သတင်းတို

၁၅ နှစ်တာ မူးယစ်တိုက်ဖျက်ရေး အောင်မြင်မှု မရှိခဲ့ကြောင်း ပြည်ထဲရေး ဒုဝန်ကြီး ဝန်ခံ

This article has been converted from Zawgyi One to Unicode

မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စီမံချက်များ ချမှတ် ၁၅ နှစ်ကြာ ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှုမရဘဲ မူးယစ်ဆေးဝါး ထုတ်လုပ်မှု မြင့်တက်လာနေခြင်းကြောင့် နောက်ထပ် ၅ နှစ် စီမံကိန်းတရပ် လုပ်ဆောင်မည် ဖြစ်ကြောင်း ယမန်နေ့က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက တင်ပြသည်။ ၁၉၉၉ ခုနှစ်မှ လုပ်ငန်းစီမံချက်များ စတင်ခဲ့ကြောင်း၊ ၂၀၀၆ ခုနှစ်တွင် မူးယစ်ဆေး စိုက်ပျိုးမှု ကျဆင်းခဲ့သော်လည်း ၂၀၀၇ ခုနှစ်တွင် မြင့်တက်လာကြောင်း၊ ယမန်နှစ်က ၅၇၈၀၀ ဟက်တာ စိုက်ပျိုးခဲ့ ကြောင်း၊ ၂၀၁၂ နှင့် ၂၀၁၁ ခုနှစ်များတွင် ဟက်တာ ၅၁၀၀၀ ကျော်နှင့် ၄၃၆၀၀ ကျော်ကို စိုက်ပျိုးခဲ့ကြောင်း ၎င်းက တင်ပြသည်။ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု တိုက်ဖျက်ရေး ရုံး၏ နှစ်ပတ်လည် အစီရင်ခံစာတွင် မြန်မာနိုင်ငံ၌ ဘိန်းစိုက်ဧရိယာမှာ ၆ နှစ် ဆက်တိုက် မြင့်မားလာကြောင်း ဖော်ပြထားသည်။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး နောက်ထပ် ၅ နှစ်တာ ဆောင်ရွက်မည့် အစီအစဉ်ကို ရှမ်း၊ ကယား၊ ချင်း စသည့် ပြည်နယ်များရှိ မြို့နယ် ၅၁ မြို့နယ်တွင် ဦးစားပေး အကောင်အထည်ဖော်မည် ဖြစ်ကြောင်း သိရသည်။

Loading