တိုင်ရင်းသား လက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် – ငြိမ်းချမ်းကောင်စီ (KNU/KNLA – PC) နှင့် ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော် (DKBA) အဖွဲ့အစည်း တံဆိပ်ပါ လိုင်စင်မဲ့ကား ၂ စီးကို ပြည်မြို့တွင် ယမန်နေ့ နေ့လယ်ပိုင်းက ဖမ်းမိကြောင်း သတင်းရသည်။
အဆိုပါ ကား ၂ စီးကို မောင်းနှင်လာသည့် ယာဉ်မောင်း ၂ ဦးတွင် ၁ ဦးက ပြည်မြို့က ဖြစ်ပြီး ကျန်တဦးမှာ ပေါက်ခေါင်း မြို့က ဖြစ်ကြောင်း၊ ပြည်မြို့ အမှတ် (၁၀) ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ် ဝင်းနိုင်ဦးက တရားလို ပြုလုပ်၍ ပြည်မြို့ အမှတ်(၁) ရဲစခန်းတွင် အမှုဖွှင့်ထားကြောင်း သိရသည်။
“သတင်းပေး တိုင်တဲ့လူတွေ ရှိလို့ ရှောင်တခင် စစ်ဆေးလိုက်တာပါ။ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အမှတ်တံဆိပ်တွေ ပါပေမယ့် တရားဝင် ထုတ်ပေးထားတဲ့ အုံနာဘုတ်၊ ဝှီးတက်၊ မြန်မာ့အာမခံ လုပ်ငန်းက ထုတ်ပေးထားတဲ့ စာအုပ်တွေ မပြနိုင်ဘူး။ လက်နက်ကိုင် အဖွဲ့အစည်းက ကားဆိုရင်လည်း ကန့်သတ်နယ်မြေ ရှိတယ်။ အလုပ်ကိစ္စနဲ့ သွားလာနိုင်အောင် ခွင့်ပြုထားတာ ရှိတယ်။ ဒီနယ်မြေတော့ မပါဘူး”ဟု ဒု ရဲအုပ် ဝင်းနိုင်ဦး က ပြောသည်။
ယင်းလိုင်စင်မဲ့ ယာဉ်နှစ်စီး ပြည်မြို့ အ.လ.က(၂) ကျောင်းရှေ့နှင့် ယဉ်ကျေးမှုရုံးအနီး ရပ်ထားမှုကို သတင်းပို့တိုင်ကြား လာခြင်းကြောင့် အမှတ်(၁) ရဲစခန်းက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အရေးယူထားခြင်း ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။
ဖမ်းဆီးရမိသည့် ကားအမျိုးအစားမှာ KNU/KNLA – PC တံဆိပ်ပါ MARK II ကားအမျိုးအစား ခဲနက်ရောင်ကားနှင့် DKBA ကလို့ထူးဘော စစ်ဌာနချုပ် တံဆိပ်ပါ MARK II ခဲဖြူရောင် ကားများ ဖြစ်ပြီး တရားဝင် ယာဉ် လိုင်စင်များ ပြသနိုင်ခြင်း မရှိသည့် အတွက် သွင်းကုန်ထုတ်ကုန် ဥပဒေ ဖြင့် အရေးယူထားသည်ဟု သိရသည်။
“ယာဉ်ထိန်းရဲ တပ်ဖွဲ့က အမှုဖွင့်လို့ ဖမ်းဆီး အရေးယူထားတာပါ။ တည်ဆဲဥပဒေ အရ က.ည.န မှာ တရားဝင်လိုင်စင် ဝင် ထားတာ မရှိတဲ့အတွက် Without ကား ဆိုပြီး အမှုဖွင့် အရေးယူ ထားရတာပါ”ဟု ပြည်မြို့ အမှတ်(၁) ရဲစခန်းမှူး ဦးမျိုးဝင်း က ပြောသည်။
KNU/KNLA-PC တံဆိပ် အမှတ်အသားဖြင့် မောင်းနှင်နိုင်သည့် နယ်မြေများမှာ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ မန္တလေး တိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် မောင်းနှင်နိုင်ပြီး ပဲခူးတိုင်းအတွင်း မောင်းနှင်ခွင့် မရှိကြောင်း သိရသည်။