ဒေသအစိုးရများတွင် အမျိုးသမီးများ ပါဝင်နိုင်ရေးအတွက် ခွဲတမ်းစနစ် ကျင့်သုံးရန် ကြိုးစားနေ
This article has been converted from Zawgyi One to Unicode
မြန်မာအမျိုးသမီး များသည် ဒေသအစိုးရများ၏ လုပ်ငန်းတွင်ပါဝင်မှု နည်းပါးနေသဖြင့် ခွဲတမ်းစနစ် (Quoto System) ကို ကျင့်သုံးရန် The Asia Foundation နှင့် မြန်မာ ဖွံ့ဖြိုးတိုးတက်ရေး အရင်းအမြစ် အဖွဲ့အစည်း (MDRI) တို့ ပူးပေါင်း ထုတ်ထားသည့် စာတမ်းတွင် အကြံပြုထားကြောင်းသိရသည်။
မြန်မာနိုင်ငံရှိ အမျိုးသမီးများသည် ဒေသ အစိုးရ၏ လုပ်ငန်းတွင် ၅. ၇၅ ရာခိုင်နှုန်းခန့် သာရှိသေးကြောင်း၊ အာရှနိုင်ငံ ၁၈၀ နှင့် နှိုင်းယှဉ် ကြည့်မည်ဆိုပါက အလွန်ပင်နည်းနေကြောင်း မြန်မာ အမျိုးသမီးများ၏ ပညာရေး၊ စီးပွားရေး၊ နိုင်ငံရေး တို့ကိုလည်း အမျိုးသားနှင့် တန်းတူညီမျှ ဖြစ်သင့်ကြောင်း MDRI မှ Paul Minoletti ကပြောကြားခဲ့သည်။
“ကျနော့်အနေနဲ့ ၂၀၁၅ ခုနစ်နောက်ပိုင်း ပြီးရင် အမျိုးသမီးတွေ ပိုပါလာမယ်လို့ ထင်ပါတယ်။ လူနည်းစု တိုင်းရင်းသား
လူငယ်တွေလည်း ပိုပါဝင်ဖို့ လုပ်နေတယ်ဆိုတာ သိရပါတယ်။ အမျိုးသမီးတွေ လွှတ်တော်မှာ ပါဝင်မှု ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိ မြင့်တက်လာဖို့ အတွက် ရည်ရွယ်ပြီး ခွဲတမ်းစနစ်ကို ကြိုးစားနေပါတယ်” ဟု Paul Minoletti က ပြောသည်။
အဆိုပါ စာတမ်းကို ကချင်၊ ကရင်၊ နေပြည်တော်နှင့် ရန်ကုန်ရှိ ဘာသာပေါင်းစုံ ခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်း INGO၊ NGO များနှင့် အသက် ၃၀ မှ ၅၀ အကြားရှိ ပညာတတ် အမျိုးသမီးများကို တွေ့ဆုံ မေးမြန်း၍ စစ်တမ်းယူ ပြုစုထားခြင်း ဖြစ်ကြောင်း MDRI မှ Paul Minoletti က ရှင်းပြသည်။
“စာတမ်းကို အချိန်လေးလလောက်ပဲ ယူပြီး လူအယောက် သုံးဆယ်ကျော်နဲ့ လုပ်ခဲ့ပါတယ်။ ကချင်ကိုဘာလို့ ရွေးချယ်လဲ ဆိုတာကတော့ အားလုံးသိပြီးသာပါ။ ကရင်ကတော့ အမျိုးသမီးတွေ အုပ်ချုပ်ရေး ပိုင်းမှာ ပါဝင်ပတ်သက်မှုတွေ ရှိပြီး စိတ်ဝင်စားလာလို့ပါ” ဟု ၎င်း ကထပ်မံဆိုသည်။
မြန်မာနိုင်ငံ အမျိုးသမီးများ နိုင်ငံရေးတွင် ပါဝင်မှု နည်းပါးနေသည့် အတွက် ခွဲတမ်းစနစ်ကို ကျင့်သုံးရန် ဆောင်ရွက်ခဲ့ သော်လည်း အတိုက်အခံ ပါတီများနှင့် အစိုးရပါတီများက ထိုစနစ်ကို မကျင့်သုံးရန် သဘောတူညီမှု ပြုလုပ်ထားခဲ့ရ ကြောင်း၊ အမျိုးသမီးများ ထိုက်သင့်သည့် နေရာရရှိစေရေး အတွက် ဥပဒေတရပ် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဒေါ်ညိုညိုသင်းက ပြောသည်။
“အစိုးရအဖွဲ့နဲ့ လွှတ်တော်မှာ အမျိုးသမီးတွေ ပါဝင်လာဖို့အတွက် ဖန်တီးပေးရမယ်၊ လွှတ်တော်ထဲမှာ အမျိုးသမီးတွေ နည်းပါးတယ်။ အမျိုးသမီးရေးရာနဲ့ သက်ကြီး ရွယ်အိုကိစ္စကို အဓိက ပြောတာ အမျိုးသမီး လွှတ်တော်
ကိုယ်စားလှယ် တွေပါပဲ။ ဒါကြောင့် အမျိုးသမီးတွေ အမတ်လောင်း အဖြစ် ဝင်ရောက် အရွေးချယ်ခံဖို့အတွက်
ငွေကြေး လျှော့ပေါ့ပေးဖို့ လုပ်ပေးသင့်တယ်” ဟု ဒေါက်တာ ဒေါ်ညိုညိုသင်းက ဆိုသည်။
ငြိမ်းချမ်းရေး လုပ်ဆောင်သည့် နေရာတွင် အမျိုးသမီး အခန်းကဏ္ဍသည် အလွန်အရေးကြီးကြောင်း၊ ငြိမ်းချမ်းရေး ဖော်ဆောင်သည့် အခါတွင်လည်း အမျိုးသမီးများ အရှေ့ထွက်ပြောရန် လိုအပ်ကြောင်း၊ အမျိုးသမီးများကို
နေရာ ပေးသင့်ကြောင်း Care Myanmar မှ အကြံပေးသူ တဦးဖြစ်သည့် ဒေါ်နန်းဖြူဖြူလင်းက ပြောသည်။
“အမျိုးသမီးတွေကို ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေး တွေမှာ ပါဝင်ဖို့ နေရာ ပေးသင့်ပါတယ်။ အမျိုးသမီးတွေ ကျေးရွာ အုပ်ချုပ်ရေးလုပ်ဖို့ အရည်အချင်း ပြည့်တာတောင် ပြည်သူတွေက လက်မခံကြဘူး။ ဘာလို့လဲ ဆိုတော့ ကျေးရွာ အုပ်ချုပ်ရေးမှူးဆိုတာက ညသန်းခေါင်မှာ ထပြီး ကျေးရွာ ကိစ္စ ဆောင်ရွက်ရတယ်လေ။ အဲဒါကြောင့် အမျိုးသမီးတွေကို
မခန့်ကြဘူး။ အမျိုးသမီးတွေအတွက် လုံခြုံမှု ရှိမယ်ဆိုရင် ဘာပဲဖြစ်ဖြစ် ကောင်းတာပေါ့” ဟု ဒေါ်နန်းဖြူဖြူလင်းက ဆိုသည်။
မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ် ကုလသမဂ္ဂ၏ “အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး သဘောတူစာချုပ်” (CEDAW) တွင် လက်မှတ်ရေးထိုး ထားသော်လည်း အမျိုးသမီး အခွင့်အရေး ကာကွယ်ပေးခြင်းနှင့် ပတ်သက်ပြီး ဆောင်ရွက်မှု များသည် ထိရောက်မှု မရှိကြောင်း အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများက ဝေဖန် ပြောဆိုလျက် ရှိသည်။