KNU ဘက်မှ တဦးကျဆုံးပြီးနောက် အစိုးရတပ် နောက်ပြန်ဆုတ်
This article has been converted from Zawgyi One to Unicode
အစိုးရတပ်နှင့် တပ်ခြင်းထိတွေ့မှု ဖြစ်ကာ ကရင်အမျိုးသား အစည်းအရုံး KNU/KNLA ဘက်မှ တပ်သားတဦး ကျဆုံးပြီးနောက် အစိုးရတပ်များ နောက်ပြန်ဆုတ်သွားပြီဖြစ်ကြောင်း သိရှိရသည်။
တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ် ခရိုင်အတွင်း နယ်ကျွံလာသည့် အစိုးရတပ် ခမရ ၅၅၇ မှတပ်ဖွဲ့နှင့် အပစ်အခတ် ရပ်စဲထားသော KNU/KNLA တပ်မဟာ ၄ လက်ခံအောက် တပ်ရင်း ၁၁ တို့ ၂ ရက်ကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပထမရက် ဇွန်လ ၁၃ ရက်နေ့တွင် KNU/KNLA ဘက်မှ တပ်သားတဦး ကျဆုံးခဲ့ကြောင်း KNLA မြိတ်-ထားဝယ်ခရိုင် ဥက္ကဋ္ဌ စောဘီးလယ်က ပြောသည်။
“ပထမနေ့က တိုက်ပွဲမှာ ကျနော်တို့ဘက်က တယောက် သေပြီး M 16 တလက် ဆုံးသွားတယ်။ ဒုတိယနေ့ တိုက်ပွဲမှာ M 79 တလက် ထပ်ဆုံးတယ်။ သူတို့က ကျနော်တို့ နယ်မြေထဲကို အကြောင်း မကြားဘဲ ဝင်လာတာကနေ ဖြစ်ကြတာ။ သူတို့ကို အကြောင်းကြားတော့ ကျနော်တို့ဘက်က စပစ်တာလို့ ပြောတယ်။ ကျနော်တို့ ဘက်ကပြောတော့လည်း သူတို့ဘက်က စပစ်တာလို့ ပြောတယ်” ဟု ဥက္ကဋ္ဌ စောဘီးလယ်က ဧရာဝတီသို့ ပြောသည်။
တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်၍ KNU က တနင်္သာရီတိုင်း စစ်တိုင်းမှူး ဗိုလ်ချုပ် ခင်မောင်ဌေး၊ တနင်္သာရီ တိုင်းဒေသကြီး အစိုးရတို့ကို အကြောင်းကြားခဲ့ပြီးနောက် အစိုးရ စစ်တပ် နောက်ပြန်ဆုတ်သွားပြီ ဖြစ်ကြောင်း၊ အစိုးရ စစ်တပ်ဘက်က KNU ၏ သေနတ် ၂ လက် သိမ်းဆည်းထားကြောင်း အကြောင်းပြန်ခဲ့ပြီး အောက်ခြေတပ်များအကြား နားလည်မှု ရရှိရေးအတွက် အကြောင်းကြားထားကြောင်း ဥက္ကဋ္ဌ စောဘီးလယ်က ဆိုသည်။
၎င်းက ဆက်လက်၍ “ အခုကတော့ သူ့ဘက်ကိုယ့်ဘက် စနစ်တကျ ဖြစ်အောင်တော့ ပြန်ကွပ်ကဲ ထားတာပဲ။ သူတို့ဘက်ကလည်း ညွှန်ကြား ထားတယ်။ ကျနော်တို့ဘက်ကလည်း ညွှန်ကြားထားတယ်။ ဒါမှလည်း အပစ်အခတ် ရပ်စဲရေးအတွက် လူထုကလည်း အယုံအကြည် ရှိသွားမယ်။ ကျနော်တို့ရဲ့ ဗဟိုဌာနချုပ်ကိုလည်း အကြောင်း ကြားထားပါတယ်” ဟု ပြောသည်။
KNU အဖွဲ့သည် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်တွင် ပဏာမ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်ပြီး အစိုးရ တပ်မတော်နှင့် ပဋိပက္ခဖြစ်ပွားမှု နည်းပါးသည်။
KNU ခေါင်းဆောင်များနှင့် သမ္မတ ဦးသိန်းစိန်တို့ ၅ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး ကာကွယ်ရေး ဦးစီချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်း ၆ ကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့သည်။