တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အတွက် တိုင်းရင်းသားပေါင်းစုံ ပါဝင်မည့် တတိယ အကြိမ် တိုင်းရင်းသား ထိပ်သီး ညီလာခံကို ဇွန်လအတွင်း ကျင်းပရန်စီစဉ်ထားရာမှ လာမည့် ဇူလိုင်လအတွင်း သို့ ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။
“ညီလာခံ လုပ်ဖို့က ဇူလိုင်လထဲ ရွှေ့လိုက်တယ်။ ဒီတခေါက်က နောက်ဆုံးဖိုင်နယ် ဆွေးနွေးဖို့ လိုပါတယ်။ ဆွေးနွေးမှုတွေက ကျနော်တို့ NCCT အဖွဲ့တွေရော အစိုးရဘက်က UPWC အဖွဲ့ဘက်ကရော ဆုံးဖြတ်သူတွေ မဟုတ်တော့ သက်ဆိုင်ရာ ထိပ်သီး ခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ လိုတယ်။ ဒီအတွက် စာတမ်းတစောင် ပြုစုနေပါတယ်” ဟု တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) အဖွဲ့ဝင် ဒေါက်တာ ဆလိုင်း လျန်မုန်း ဆာခေါင်းက ဧရာဝတီကို ပြောသည်။
ယင်း တိုင်းရင်းသား ညီလာခံ ကျင်းပမည့်နေရာအတွက် မသတ်မှတ်ရသေးကြောင်းလည်း ဆိုသည်။
ဒေါက်တာ ဆလိုင်း လျန်မုန်းဆာခေါင်းက “အကောင်းဘက်ကို ရည်ရွယ်ပြီး ပြောင်းလဲတာပါ။ ငြိမ်းချမ်းရေး ဆိုတာက ကျနော် တို့ ရည်ရွယ်ထားတာ ခဏတာ ကိစ္စ မဟုတ်ဘူး။ နောက် တော်တော်များများက လက်မှတ်ထိုးဖို့ကိုပဲ အားသန်ကြတယ်။ ဒီလို မြန်မြန်လုပ်လို့ မရဘူး။ ဆန္ဒတွေ စောဖို့ မလိုပါဘူး။ သေချာညှိနှိုင်းဖို့ လိုတယ်။ စာချုပ်ချုပ်တာ အပြင် ငြိမ်းချမ်းရေး လမ်း စဉ် ဆက်သွားဖို့အတွက် ကျနော်တို့ အမြင် တခုတည်း ဖြစ်အောင် လုပ်သွားမှာပါ”ဟု ပြောဆိုသည်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး အစိုးရဘက်မှ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တိုင်းရင်းသားများဘက်မှ တင်ပြ ထား သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း စသည့် အသုံးအနှုန်း၊ အပစ်အခတ် ရပ်စဲရေး စသည့်အသုံးအနှုန်းများ ညှိနှိုင်း လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
သို့ရာတွင် တိုင်းရင်းသားများဘက်မှ တော်လှန်ရေးဆိုသည့် အသုံးအနှုန်းသုံးစွဲရေးတွင် အမျိုးသားရေးအတွက် တိုက်ပွဲဝင်နေသည့် အဓိပ္ပာယ် ပေါ်လွင်စေရန် ဆက်လက်သုံးစွဲစေလိုမှု ရှိကြောင်း၊ ထို့အပြင် အစိုးရဘက်မှ တင်ပြထားသည့် တည်ဆဲဥပဒေကို လိုက် နာရမည် ဆိုသည့်အချက်ကိုလည်း တိုင်းရင်းသားများဘက်မှ လက်ခံမည် မဟုတ်ကြောင်း တိုင်းရင်းသား ခေါင်းဆောင်တဦးက ပြော သည်။
“နှစ်ပေါင်း ၆၀ အတွင်း အာဏာရှင်တွေ ထုတ်ခဲ့တဲ့ ဥပဒေတွေက အခုလက်ရှိ အချိန်အထိ အသက်ဝင်နေတာတွေ ရှိတော့ ဒါကို တိုင်းရင်းသားတွေ လက်ခံဖို့ ခက်တယ်”ဟု ၎င်းက ဆက်ပြောသည်။
ဒေါက်တာ ဆလိုင်း လျန်မုန်းဆာခေါင်း ကလည်း“အပစ်အခတ် ရပ်စဲရေးနဲ့ တပ်နေရာ ချထားရေး၊ လွတ်လပ်စွာ သွားလာခွင့််နဲ့ ရွှေ့ပြောင်းမှုက တိုင်းရင်းသား တခုကို တမျိုးလုပ်လို့ မရဘူး။ တခုတည်း ဖြစ်ဖို့ လိုတယ်။ တပ်ပိုင်းဆိုင်ရာ လိုက်နာရမယ့် ကျင့်ဝတ် စည်းကမ်းတွေကို တိုင်းရင်းသား ပေါင်းစုံ လိုက်နာနိုင်တဲ့ ပုံစံတခုတည်း ဖြစ်အောင် လုပ်ဆောင် သွားမယ်”ဟု ဆိုသည်။
ယင်းသို့ ညီလာခံ ကျင်းပမှုနှင့်ပတ်သက်ပြီး မြန်မာငြိမ်းချမ်းရေး စင်တာမှ ဦးလှမောင်ရွှေက“ဝန်ကြီး ဦးအောင်မင်းဘက်က တိုင်းရင်း သားတွေ တွေ့ဆုံတဲ့ ညီလာခံ လုပ်မယ်ဆိုလည်း လုပ်ဖို့ ပြောပြီးသားပါ။ ဒီအတွက် ဘာမှ ပြောဖို့ မရှိပါဘူး။ တွေ့ဆုံဖို့လည်း တိုင်း ရင်းသား တွေဘက်က အကြောင်းကြားလာရင် တွေ့ဆုံမှာပါ”ဟု ပြောသည်။
တိုင်းရင်းသား အများစု ပါဝင် ဖွဲ့စည်းထားသည့် NCCT တွင် “ဝ” ပြည် သွေးစည်း ညီညွှတ်ရေး တပ်မတော် (UWSA)၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (NDAA-ESS) ၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) နှင့် နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ (NSCN) တို့မှ ကိုယ်စားလှယ်များ ပါဝင်ခြင်း မရှိသေးသောကြောင့် အဆိုပါ အဖွဲ့များကို NCCT အဖွဲ့ဝင်များ က သွားရောက် တင်ပြဆွေးနွေးမှုများ ပြုလုပ်ပြီး ယခုကျင်းပမည့် တတိယအကြိမ် ညီလာခံတွင် ပါဝင်နိုင်ရေး အတွက် လုပ်ဆောင် သွားရန် စီစဉ်ထားကြောင်း သိရသည်။
တိုင်းရင်းသား ခေါင်းဆောင်များ ထိပ်သီး ညီလာခံကို အစိုးရ၏ ခွင့်ပြုချက်ဖြင့် ၂ဝ၁၃ ခုနှစ် အောက်တိုဘာ ၃ဝ ရက်မှ နိုဝင်ဘာ ၂ ရက် အထိ ကချင် လွတ်လပ်ရေး အဖွဲ့(KIO) ဌာနချုပ် တည်ရှိရာ ကချင်ပြည်နယ် လိုင်ဇာ ဒေသတွင် ပထမအကြိမ် ကျင်းပခဲ့ပြီး ဒုတိယ အကြိမ်ကို ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၂၀ ရက်မှ ၂၇ ရက် အထိ ကရင်ပြည်နယ် ကရင်အမျိုးသား အစည်းအရုံး(KNU) ဌာနချုပ် ဖြစ် သည့် လော်ခီးလာတွင် ကျင်းပခဲ့သည်။ ယခု တတိယ အကြိမ် ညီလာခံကို ရှမ်းပြည်နယ်တွင် ကျင်းပသွားရန် စီစဉ်ထား ကြောင်း သိရသည်။