ဖွဲ့စည်းပုံ ပြင်ဆင်ရေး NLD နဲ့ ၈၈ မျိုးဆက်တို့ရဲ့ ကြိုးပမ်းချက်တွေ အရှိန်ရနေချိန်မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး ကန့်သတ်ထားတဲ့ ဖွဲ့စည်းပုံပါ ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်မှု မလုပ်ဖို့ အဖွဲ့ဝင် ၃၁ ဦးပါဝင်တဲ့ ပြည်ထောင်စု လွှတ်တော် ဖွဲ့စည်းပုံပြင်ဆင်ရေး အကောင်အထည်ဖော်မှု ကော်မတီက ဇွန်လ ၆ ရက်နေ့က ဆုံးဖြတ်လိုက်တာမို့ ၂၀၁၅ ရွေးကောက်ပွဲ အပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ မျှော်မှန်းချက်တွေ မဖြစ်နိုင်တဲ့ အခြေအနေ ဆိုက်ရောက် လာပါပြီ။
၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အခန်း ၃ ၊ နိုင်ငံတော် အကြီးအကဲ ပြဋ္ဌာန်းချက် တခုဖြစ်တဲ့ ပုဒ် မ ၅၉ (စ) ဆိုတာ နိုင်ငံတော် သမ္မတ ဖြစ်ခွင့်ရှိရေး အရည်အချင်း သတ်မှတ်ပြဋ္ဌာန်းချက် ဖြစ်ပါတယ်။
ပုဒ်မ ၅၉ (စ) မှာ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရမည့် သူသည် မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီးတဦးဦးသော် လည်းကောင်း၊ ထို တရားဝင် သားသမီး တဦးဦး၏ ဇနီးနှင့် ခင်ပွန်းသည် နိုင်ငံခြား အစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံ သို့မဟုတ် တိုင်းတပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံ ဖြစ်သူသော် လည်းကောင်း၊ တိုင်းတပါး၏ နိုင်ငံသားသော် လည်းကောင်း ခံစားရသော အခွင့်အရေး များ နှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့် ရှိသူများ မဖြစ်စေရလို့ ပြဋ္ဌာန်းထားပါတယ်။
ပုဒ်မ ၅၉ (စ) မပြင်ဖို့ ဆုံးဖြတ်လိုက်တာမို့ လာမယ့် ၂၀၁၅ ခုနှစ် ပါတီစုံ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က အပြတ်အသတ် အနိုင်ရရင်တောင် နိုင်ငံခြားသား သား ၂ ဦးရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သမ္မတ ရာထူး ဘယ်လိုမှ မရယူနိုင်တော့ပါဘူး။ ဒါပေမယ့် NLD ပါတီကတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး မျှော်လင့်ချက် ဆက်ထားရှိထားပြီး ပုဒ်မ ၅၉ (စ) ပြင်ဆင်နိုင်ဖို့ ဆက်ကြိုးစားမယ်လို့ ဆိုပါတယ်။
NLD ပါတီနဲ့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း) တို့အပါအဝင် ဒီမိုကရေစီ အင်အားစုတွေက လာမယ့် ၂၀၁၅ ခုနှစ်မှာ ကျင်းပမယ့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ မတိုင်မီ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး အခက်ခဲဆုံးဖြစ်နေတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ကြိုးပမ်းနေချိန်မှာ ပုဒ်မ ၅၉ (စ) မပြင်ဆင်ဖို့ ဆုံးဖြတ် ချက် ထွက်လာတာမို့ ပုဒ်မ ၄၃၆ လည်း ပုဒ်မ ၅၉ (စ) လိုပဲ မပြင်ဆင်ဘူးဆိုတဲ့ ဆုံးဖြတ်ချက် ထွက်လာ နိုင်တယ် ဆိုတဲ့ သုံးသပ်မှုတွေ ရှိလာပါတယ်။
သမ္မတ ဦးသိန်းစိန်နဲ့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က ဖွဲ့စည်းပုံ ပြင်ဆင်ရန် ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအရသာ လုပ်ဆောင်သင့်တယ်လို့ ပြောဆိုထားမှုဟာလည်း ပုဒ်မ ၄၃၆ ကိုလည်း ပြင်ဆင်လိုစိတ် မရှိကြောင်း ပြသနေတာမို့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဆိုတာကလည်း အတော်ကို မလွယ်ကူလှပါဘူး။
၂၀၁၅ ခုနှစ်အလွန် သမ္မတ နေရာအတွက် လက်ရှိ သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ လက်ရှိ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ဟာ ရေပန်းစားခဲ့ပေမယ့် ပုဒ်မ ၅၉ (စ) မပြင်ဆင်နိုင်တော့တာမို့ ဒေါ်အောင်ဆန်းစုကြည်က သမ္မတဖြစ်နိုင်တဲ့ စာရင်းကနေ အလိုလိုပယ်ဖျက် ပြီးသား ဖြစ်နေပါပြီ။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၂၀၁၅ အလွန် သမ္မတဖြစ်ရေး မသေချာတော့သလို NLD ပါတီ အနေနဲ့လည်း ၂၀၁၅ ရွေးကောက်ပွဲမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ အနိုင်ရပါတီဖြစ်ရေးလည်း ခက်ခက်ခဲခဲ ကြိုးပမ်းရမယ့် အခြေအနေတွေ ဆက်တိုက် ရင်ဆိုင်ရမယ့် အခြေအနေရှိနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး စစ်တပ်ကို စိန်ခေါ်ခဲ့တာကြောင့် ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဖွဲ့စည်းပုံပါ ပြဋ္ဌာန်း ချက်တွေကို ချိုးဖောက်နေတယ်ဆိုတဲ့ သတိပေးစာ ထုတ်ပြန်ခဲ့ပြီး NLD ပါတီ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင် မရနိုင်စေဖို့ ကန့်သတ်မှုတွေ ရွေးကောက်ပွဲကော်မရှင်က လုပ်ဖို့ ကြိုးစားနေပါတယ်။
ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဆိုသူကလည်း ဗိုလ်ချုပ်ကြီးဟောင်း၊ ကြံ့ခိုင်ရေးပါတီ အမတ်ဟောင်း တဦးဖြစ်တဲ့ ဦးတင်အေး ဖြစ်နေတဲ့အပြင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်တွေ အများစုကလည်း စစ်အရာရှိဟောင်းတွေ ဖြစ်တာမို့ လာမယ့် ရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာနိုင်စရာ မရှိပါဘူး။
၂၀၁၅ ရွေးကောက်ပွဲကို အမေရိကန် ပြည်ထောင်စု အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက အမှန်တကယ် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ရေး တိုက်တွန်းပြောဆိုမှုတွေလည်း ရှိထားသလို မြန်မာအစိုးရကလည်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ရစေ့မယ်လို့ ကတိစကားတွေ ဆက်တိုက်ပြောခဲ့ပေမယ့် လက်တွေ့ တကယ်တရားမျှတ ဖို့ဆိုတာက အတော်ကို မလွယ်ကူပါဘူး။
လတ်တလောမှာ ဖွဲ့စည်းပုံပြင်ရေးနဲ့ ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေး အထမမြောက်သေးတာမို့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ရှေ့ဆက် ဘာလုပ်မလဲ။ ၂၀၁၅ ရွေးကောက်ပွဲ အလွန်မှာလည်း ဘာဆက် လုပ်မလဲဆိုတဲ့ မေးခွန်းက ပြည်တွင်းပြည်ပ အသိုင်း အဝိုင်းမှာ တွင်ကျယ်လာတဲ့ မေးခွန်းတခု ဖြစ်နေပါတယ်။
နီပေါနိုင်ငံကို ရောက်ခိုက် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံမှာ လုပ်ဆောင်နေတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကြိုးပမ်းမှု ကို နိုင်ငံတကာ အသိုင်းအဝိုင်းက အကူအညီပေးဖို့ တောင်းဆိုလိုက်ပြီး ဒါဟာ လွှတ်တော်ရဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကော်မတီ က ဒေါ်အောင်ဆန်စုကြည်ကို သမ္မတဖြစ်ရေး ကန့်သတ်ထားတဲ့ ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်ရန် မလိုဟု ဆုံးဖြတ် မဲပေးမှုအပြီး ပထမဆုံး ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
၂၀၁၅ အလွန်မှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သမ္မတဖြစ်ခွင့် မရနိုင်တဲ့ အခြေအနေမှာ တချို့သော တိုင်းရင်းသား အင်အားစုတွေနဲ့ နိုင်ငံရေး အင်အားစုတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ကို NLD ပါတီ ခေါင်းဆောင် တဦးထက်မက ပိုမို ကျယ်ပြန့်တဲ့ ဒီမိုကရေစီ အင်အားစု တရပ်လုံးနဲ့တကွ နိုင်ငံသားများရဲ့ လေးစားချစ်ခင် အားကိုးရတဲ့ အမျိုးသား ခေါင်းဆောင် အဖြစ်မျိုး မြင်တွေ့ချင်သူတွေလည်း ရှိနေပါတယ်။
ဒါပေမယ့် ဒီမိုကရက်တစ် အတိုက်အခံ အင်အားစုတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်မှ တပါး ခေါင်းဆောင်ထားပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို လုပ်ဆောင်ဖို့ လူစားလည်း မရှိဖြစ်နေတာကြောင့် သမ္မတတဦးအဖြစ်နဲ့ အနည်းဆုံး သက်တမ်းတခု ထမ်းဆောင်ကာ နိုင်ငံဖွံ့ဖြိုးရေးနဲ့ ပိုမိုပွင့်လင်းတဲ့ ပြုပြင်ပြောင်းလဲရေးတွေကို လုပ် ဆောင်စေ ချင်သူ တွေလည်း အများအပြားရှိနေပါ တယ်။
ဒေါ်အောင်ဆန်းစုကြည်နေအိမ် အကျယ်ချုပ်က လွှတ်ပေးပြီး နောက်ပိုင်း အမေရိကန် အပါအဝင် နိုင်ငံတကာက မြန်မာ အစိုးရကို ပြုပြင်ပြောင်းလဲရေး တွေလုပ်လာပြီ ဆိုပြီးဝိုင်းဝန်းအသိ အမှတ်ပြုခဲ့ကြတာက အထင်အရှား ပြယုဂ်ဖြစ်ပါတယ်။
အထူးသဖြင့် အမေရိကန် ပြည်ထောင်စုပါပဲ။ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီး စစ်အစိုးရ ဦးဆောင်နေတဲ့ မြန်မာ့ နိုင်ငံရေးမှာ ပါဝင်ခွင့်ရချိန်ဟာ မစ္စတာ ဘားရက် အိုဘားမားရဲ့ အမေရိကန် သမ္မတ ပထမသက်တမ်းမှာ ဖြစ်ခဲ့တာ ကြောင့် အမေရိကန်ရဲ့ မြန်မာနဲ့ ထိတွေ့ဆက်ဆံရေးမှု ဝါဒကြောင့် ဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ရဲ့ နိုင်ငံခြားရေး မူဝါဒဟာ အောင်မြင်မှု အရှိဆုံးလို့တောင် ကြွေးကြော်ခဲ့တာပါ။
အိုဘားမားက မကြာသေးခင်ကပဲ အမေရိကန် West Point စစ်တက္ကသိုလ် မိန့်ခွန်းမှာ မြန်မာနိုင်ငံကို နမူနာထိုးပြပြီး အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒ အောင်မြင်တဲ့အကြောင်း ထပ်လောင်း ပြောခဲ့ပါသေးတယ်။
အမေရိကန် ကွန်ဂရက် လွှတ်တော်အမတ် တော်တော်များများကလည်း အမေရိကန်အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းဆိုးတွေ၊ လူမျိုးရေး၊ ဘာသားရေး အမုန်းပွား တင်းမာမှုတွေ ရှိနေမှုတွေနဲ့ စစ်တပ် အကျိုးအတွက်သာ မျှော်လင့် ပြီး ပြုပြင်ပြောင်းလဲမှု လုပ်ပြတဲ့ မြန်မာအစိုးရနဲ့ အလျင်အမြန် ထွေးပွေ့ဆက်ဆံတဲ့ မူဝါဒကို မေးခွန်းထုတ်ခဲ့ ကြပါတယ်။
အခုလို ၂၀၁၅ အလွန် သမ္မတဖြစ်ရေး မသေချာတော့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိစ္စ အပါအဝင် မရေရာသေးတဲ့ ပြည်တွင်း ငြိမ်းချမ်းရေး၊ စစ်ပွဲများနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက်ရှိနေခြင်း၊ လူမျိုးရေး၊ ဘာသာရေး ခွဲခြားမှု နဲ့ တင်းမာမှုများ ရှိနေခြင်းစတဲ့ မပီပြင်တဲ့ မြန်မာ့ပြုပြင် ပြောင်းလဲရေး ဖြစ်စဉ်တွေက အမေရိကန်ရဲ့ နိုင်ငံခြားရေး မူဝါဒကို ခြိမ်းခြောက်နေပါပြီ။
နိုင်ငံတကာရေးရာ သုံးသပ်သုတေသနပြုနေတဲ့ Center for Strategic & International Studies-CSIS က ၂၀၁၅ ရွေးကောက်ပွဲ အလွန် အမေရိကန်ရဲ့ မြန်မာဆိုင်ရာ မူဝါဒတွေအပေါ် မေးခွန်းထုတ်ထားပါတယ်။ အထူးသဖြင့် အမေရိကန် ရဲ့ မူဝါဒ ရေးဆွဲကြသူတွေဖြစ်တဲ့ အစိုးရနဲ့ ကွန်ဂရက် လွတ်တော် ၂ ရပ်လုံးက သူတွေအနေနဲ့ ဆက်လက် ကျန်ရှိနေသေးတဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု ဥပဒေတွေကို လုံးဝ မဖယ်ရှားသေးဘဲ ဆက်လက် ထားရှိသင့်တယ်လို့ အကြံပြုထားပါတယ်။
တချို့သုံးသပ်သူတွေက အမေရိကန်လည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ အမေရိကန် ကုမ္ပဏီ တွေရဲ့ အပြန်အလှန်အကျိုး စီးပွားအတွက်ပဲ အဓိက ဦးစားပေးသွားပြီး လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းဆိုးတွေ ရှိ နေတဲ့ တရုတ်နဲ့ ဆက်ဆံရေးလိုမျိုး မြန်မာနဲ့ ဆက်ဆံသွားနိုင်ပြီး တလျှောက်လုံး ကြွေးကြော်နေတဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီ စံနှုန်းတွေဟာ သင်္ကြန်အမြောက်တွေလို ဖြစ်သွားနိုင်တယ်လို့ ဝေဖန်ကြပါတယ်။
မြန်မာနိုင်ငံသား အများစု ထောက်ခံအားပေးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအလွန် ကာလများမှာ မပြီးဆုံးသေးတဲ့ မြန်မာ့ဒီမိုကရေစီ အရေးအတွက် ဆက်လက် ကြိုးပမ်းရင်း အမေရိကန်၊ ဥရောပ သမဂ္ဂ နဲ့တကွ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ မူအရ ထောက်ခံအားပေးမှုက လွဲပြီး လက်တွေ့ကျတဲ့ ထောက်ခံမှု အားနည်း သွားနိုင်ပါတယ်။