တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရာထူးတာဝန်ကနေ အနားယူပြီး နိုင်ငံရေးမှာ ပါဝင်လာဖို့ ရှိတယ်ဆိုတဲ့ သတင်းတွေက စစ်ဘက်ဆိုင်ရာ သတင်းရပ်ဝန်းတွေဆီက ခိုင်ခိုင်မာမာ ထွက်ပေါ် နေတာမို့ ကာချုပ် မင်းအောင်လှိုင် အနားယူသွားရင် ဘယ်သူ ကာကွယ်ရေးဦးစီးချုပ်ရာထူး ဘယ်သူရရှိမလဲဆိုတာကို အားလုံးက စိတ်ဝင်စားနေကြပါတယ်။
စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကိုယ်တိုင် ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီက တပ်မတော် ထိပ်ပိုင်း ရာထူးတွေ အပြောင်းအလဲတွေ လုပ်ပြီး ကာကွယ်ရေးဦးစီးချုပ်သစ်အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို ခန့်အပ်ခဲ့တုန်းကလည်း မထင်မှတ်ထားသူကို ကာချုပ်အဖြစ် ခန့်အပ်ခဲ့တာမို့ ပြည်တွင်း ပြည်ပနိုင်ငံရေးအသိုင်းအဝိုင်းက အံ့အားသင့်တဲ့အထိ ဖြစ်ခဲ့ရပါတယ်။
ဗိုလ်သင်တန်းအပတ်စဉ် ၁၈ ကျောင်း ဆင်း ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးသူရမြင့်အောင်ကို ကျော်ပြီး အပတ်စဉ် ၁၉ ကျောင်းဆင်းဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို ကာချုပ်အဖြစ် ခန့်အပ်ခဲ့တာမို့ တပ်မတော်မှာ ကာကွယ်ရေး ဦးစီးချုပ်သစ် ရွေးတဲ့နေရာမှာ ဗိုလ်သင်တန်း အပတ်စဉ် ကြီးစဉ်ငယ်လိုက် သွားတာမျိုးမဟုတ်ဘဲ လက်ရှိကာကွယ်ရေး ဦးစီးချုပ်ရဲ့ယုံကြည်မှု၊ နီးစပ်မှုရှိတဲ့သူကိုသာ လွှဲပြောင်းပေးအပ်တဲ့ပုံစံမျိုးဖြစ်လာပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်က မြန်မာ့နိုင်ငံရေးမှာ ဦးဆောင်အခန်းကဏ္ဍကနေ ပါဝင် နေတဲ့ အပြင် တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်အာဏာတရားဝင် သိမ်းယူပိုင်ခွင့်၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးတွေမှာလည်း အဓိက အခန်းကဏ္ဍက ပါဝင်ခွင့်ရနေတာမို့ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဖြစ်လာမယ့်သူက သမ္မတပြီးရင် ဒုတိယအာဏာအရှိဆုံး အိမ်ရှေ့မင်းသားရာထူးရမယ့်သူပါပဲ။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ ကာကွယ်ရေးဦးစီးချုပ်ရာထူး ဘယ်သူ့ကို လွှဲပေးမလဲဆိုတဲ့ မေးခွန်း အတွက် အဖြေက ဘယ်လိုပုံစံနဲ့ ဗိုလ်ချုပ်တွေ နိုင်ငံရေးမှာ ဆက်ပြီးပါမလဲဆိုတာပေါ်မှာ မူတည် နေပါတယ်။
၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလုပ်ခဲ့သလို အစုလိုက်၊ အပြုံလိုက် ဗိုလ်ချုပ်ကြီးတွေကို ရာထူးက အနားပေးပြီး နိုင်ငံရေးမှာ ပါဝင်စေခဲ့သလို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လည်း ဗိုလ်ချုပ်ကြီးတွေ တော်တော် များများကို အစုလိုက်အပြုံလိုက် အနားပေးပြီး နိုင်ငံရေးကို ဆွဲခေါ်မလား၊ သူတဦးတည်း ကာချုပ် ရာထူးကနေ အနားယူပြီး နိုင်ငံရေးလောကထဲကို ခြေစုံပစ် ဝင်မလား ဆိုတဲ့ လုပ်ဆောင်ချက်က ကာချုပ် သစ်ရာထူး ရွေးချယ်ရေး အပေါ်မှာ သက်ရောက်မှုများစွာရှိစေပါလိမ့်မယ်။
ဗိုလ်ချုပ်တွေ အစုလိုက်အပြုံလိုက် အနားယူပြီး နိုင်ငံရေးလောကထဲဝင်လာမယ်ဆိုရင်တော့ ကာကွယ်ရေး ဦးစီးချုပ် ရာထူးကို မျိုးဆက်သစ် ဗိုလ်ချုပ်တွေဆီ လွှဲပြောင်းပေးရမှာဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တဦး တည်း သာ အနားယူခဲ့မယ်ဆိုရင်တော့ ရာထူးကြီးစဉ်ငယ်လိုက် တဗိုလ်တက် တဗိုလ်ဆင်းပုံစံနဲ့ ကာကွယ်ရေး ဦးစီးချုပ်ရာထူးကို ရယူသွားပါလိမ့်မယ်။
လတ်တလော ကာကွယ်ရေးဦးစီးချုပ်ရာထူးအတွက် ရေပန်းအစားဆုံး စစ်တပ်ထိပ်တန်းခေါင်းဆောင် ၂ ဦး ရှိနေပြီး သူတို့တွေကတော့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဗိုလ်ချုပ်မြထွန်းဦးတို့ ဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တဦးတည်းသာ ကာချုပ်ရာထူးတာဝန်က အနားယူလိုက်တာနဲ့ ရာထူးအစဉ်အလိုက် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ရာထူး ရယူမှာ ဖြစ်ပါတယ်။
ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဗိုလ်သင်တန်းအပတ်စဉ် ၂၂ ကျောင်းဆင်းဖြစ်ပြီး ၁၉၆၀ပြည့်နှစ် ဝန်းကျင်မှာ မွေးဖွားခဲ့သူဖြစ်တဲ့အတွက် အသက် ၆၀ ပြည့်မယ့် ၂၀၂၀ ပြည့်နှစ်ဝန်းကျင်တွေအထိ ကာကွယ်ရေးဦးစီးချုပ် ရာထူးကို ထမ်းဆောင်နိုင်တယ်လို့ စစ်ဘက်ဆိုင်ရာ သတင်းရပ်ကွက်တွေက ဆိုပါတယ်။
ကာကွယ်ရေးဦးစီးချုပ်သစ်ဖြစ်လာနိုင်ခြေရှိတဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ခပ်အေးအေးနေတတ်သူဖြစ်ပြီး သားသမီး မရှိဘူးလို့ သိရပါတယ်။ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တွေမှာ တာဝန် ထမ်းဆောင် ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက စစ်တပ်မှာ အကျင့်ပျက်ခြစားမှု ကင်းရှင်းသူ ရယ်လို့ နာမည်ကြီးတယ်လို့ သိရ ပါတယ်။
ဒုတိယဗိုလ်မှူးကြီးဟောင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးလှဆွေကတော့ “ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ခပ်အေးအေးသမား။ သူ့အမျိုးသမီးရယ်၊ သူရယ် ၂ ဦးတည်း၊ သားသမီး မရှိဘူး။ သူတာဝန်ကျတဲ့ နေရာတွေမှာ အကျင့်ပျက်ခြစားမှု မရှိခဲ့တဲ့အတွက် တပ်မှာတော့ နာမည်ရတယ်။ နမခ(အနောက်မြောက်တိုင်း စစ်ဌာနချုပ်) မှာ သူတာဝန်ထမ်းဆောင်တုန်းက ကျနော့် ဂန့်ဂေါအထိ လမ်းတွေ ဖောက်ပေးသွားဖူးတယ်”လို့ ဆိုပါတယ်။
ကာကွယ်ရေးဦးစီးချုပ်သစ်ဖြစ်လာဖို့ ရေပန်းစားနေတဲ့ နောက်တဦးကတော့ ဗိုလ်ချုပ်မြထွန်းဦးပဲ ဖြစ်ပါတယ်။ ဗိုလ်ချုပ်မြထွန်းဦးက ဗိုလ်သင်တန်း အပတ်စဉ် ၂၅ ကျောင်းဆင်းဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာ စစ်ဦးစီး အရာရှိချုပ်( ကြည်း) အဖြစ် ခန့်အပ်ခံခဲ့ရတဲ့သူဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သဘောကျခဲ့တဲ့ မျိုးဆက်သစ် တပ်မတော်အရာရှိ တဦးဖြစ်ပြီး ဗိုလ်ချုပ်မြထွန်းဦးကိုယ်တိုင်ကလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို လေးစားရိုသေသူဖြစ်တယ်လို့ စစ်ဘက် သတင်းရပ်ကွက်တွေက ဆိုပါတယ်။
အရင်က စစ်ဦးစီးအရာရှိချုပ် (ကြည်း) ရာထူးတာဝန်ကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အတွင်းရေးမှူး ၂ ဒုတိယဗိုလ်ချုပ်ကြီး တင်ဦး ( OTS -22) က ထမ်းဆောင်ခဲ့ပြီး ၂၀၀၁ ခုနှစ်မှာ ရဟတ် ယာဉ် ပျက် ကျမှုကြောင့် ကွယ်လွန်ပြီး တဲ့နောက်ပိုင်းမှာတော့ စစ်ဦးစီးအရာရှိချုပ်(ကြည်း) ရာထူးကို ဘယ်သူ့ ကိုမှ မခန့်အပ်တော့ဘဲ ၂၀၁၂ ခုနှစ်မှာ ဗိုလ်ချုပ် မြထွန်းဦးကို ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဆိုတဲ့ ရာထူးဟာ တပ်မတော်မှာ အင်မတန်ကိုမှ အရေးကြီးတဲ့ ရာထူးဖြစ်ပြီး လက်ရှိ တပ်မတော်မှာ နံပါတ် ၄ အဆင့် အာဏာရှိတဲ့ ရာထူးမျိုးဆိုရင်လည်း မမှားနိုင်ပါဘူး။
ဗိုလ်ချုပ်မြထွန်းဦးဟာ အမှတ်(၁၀၁) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချူပ် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်တဲ့အပြင် ကရင်လက်နက်ကိုင် အဖွဲ့အစည်း တွေနဲ့ ဆက်ဆံရေး ပြေပြစ်သူလည်းဖြစ်ပါတယ်။ လတ်တလော ငြိမ်းချမ်းရေးနဲ့ အပစ်ရပ်ရေး ဆွေးနွေးမှု တွေမှာလည်း တပ်မတော်ကိုယ်စားပြု ပါဝင်နေပါတယ်။
ဗိုလ်ချုပ်မြထွန်းဦးက အသက်အရွယ် အားဖြင့် ၅၀ ကျော်ဝန်းကျင်သာရှိသေးတာမို့ ကာကွယ်ရေးဦးစီးချုပ်သစ် ဖြစ်မလာ ရင်တောင်မှ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ရာထူးရယူဖို့ သေချာတယ် လို့ စစ်ဘက် သတင်း ရပ်ကွက် တွေက ဆိုပါတယ်။
လတ်တလော တပ်မတော် ကြည်း၊ ရေ၊ လေ ညှိုနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးလှဌေးဝင်းကတော့ ဗိုလ် သင်တန်း အပတ်စဉ် ၂၀ ကျောင်းဆင်းဖြစ်ပြီး အသက် ၆၀ ပြည့်ဖို့ နီးကပ်လာတာမို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့အတူ ရာထူးတာဝန်က အနားယူနိုင်ခြေများပြီး နိုင်ငံရေးလောကထဲကို ပုံစံတမျိုးနဲ့ ပါဝင် လာနိုင် တယ်လို့ တပ်မတော်နဲ့နီးစပ်သူတွေက သုံးသပ်ပါတယ်။
တပ်မတော်မှာ ထိပ်ပိုင်းခေါင်းဆောင်ပိုင်းမှာရှိနေတဲ့ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး(OTS-60)၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်(DSA-20)၊ ဒုတိယဗိုလ်ချုပ်ကြီးလှမင်း(DSA-22)၊ ဒုတိယဗိုလ်ချုပ်ကြီးသက်နိုင်ဝင်း(OTS-56)၊ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(OTS-56)၊ ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်(DSA-19)၊ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး (OTS-Engineer) ၊ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ(DSA-22) တို့ ရယူထားတဲ့ ရာထူး တာဝန်တွေကို မျိုးဆက်သစ် ဗိုလ်ချုပ်တွေနဲ့ အစားထိုးနိုင်ခြေ ရှိတယ်လို့ စစ်ဘက်သတင်းရပ်ကွက်တွေက သုံးသပ် ပြောဆိုပါတယ်။