့်နေတဲ့ အတွက်ကိုလည်း ဝမ်းတော့မနည်းဘူး။ ဘဝမှာ ရလာတဲ့ အတိုင်းကို အကောင်းဆုံးဖြစ်အောင် နေမယ် လို့ပဲ တွေးလိုက်တော့တယ်။

နဂိုကတည်းက ပုံမှန်သဘာဝ မဟုတ်တာ ကို လက်ခံရယူထားတာ ဆိုတော့လေ။ ဘယ်တော့မှ မိန်းကလေး တယောက် နဲ့တော့ ယှဉ်ပြီးတော့ မနေတတ်ဘူး။ ကိုယ် မိန်းမ မဟုတ်ဘူး ဆိုတာကို အမြဲတမ်း ခေါင်းထဲထည့်ထား တယ်” လို့ ဆိုပါတယ်။

အသက်၂၈ နှစ်ကနေ လက်ရှိ အသက် ၃၂ နှစ် အရွယ်အထိ ယောက်ျားလေး ချစ်သူ ၃ ယောက် ထားခဲ့ဖူးတယ် ဆိုတဲ့ မထက်က သူ့အနေနဲ့ သူများတွေ နည်းတူ အသက် ၁၈ နှစ်မှာ အချစ်ရေး အချစ်ရာကို စဉ်းစားခဲ့ချင်ပေမယ့် သဘာဝတရား အတိုင်း မဟုတ်တဲ့  သူရဲ့စိတ်ကို  ထိန်းချုပ်ခဲ့ရင်း  အသက်၂၈ နှစ် ရောက်မှ ရည်းစား ထားဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

“ကိုယ်ထားချင်တာ၊ ကိုယ်သဘောကျတာက တမျိုး ဖြစ်နေပြီလေ။ အဲဒီ အချိန်မှာ မိန်းကလေးကို သွားပြီး ရည်းစားထားလို့မှ မရတာ။ ကိုယ်ကြိုက်တာက၊ ကိုယ်သဘောကျတာက မသိစိတ်မှာ ယောက်ျားဆိုတာကို ကိုယ်က သိနေပြီ။ မိန်းကလေးကို ကိုယ်ဘယ်လိုမှ စိတ်မဝင်စားဘူး ဆိုတာ ကိုယ်တိုင် သိနေပြီ။ ဘယ်လိုမှလည်း သူတို့ကို သာယာမှုလည်း မရှိဘူး။ ကိုယ်လိုသူလိုပဲ လို့ပဲ ခံစားရတယ်။ ကိုယ်က ယောက်ျားလိုတော့ ဝတ်ထားတာလေ။

ဒါပေမယ့် ကိုယ်ကြိုက်တာက ယောက်ျား ဖြစ်နေတယ်။ အဲဒီ အချိန်ကျတော့ ကိုယ်ဖြစ်နိုင်တဲ့ အကြောင်းအရာကို ကိုယ့်ဘာသာကိုယ် သိနေတယ်။ မထက်က သူများနဲ့တော့ နည်းနည်းတော့ ကွဲတော့ ကွဲနေတယ်။ ဘာကွဲနေလဲ ဆိုတော့ မထက်က အဲဒီလို မဖြစ်နိုင်ဘူး ဆိုတဲ့ အကြောင်းအရာကို သိထားတော့ ကိုယ့်ဘာသာကိုယ် တယောက် တည်းပဲ နေတယ်။ ရည်းစား ဆိုတာ ငါနဲ့လည်း မဆိုင်ဘူး ဆိုပြီး အဲလိုပဲ နေလာတာ။ ၂၈ နှစ် လောက်ကျမှ စပြီး ယောက်ျားလေး သူငယ်ချင်းတွေနဲ့ စပေါင်းပြီးတော့မှ သွားရင်းလာရင်း စားရင်းသောက်ရင်းနဲ့မှ သဘောကျတာ ကို စပြီး ကိုယ့်ကိုယ်ကိုယ် လက်ခံလာနိုင်တာ။

အဲဒီချိန်ကျတော့မှ ချစ်တယ်တို့ ဘာတို့တွေ စပြီးတော့ လက်ခံလာနိုင် တာ။ ဒါပေမယ့် တတ်နိုင်သမျှ ငြင်းပါသေး တယ်။ ရှောင်ကြည့်သေးတယ်။  ဒါပေမယ့် ဟိုဘက်ကလည်း ဘာရယ် မဟုတ်ဘူး၊ လက်တည့်စမ်းတာမျိုး ဆိုတော့ အဲဒီအချိန်မှာ ကိုယ်က ဒီခံစားချက်ကို မခံစားဖူးသေးဘူး ဆိုတော့ ပါသွားတယ် ပေါ့။ အဲဒီလိုကျတော့ အလဲလဲ အကွဲကွဲ အသည်းတွေကွဲ ပေါ့။ နောက်ဆုံးကျတော့ နားလည်သွားတယ်။ သူငယ်ချင်းတွေက ပြန်ဆွဲထူပေါ့။

ကိုယ်တိုင်လည်း ကိုယ်ထူမှ ကိုယ်ပြန်ထလို့ ရမှာ။ ငါ မိန်းကလေး မဟုတ်ဘူး။ ငါ့ အသက်လည်း မငယ်တော့ဘူး ဆိုတဲ့အကြောင်းကို ကိုယ့်ကိုယ်ကိုယ် ထူထောင် တွေးတောပြီးတော့မှ ပြန်ပြီးတော့ တည့်မတ်ရင်းနဲ့ ဒီခံစားချက်ဟာ အမြဲတမ်း ခံစားနေစရာ မလိုဘူးဆိုတာ ကိုယ့်ကိုယ်ကိုယ် သင်ရတာပေါ့” လို့ မထက်က ဆိုပါတယ်။

Gay ၊ လိင်တူချစ်သူ၊ မိန်းမလျာ၊ Lady boy၊ She male စတဲ့ အခေါ်အဝေါ်တွေ အပြင် အလှဖန်တီးရှင် စသဖြင့် အမျိုးစုံ ခေါ်ဝေါ်တတ်ကြတဲ့ မြန်မာပြည် လူ့အသိုင်းအဝိုင်း ကြားထဲမှာတော့ သူတို့တွေဟာ ပတ်ဝန်းကျင်ရဲ့ အထင်အမြင်သေးမှု၊ နှိမ့်ချဆက်ဆံမှု တွေကို တော်တော်များများ ခံစားခဲ့ရတယ် လို့ ဆိုရမှာပါ။

နောက်ပြီး ဟိုးအရင်က ဂေးတယောက် ကွယ်လွန်ပြီ ဆိုရင် ဒါဟာ HIV/AIDS နဲ့ သေတာပဲ ဆိုတဲ့ ပတ်ဝန်းကျင်ရဲ့ လွဲမှားတဲ့ အယူ အစွဲကြီး ကြောင့် ကိုယ်သေရင်တောင် ကိုယ့်ကို အဲဒီ ရောဂါနဲ့ သေတယ် လို့ ထင်မြင်ကြမှာ စိုးရိမ်လို့ သေမှာကို အရမ်းကြောက် ခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။

“မထက် ငယ်ငယ်တုန်းက ဆိုရင် စာတွေလည်း အရမ်းမဖတ်သေးဘူး ဆိုတော့ အဲဒီမှာ သိတာတခုရှိတယ်။ AIDS ဆိုတဲ့ ရောဂါ ပေါ်လာတဲ့ အချိန်မှာ ဂေးတွေသေရင် ပြောကြတာ AIDS ပဲ။ တကယ်တမ်း ပြန်သုံးသပ်ရင် AIDS ဆိုတာ ဂေးမှဖြစ်တာ မဟုတ်ဘူးလေ။ အဲဒါကို နားမလည်ခဲ့တော့ ကိုယ့်ကိုယ်ကိုယ် သေမှာ အရမ်းကြောက်တယ်။ သေရင် သူများစွပ်စွဲတာ ခံရမလား၊ ကိုယ်ဘယ်လောက် သန့်ရှင်းအောင်နေနေ ကိုယ်သေသွားရင် သူများတွေက အဲဒီလို စွပ်စွဲမလားဆိုတာ အရမ်းကို ကြောက်ခဲ့ရဖူးတယ်။

နောက်မှသာ AIDS ဆိုတာ ဘယ်လိုကာကွယ်ရင် ဘယ်လို နေထိုင်ရင် ရောဂါ မကူးဘူးဆိုတာ သိသွားပြီး နောက်ပိုင်းမှသာ မကြောက်တော့တာ။ အရင်တုန်းက ဆိုရင် ဂေးဆိုရင် ပိန်ပြီဆိုတာနဲ့ ဒီလိုပြောတတ်ကြတော့ အရမ်းကြောက်တယ်”  လို့ သူက ပြောပါတယ်။

လူ့လောကမှာ ယောက်ျား အချင်းချင်းပဲ ဖြစ်ဖြစ်၊ မိန်းမ အချင်းချင်းပဲ ဖြစ်ဖြစ်၊ ယောက်ျားနဲ့ မိန်းမပဲ ဖြစ်ဖြစ် ချစ်ကြ တယ် ဆိုတာဟာ ကောင်းမွန်တဲ့ အရာ၊ မင်္ဂလာရှိတဲ့ အရာဖြစ်သလို သူတို့တွေရဲ့ လွတ်လပ်တဲ့ အခွင့်အရေးလည်း ဖြစ်ပေမယ့် များသောအားဖြင့် မြန်မာပြည် လူ့ဘောင် လူ့အဖွဲ့အစည်းအနေနဲ့ ဒါကို ပြစ်တင်ရှုတ်ချ ကဲ့ရဲ့မှုတွေကြောင့် လက်တွဲဖော်ရဲ့ အေးချမ်း တည်ငြိမ်နေတဲ့ ဘဝကို မပျက်စီးစေချင်ဘူးလို့လည်း ခင်စန်းဝင်းက သူ့ရဲ့ အမြင်ကို ပြောပါတယ်။

“အားလုံးကတော့ များသောအားဖြင့် ကိုယ့်ကို ချစ်ခင်တဲ့စိတ်၊ အထင်ကြီးလေးစားတဲ့ စိတ်နဲ့ပေါ့။ ကိုယ့်နားမှာ နေရရင် ပြီးရော ဆိုတဲ့ စိတ်ဆန္ဒတွေနဲ့ ပထမဆုံးတော့ လာကြတာပါပဲ။ ဒါပေမယ့် ကြာလာတဲ့အခါမှာ ဒီလို ပြောဆို ထိုးနှက်တဲ့ ဒဏ်တွေ မခံနိုင်တဲ့အခါမှာ ထွက်ပြေးသွားကြ တာပဲပေါ့။ ပုံမှန် မဟုတ်တဲ့ဘဝမှာ မကြီးစန်းတို့ အချစ်ရေးကလည်း ပုံမှန် မဖြစ်နိုင်ဘူးပေါ့။ ဒါ့အပြင် ချစ်ခင်ကြပေမယ့်လည်း ပတ်ဝန်းကျင်ဆိုတာ ရှိနေတဲ့ အခါ အဲဒီချစ်ခင် တဲ့စိတ်က တဖြည်းဖြည်းနဲ့ စိတ်ညစ်စရာတွေ ဖြစ် လာတဲ့အခါ ကျတော့ သူတို့လည်း တနေရာကို ထွက်ပြေးသွားဖို့ ခေါင်းထဲမှာ တွေးတော နေကြမှာ ပေါ့။

အဓိက ပြောချင်တာတော့ လူ့ဘောင် လူ့ဘဝမှာ ယောက်ျား အချင်းချင်းလည်း ဖြစ်ချင်ဖြစ်မယ်၊ မိန်းမ အချင်းချင်း လည်း ဖြစ်ချင်ဖြစ်မယ်၊ ယောက်ျားနဲ့ မိန်းမလည်း ဖြစ်ချင်ဖြစ်မယ်။ ဒါက လူတယောက်ရဲ့ လွတ်လပ်တဲ့၊ ပိုင်ဆိုင်မှု တခုပေါ့ နော်။ အဲဒီပိုင်ဆိုင်မှုကို ကိုယ့်ရဲ့အကျိုးအမြတ် မရှိဘဲနဲ့၊ ပြီးတော့ အများ ထိခိုက်နစ်နာ စေမှာကို ထည့်မစဉ်းစားဘဲ ပြောချင် ဆိုချင်တတ်တဲ့ ကိုယ့်ရဲ့ ဝါသနာတခုကြောင့်မို့ တပါး သူရဲ့ အေးချမ်းတည်ငြိမ်တဲ့ ဘဝတခုကို ဘာမဟုတ်တဲ့ စကားလေးတခွန်းနဲ့ မဖျက်ဆီး စေချင်ဘူး၊ လာပြီး အနှောင့်အယှက် မပေးစေချင်ဘူး။

လူကို လူလိုပဲ မြင်ပြီးတော့ ချစ်ကြတယ် ဆိုတာက ကောင်းတဲ့ အလုပ်ပဲ။ မုန်းကြတာမှ မဟုတ်တာ။ အားလုံး ချစ်ချစ်ခင်ခင် နေကြရင် လောကကြီးမှာ အေးချမ်းမှာပါ”

မိတ်ကပ်အလှ ဖန်တီးရှင် ခင်စန်းဝင်း ပြောသလိုပဲ လူသားတဦးနဲ့ တဦး မုန်းတီးကြတာ မဟုတ်ဘဲ ချစ်ခင်ကြခြင်းဟာ ကောင်းမွန်တဲ့ မင်္ဂလာတပါး ဆိုပေမယ့် လူသားတွေရဲ့ စိတ်ထဲက ခေါက်ရိုးကျိုးနေတဲ့ ထုံးတမ်းစဉ်လာတွေနဲ့ ဆန့်ကျင်တဲ့ အခုလို အချစ်မျိုးတွေ ကျပြန်တော့လည်း ဝေဖန်ဆန့်ကျင်မှု အတား အဆီးတွေနဲ့ ကြုံဆုံကြရပြန်ပါတယ်။

ဒီလိုဆိုပြန်တော့လည်း သီချင်းဟောင်းလေး တပုဒ်ထဲကလို “တို့နှစ်ယောက် ချစ်တာ အပြစ်လား”လို့ပဲ တိုးတိုးဖွဖွ ညည်းနေကြရုံသာလို့ တွေးမိပါတော့တယ်။     ။

Loading