ရန်ကုန်မြို့၏ ကားလမ်း ပိတ်ဆို့မှုများကြောင့် သွားလာရေး ခက်ခဲလာသော မြေနီကုန်း လမ်းဆုံနှင့် အင်းစိန်မြို့နယ်တို့တွင် ခုံးကျော်တံတား ၂ စင်းကို ယခု ဘဏ္ဍာနှစ်အတွင်း တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် မြောက်ဒဂုံမြို့နယ်နှင့် တောင်ဒဂုံမြို့နယ်တို့ကို ဖြတ်သန်းသွားသည့် ပြည်ထောင်စုလမ်းကို နှစ်လမ်းသွား လမ်းမကြီး အဖြစ် ချဲ့ထွင်တော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။
ယနေ့ ကျင်းပသည့် အမျိုးသား လွှတ်တော်တွင် ရန်ကုန်မြို့၌ အသစ်ထပ်မံ တည်ဆောက်မည့် ခုံးကျော်တံတားများနှင့် တောင်ဒဂုံ၊ မြောက်ဒဂုံ ဆက်သွယ်ရေး ပြည်ထောင်စု လမ်းမကြီး တိုးချဲ့ ဖောက်လုပ်သွားမည့် အစီအစဉ်တို့ကို မကွေးတိုင်း ဒေသကြီး အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက မေးမြန်းရာ သမ္မတရုံး ဒုဝန်ကြီး ဦးအောင်သိန်းက ယခုဘဏ္ဍာနှစ် အတွင်း အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဟု ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။
အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက“အင်းစိန်နဲ့ မြေနီကုန်းမှာ ခုံးကျော်တံတား ထပ်လုပ်လိမ့်မယ်။ အင်းစိန် ရထား လမ်း ခုံးကျော်လို့ ပြောတယ်။ ဘယ်နေရာလည်းတော့ မသိဘူး။ မြေနီကုန်းကတော့ လမ်းဆုံမှာ လုပ်မှာ။ ခုံးကျော်လုပ်ရင် တခု တည်း မဟုတ်ဘဲနဲ့ ယှက်ဖြာပြီး နှစ်ခုသုံးခုလောက် တခါတည်း လုပ်စေချင်တာ။ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်ထဲမှာ စလုပ်မယ်လို့ ပြော တယ်”ဟု ဆိုသည်။
ရန်ကုန်မြို့တွင်း ကားလမ်းပိတ်ဆို့မှုကို မဖြေရှင်းနိုင်ခြင်းသည် အစိုးရတွင် Town Plan ၊ City Plan များ မရှိသောကြောင့် ဖြစ်ကြောင်း လည်း ၎င်းက ဆက်ပြောသည်။
တောင်ဒဂုံနှင့် မြောက်ဒဂုံ မြို့နယ်ကို ဖြတ်သန်းသွားသည့် အရှည်မိုင် ၅ မိုင်ရှိသော ပြည်ထောင်စုလမ်းမကြီး လမ်းဘေးဝဲယာရှိ ဈေးဆိုင်များကြောင့် နံနက်ပိုင်းနှင့် ညနေပိုင်း ရုံးတက် ၊ ရုံးဆင်းချိန်များတွင် ဆိုးဝါးစွာ လမ်းပိတ်ဆို့မှု ဖြစ်ပွားနေသဖြင့် လမ်းချဲ့ထွင်ပေး ရန် နိုင်ငံတော် သမ္မတရုံးသို့ တင်ပြခဲ့ရာ ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ကြောင်း မြောက်ဒဂုံမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဌ ဦးကျော်အေး ကလည်း ဧရာဝတီသို့ ပြောသည်။
“မနက် ကျောင်းသွား ကျောင်းလာ ၊ ရုံးသွား ရုံးလာမှာ ကားအရမ်းပိတ်တဲ့ အတွက် မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု ကော်မတီကနေ လမ်းချဲ့ပေးဖို့ တောင်းဆိုတာ။ ၄ ခါလောက် တောင်းရတယ်။ နောက်ဆုံး ဝန်ကြီး ဦးစိုးသိန်းတို့က လုပ်ပေးမယ် ပြော တယ်”ဟု ဦးကျော်အေးက ဆိုသည်။
ရန်ကုန်မြို့တွင်း ကားလမ်း ပိတ်ဆို့မှု ပြဿနာမှာ မြို့လယ်ခေါင်တွင်သာ မဟုတ်ဘဲ ဆင်ခြေဖုံး မြို့နယ်များ ဖြစ်သည့် မြောက်ဒဂုံ ၊ တောင်ဒဂုံ ၊ သာကေတ ၊ သင်္ဃန်းကျွန်း ၊ အင်းစိန် ၊ လှိုင်သာယာနှင့် မင်္ဂလာဒုံ မြို့နယ်များပါ ဖြစ်ပွားလျက် ရှိသည်။
ရန်ကုန်မြို့တွင် မော်တော်ယာဉ်စီးရေ များပြားလာမှုကြောင်း လမ်းပိတ်ဆို့မှုများ ဖြစ်ပွားနေသကဲ့သို့ ယခုအခါ မိုးရွာသွန်းချိန်များတွင် မြောင်းများ ရေလျှံမှုကြောင့် ကားလမ်း ပိတ်ဆို့မှုများ မကြာခဏ ဖြစ်ပွားလျက် ရှိသည်။
ကိုယ်ပိုင် အငှားယာဉ်မောင်း တဦး ဖြစ်သူ ဦးမြင့်ထွေးက “လမ်းလုံး၀ မပိတ်အောင် ဆိုရင်တော့ ရှိနေတဲ့ လမ်းမကြီးတွေ အကုန်လုံး အပေါ်မှာ မိုးပျံတံတားတွေ လိုက်ထိုးပေးမှ ရမယ်။ ယိုးဒယားမှာ ဒွန်မောင်း လေဆိပ်ကနေ သုဝဏ္ဍဘူမိလေဆိပ်ကို သွားတာ တောက်လျှောက် တံတား ထိုးပေးထားတော့ နာရီဝက်အတွင်း ရောက်သွားတယ်။ ဒီမှာဆို ၂ နာရီလောက် မောင်းရမှာ”ဟု ၎င်း၏ အတွေ့အကြုံကို ပြောဆိုသည်။
ရန်ကုန်မြို့၌ လက်ရှိတွင် သမိုင်း ဘုရင့်နောင် ခုံးကျော်တံတား၊ လှည်းတန်း ခုံးကျော်တံတား နှင့် ရွှေဂုံတိုင် ခုံးကျော် တံတားများကို ဆောက်လုပ်ပြီးစီး၍ အသုံးပြုလျက် ရှိသည်။