သာသနာရေးဝန်ကြီးဌာနနှင့် နိုင်ငံတော်သံဃ မဟာနာယကတို့ ဦးစီးသော မဟာသန္တိသုခကျောင်း ပိုင်ဆိုင်မှု အငြင်းပွားခြင်း၊ ညအချိန် ကျောင်းတွင်း ဝင်စီးကာ သံဃာတော်များကို အင်အားသုံး ဖမ်းဆီးခြင်း၊ လူဝတ်လဲ တရားစွဲခြင်းတို့သည် သမ္မတရုံး၏ ညွှန်ကြားချက် မဟုတ်သလို သမ္မတအနေဖြင့် ဝင်ရောက် မစွက်ဖက်နိုင်ကြောင်း သိရသည်။
“သမ္မတ အနေနဲ့ ဘာသာရေးအဖွဲ့အစည်းတွေရဲ့ ဆုံးဖြတ်ချက်အပေါ် ကျော်လွန်ပြောလို့မရဘူး။ နှစ်ဖက်ညှိနှိုင်းဆွေးနွေးဖို့ ဒကာ တဦးအနေနဲ့ပဲ လျှောက်ထားလို့ရမှာ၊ ဝင်ရောက်စွက်ဖက်လို့မရဘူး။ နိုင်ငံတော်သံဃမဟာနာယကရဲ့ ဆုံးဖြတ်ချက်က အတည်ဖြစ်လိမ့်မယ်”ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ် က ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် ဇွန် ၁၀ ရက်က ကမ္ဘာအေးမြို့နယ်၊ သာသနာရေးဦးစီးဌာနတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံး၏ သာသနာရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ဟုဆိုသူ ဦးအံ့မောင်အား သမ္မတဦးသိန်းစိန်နှင့် သမ္မတရုံးကို ကိုယ်စားပြု၍ ရှင်းလင်းပွဲသို့ တက်ရောက်ရန် တာဝန်ပေးထားခြင်း မရှိကြောင်းနှင့် သမ္မတ အပါအဝင် သမ္မတရုံးသည် အဆိုပါ
ပွဲသည် ပတ်သက်မှုမရှိကြောင်းလည်း ဦးရဲထွဋ်က ဆိုသည်။
သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူ တဦးကမူ “သမ္မတက သမ္မတ ကိစ္စ လုပ်မှာပေါ့။ အုပ်ချုပ်ရေးအဖွဲ့တွေမှာလည်း လုပ်သင့်လုပ်ထိုက်တာတွေရှိတယ်။ ဒီကိစ္စကို သမ္မတ ခိုင်းသလားဆိုတော့ ကျုပ်တို့ ဘယ်လိုဖြေမလဲ၊ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတဲ့စကား အားလုံးသည် သာသနာရေးဝန်ကြီးဌာနက ပြောလိုတဲ့ အာဘော်ပဲ”ဟု ဧရာဝတီ၏ မေးမြန်းမှုကို ဖြေသည်။
ကျောင်းအငြင်းပွားမှု နှင့်ပတ်သက်၍ သာသနာရေးဝန်ကြီးဌာနနှင့် နိုင်င်ငံတော်သံဃမဟာနာယက အဖွဲ့တို့ကို အင်အားမသုံးရန် သမ္မတဦးသိန်းစိန်က တားမြစ်ခဲ့သော်လည်း ၎င်းတို့သည် သမ္မတ၏ လက်အောက်ခံမဟုတ်ကြောင်းနှင့် ဝင်ရောက်စွက်ဖက်ခွင့်မပြုကြောင်း အကြောင်းပြန်ကာ ပီနန်ဆရာတော် ပြည်ပကြွနေခိုက် ညဘက်တွင် ရန်ကုန်တိုင်းအစိုးရနှင့် ရဲတပ်ဖွဲ့ အကူအညီယူပြီး အင်အားသုံးဝင်ရောက်ခဲ့ကြောင်း သမ္မတရုံးနှင့် နီးစပ်သော သတင်းရပ်ကွက်များအရ သိရသည်။
ယင်းသတင်းအမှန်သာဆိုလျှင် သမ္မတ၏ အမိန့်ကို မလိုက်နာသည်မှာ မြန်မာ့တပ်မတော်ပြီးပါက သာသနာရေးဝန်ကြီးဌာန ဖြစ်မည်။ ကချင်ပြည်နယ် ထိုးစစ်များ ရပ်ဆိုင်းရန် သမ္မတ၏ အမိန့်ကို တပ်က ကနဦးတွင် ငြင်းဆန်ခဲ့သည်။
ထို့ပြင် မဟာသနိ္တသုခအရေးသည် ဝန်ကြီးဌာနများ သမ္မတကို ဂရုမစိုက်တော့ဘဲ ကိုယ့်ထီးကိုယ့်နန်းဖြင့် တသီးတခြား လုပ်ချင်ရာလုပ်နေကြသည်ကို ပိုထင်ရှားလာနေစေသည်ဟု ဝေဖန်သူများက ဆိုနေကြသည်။
ဇွန် ၁၀ ရက်က ရန်ကုန်မြို့ ကမ္ဘာအေးမြို့နယ်ရှိ သာသနာရေးဦးစီးဌာန တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံး၏ သာသနာရေးအကြံပေးပုဂ္ဂိုလ် ဦးအံ့မောင်က သံဃာထု၏ အမြင့်ဆုံးအဖွဲ့အစည်းဖြစ်သည့် နိုင်ငံတော်သံဃမဟာနာယက၏ ဆုံးဖြတ်ချက်ကို မကျေနပ်လျှင် မည်သည့်တရားရုံးကိုဖြစ်စေ သွားရောက် တရားစွဲဆိုရန် ပြောဆိုခဲ့ပြီး သံဃာ ၅ ပါးကို လူဝတ်လဲ ဖမ်းဆီးထားသောကြောင့် သံဃာအများအပြားက မကျေနပ်ကြချေ။
“တရားရုံးက ဘာဆုံးဖြတ်မလဲ စောင့်ကြည့်နေတယ်၊ ဒီကိစ္စကြောင့် အာဏာပိုင်တွေနဲ့ သံဃာထု အကြား ဆူပူအုံကြွမှုတွေ မလွဲမသွေ ဖြစ်လာမှာဘဲ၊ ဒီကိစ္စကို လုံးဝမကျေနပ်ဘူး”ဟု မကြာသေးမီကပင် သမ္မတနှင့် တွေ့ဆုံခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃသမဂ္ဂ အဖွဲ့ ဆရာတော် ဦးကာဝိယက မိန့်သည်။
မဟာသနိ္တသုခကျောင်း စီးနင်းမှုတွင် နိုင်ငံတော်သံဃမဟာနာယကကို ကိုယ်စားပြုသည့် သံဃာတိုင်း ပါဝင်ခြင်းမဟုတ်ဘဲ အာဏာ အလွဲသုံးစားလုပ်နေသော သံဃာ ၃ ပါး ခန့်သာ ပါဝင်ကြောင်း၊ ဝန်ကြီးဌာန အာဏာပိုင်များနှင့် ပူးပေါင်းကာ လုပ်ဆောင်ခဲ့ကြောင်း၊ အခြားသံဃာများမှ ထိုကိစ္စကို မသိရဘဲ လက်မှတ်ထိုးခဲ့ရခြင်းဖြစ်ကြောင်းလည်း ဦးကာဝိယက မိန့်သေးသည်။
မဟာသနိ္တသုခ ကျောင်း စတင်တည်ထောင်သူ ပီနန်ဆရာတော် အရှင်ပညာဝံသ ကလည်း သံဃာတော်များ ဝိနည်းအရ ကျောင်းပိုင်ဆိုင်မှု အငြင်းပွားခြင်း၊ သံဃာတော်များကို ဖမ်းဆီးခြင်းစသည့် သာသနာတော် ဆိုင်ရာ ကိစ္စများတွင် သံဃ ဝိနိစ္ဆယ ခုံရုံး၌ တရားလို၊ တရားခံဟု ယူဆရသူနှင့် သက်သေတို့က မျက်နှာစုံညီဖြေရှင်းပြီး ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားမှသာ ရဟန်းဘဝမှ လူဝတ်လဲ၍ ရကြောင်း မိန့်ကြားသည်။
သနိ္တသုခကျောင်းကို အင်အားသုံးဝင်ရောက်စီးနင်းသိမ်းပိုက်ပြီး ကျောင်းရှိ သံဃာတော်တို့ကို အတင်းအကျပ် ခေါ်ဆောင်မှုနှင့် ကျောင်းတော်ကြီးကို ချိတ်ပိတ်မှုသည် ဗုဒ္ဓဘာသာ ထွန်းကားသော နိုင်ငံတခုတွင် လွန်စွာ အကျည်းတန် ရုပ်ဆိုးလှသည်ဟု ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)က ကြေညာချက်တရပ် ထုတ်ပြန်ထားပြီး နယူးယောက်မြို့ အခြေစိုက် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ်ကလည်း မဟာသနိ္တသုခ ကျောင်း အငြင်းပွားမှုတွင် ဖမ်းဆီးခံရပြီး လူဝတ်လဲခံရသည့် သံဃာတော် ၅ ပါး ကိစ္စ အတွက် အာဏာပိုင်များနှင့် နိုင်ငံတော်သံဃမဟာနာယကက အမြန်ဆုံးဖြေရှင်းဆောင်ရွက်ရန် တောင်းဆိုထားသည်။