မဟာ သန္တိသုခကျောင်း ပိုင်ဆိုင်မှု အငြင်းပွားရာတွင် ပီနန်ဆရာတော်ကြီး မရှိခိုက် အစိုးရနှင့် သံဃ မဟာနာယက အဖွဲ့က ညသန်းခေါင်ယံ အချိန်တွင် အင်အားသုံးစီးနင်း ချိတ်ပိတ်ခြင်း၊ ရဟန်းတော်များကို လူဝတ်လဲကာ အင်းစိန်ထောင်သို့ ပို့ခြင်းဖြင့် ဖြေရှင်းမှုသည် သမ္မတ ဦးသိန်းစိန် လက်ထက် တရားဥပဒေစိုးမိုးမှု မရှိသေးခြင်းကို ဖော်ပြနေသည်။
ယင်းသို့ အင်အားသုံး ဖြေရှင်းမှုသည် ပြည်သူများအဖို့ ယခင် စစ်အစိုးရ အကျင့်ဆိုးများကို ပြန်လည် သတိရစေခဲ့သည်။ ထို့အပြင် ပီနန်ဆရာတော်ကြီး ဦးပညာဝံသ ကဲ့သို့သော သြဇာကြီးမားသည့် ပုဂ္ဂိုလ်မျိုးအပေါ် သာသနာရေး ဝန်ကြီးဌာနနှင့် သံဃ မဟာနာယက အဖွဲ့၏ အကာအကွယ်ကိုယူ၍ ဦးအံ့မောင်ကဲ့သို့သော သမ္မတ အကြံပေးဆိုသူက ဥပဒေကို လိုသလို အသုံးချနေခြင်း၊ တရားဥပဒေ စိုးမိုးရေးကို စိန်ခေါ်ခြင်းအပေါ် ထိရောက်စွာ မကိုင်တွယ်နိုင်သည့် သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့ကိုလည်း မေးခွန်းထုတ်စရာများ ရှိနေသည်။
သံဃာ့ဥသျှောင် အဖွဲ့ကို ဦးဆောင်၍ စစ်အစိုးရအလိုကျ လုပ်ဆောင်ခဲ့သော သံဃမဟာနာယက အဖွဲ့ကို ဝေဖန်ခဲ့ဖူးသည့် ပီနန်ဆရာတော်ကြီးနှင့် ပတ်သက်၍ ယင်းသို့ ကြမ်းတမ်းစွာ ကိုင်တွယ်ဖြေရှင်းမှုမှာ နိုင်ငံရေး အာဃာတများ ပါနိုင်သလောဟု မေးခွန်းထုတ်စရာဖြစ်သည်။ ထိုသို့ အာဃာတဖြင့် လုပ်ခဲ့လျင် သမ္မတ၏ အမျိုးသားရင်ကြားစေ့ရေး မူဝါဒ ကျရှုံးဖို့ အကြောင်းဖန်ပြီဟုသာ ဆိုရတော့မည်။
သီတဂူဆရာတော်ကြီး အပါအဝင် သြဇာတိက္ကမ ကြီးမားသည့် ဆရာတော်များ အပါအဝင် သံဃာ အများအပြားနှင့် ဒါယကာ ဒါယိကာမများက မဟာသန္တိသုခ ကျောင်းတိုက်အရေး ဝိုင်းဝန်းကန့်ကွက်နေသည်များကို သမ္မတ ဦးသိန်းစိန် ဆက်လက် နှုတ်ဆိတ်မနေသင့်ပေ။ ယခု ဝင်ရောက်စီးနင်းမှုသည် ကြမ်းတမ်းရက်စက်သော ယခင် စစ်အုပ်ချုပ်ရေး ပုံစံအတိုင်း ဖြစ်သည်။
အာဏာနှင့် အကျိုးစီးပွားကို ထိပါးလာလျှင် စစ်အစိုးရသည် သံဃာ့ အဖွဲ့အစည်းကိုပင် ဖိနှိပ်ရန် ဝန်မလေးကြောင်း တိပိဋက ဆရာတော် ဦးသုမင်္ဂလာလင်္ကာရ အပါအဝင် ဆရာတော်ကြီးများကို ထောင်သွင်း အကျဉ်းချခဲ့ခြင်း၊ ရွှေဝါရောင် တော်လှန်ရေးကာလတွင် သံဃာထုကို အကြမ်းဖက်နှိမ်နင်းခြင်း၊ လက်ပံတောင်း ဆန္ဒပြ သံဃာများကို ပြင်းထန်စွာ နှိပ်ကွပ်ခြင်းများက သက်သေပြနေခဲ့သည်။
သာသနာရေး ဝန်ကြီးဌာန အပါအဝင် သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့သည် ယခင် စစ်အစိုးရလက်ထက်မှ လူများ အရောင်ပြောင်းကာ အများစု ပါဝင်နေသည်။ ရာထူးကြီးကြီးများတွင် စစ်တပ်မှ ကူးပြောင်းလာသူများသာ စိုးမိုးနေသည်။ လူမပြောင်းဘဲ မူပြောင်းချင်နေသောကြောင့် ထစ်ကနဲ ကိစ္စများ ပေါ်ပေါက်လာလျှင် အကျင့်ဟောင်းအတိုင်း ကိုင်တွယ် ဖြေရှင်းမှုများကြောင့် ဒီမိုကရေစီ ကူးပြောင်းရေး အားယူနေသည့် မြန်မာနိုင်ငံမှာ ကျော်မကောင်း ကြားမကောင်း အရှက်တကွဲ အကျိုးနည်းကိစ္စများသာ ပေါ်ပေါက်နေရသည်။
မဟာ သန္တိသုခ ကျောင်းတော်ကို စီးနင်းခြင်း၊ ရဟန်းတော်များကို ပြင်းထန်သော ပုဒ်မများတပ်ကာ ချက်ချင်း လူဝတ်လဲကာ ထောင်ချခြင်းသည် မြန်မာ့ ဒီမိုကရေစီ အကူးအပြောင်းတွင် အမည်းစက်ဖြစ်နေသည်။ ထို့အပြင် ထေရဝါဒ ဗုဒ္ဓသာသနာ ထွန်းကားသည့် မြန်မာနိုင်ငံတွင် ရဟန်းတော်များအပေါ် ကိုင်တွယ်မှုကလည်း ကမ္ဘာ့အလယ်တွင် မျက်နှာပျက်စရာ၊ အရှက်ရစရာ ဖြစ်သည်။
သမ္မတ ဦးသိန်းစိန် အနေဖြင့် မဟာသန္တိသုခ ကျောင်းတော် ကိစ္စတွင် သက်ဆိုင်ရာ သာသနာရေး ဝန်ကြီးဌာန၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ တရားမျှတမှု ရှိမရှိ စုံစမ်း စစ်ဆေးသင့်သည်။ ရဟန်းရှင်လူ ပြည်သူအများ စိတ်မချမ်းမြေ့ ဖြစ်ခဲ့ရသော ဤကိစ္စအတွက် တရားမျှတမှု မရှိ၊ ဥပဒေကြောင်းအရ မှန်ကန်စွာ လုပ်ဆောင်မှု မရှိကြောင်း တွေ့ရှိရပါက ထိရောက်စွာ အရေးယူခြင်းဖြင့် အစိုးရတရပ်၏ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုကို ပြသသင့်သည်။ သို့မှသာ သမ္မတ ဦးသိန်းစိန် တဖွဖွပြောခဲ့သော ကောင်းမွန်သော အုပ်ချုပ်မှု (Good Governance) နှင့် သန့်ရှင်းသော အစိုးရ (Clean Government) တရပ်ဖြစ်ရေး လမ်းစပွင့်ပေလိမ့်မည်။ ။