ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေ ဖမ်းဆီးခံနေရတာနဲ့ ပတ်သက်ပြီး ကျောင်းဆရာ တဦးက ဘန်ကောက်မြို့ရှိ မြန်မာ သံရုံး ရှေ့မှာ ဇွန်လ ၁၇ ရက်က ဆန္ဒပြခဲ့ပါတယ်။
ထိုင်းအစိုးရက တရားမဝင် ရွှေ့ပြောင်း အလုပ်သမားတွေကို ဖမ်းဆီးမှုတွေပြုလုပ်နေရာမှာ မြန်မာ အလုပ်သမားတွေလည်း အဖမ်း ခံနေရတဲ့အတွက် မြန်မာ အအစိုးရ တာဝန်ရှိသူတွေ အနေနဲ့ နှုတ်ဆိတ်မနေဘဲ ကူညီပေးဖို့ ရွှေ့ပြောင်းအလုပ်သမားတွေကို စာသင် ပေးနေတဲ့ ကျောင်းဆရာ ကိုစောမောင် ဆိုသူက တကိုယ်တော် ဆန္ဒပြတာပါ။
ကိုစောမောင် ဟာ မဟာချိုင် ဝပ်စီမိန်း ဘုန်းကြီးကျောင်းမှာ မြန်မာအလုပ်သမားတွေရဲ့ ကလေးတွေကို စာသင်ပေးနေသူဖြစ်ပြီး သမ္မတ ဦးသိန်းစိန်ပုံနဲ့ မြန်မာနိုင်ငံကူးလက်မှတ်ပုံပါ ဗီနိုင်း ၂ ခုပေါ်မှာ “ပတ်စပို့(စ်) ရှိလျက်နဲ့ ပုလိပ်ဖမ်းနေတာကို မြန်မာသံရုံး မသိချင်ယောင်ဆောင်မနေပါနဲ့”၊“ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေကို ပစ်မထားပါနဲ့ ဦးသိန်းစိန် ခင်ဗျား”၊ စတဲ့ စာတမ်းပါတဲ့ ဗီနိုင်းတွေကို ကိုင်ပြီးဆန္ဒပြတာဖြစ်ပါတယ်။
ကျောင်းဆရာ ကိုစောမောင် က “မြန်မာသံရုံးက အရင်ကရော အခုရော ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအပေါ်မှာ လုံးဝ ဂရုစိုက်မှု မရှိဘဲနဲ့ တိုင်ကြားချက်၊ အကူအညီတောင်းခံချက်တွေ ရှိတာတောင်မှ လျစ်လျူရှူခဲ့၊ ရှိနေဆဲပဲ ဒါကြောင့် ကျနော် အခုလို တကိုယ်တော် ဆန္ဒပြတာ”လို့ ဧရာဝတီကို ပြောပါတယ်။
ထိုင်းနိုင်ငံအတွင်းမှာ အထောက်အထားမရှိဘဲနေထိုင်တဲ့ တရားမဝင်ရွှေ့ပြောင်းအလုပ်သမားတွေကို နေရပ်ရင်းပြန်ပို့ဖို့အတွက် ဇွန်လ ဒုတိယပတ်ကစပြီး ဖမ်းဆီးခဲ့ပါတယ်။ အဲဒီအထဲမှာ မြန်မာ အလုပ်သမားတွေလည်း ရာနဲ့ ချီပြီး အဖမ်းခံခဲ့ရတာ တွေရှိသလို ဒီ သတင်းတွေကို ထိုင်း ရုပ်သံမီဒီယာတွေနဲ့ အွန်လိုင်းသတင်းဌာနတွေကလည်း ဖမ်းဆီးနေပုံတွေကို ရုပ်ပုံတွေနဲ့ အတူ ဖော်ပြထားကြ ပါတယ်။
ဒီဖမ်းဆီးမှုတွေမှာ တရားဝင် အထောက်အထားတွေရှိတဲ့ မြန်မာ အလုပ်သမားတွေပါ အဖမ်းခံနေရပြီး အာဏာပိုင်တွေဘက်က ငွေညှစ်တာတွေရှိနေတယ်လို့ အလုပ်သမားတွေက ပြောဆိုနေကြပါတယ်။ ဒီဖြစ်စဉ်တွေအပေါ်မှာ တာဝန်ရှိတဲ့ မြန်မာအစိုးရနဲ့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးတို့က မသိကျိုးကျွံပြုနေတယ်ဆိုပြီးတော့လည်း ဝေဖန်နေကြပါတယ်။
သံရုံးရှေ့မှာ ဆန္ဒပြနေတဲ့ ကိုစောမောင်ကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံး သံအမတ် ဦးဝင်းမောင် က ခေါ်ယူ တွေ့ဆုံပြီး တောင်းဆိုချက်တွေ၊ အလုပ်သမားတွေကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ ထောက်ပြဝေဖန်သံတွေကို နားထောင် ပေးခဲ့ပါတယ်။ အထောက်အထား အပြည့်အစုံ ရှိတဲ့ မြန်မာ အလုပ်သမားတွေ အဖမ်းခံရတာ ရှိရင် ဆက်သွယ် အကြောင်းကြားပေးဖို့နဲ့ ဖြေရှင်း ပေးမယ်လို့လည်း သံအမတ်က ပြောလိုက်တယ်လို့ ဆိုပါတယ်။
ကိုစောမောင်က သံအမတ်ကြီးနဲ့ တွေ့ဆုံစဉ်မှာ မြန်မာအစိုးရနဲ့ မြန်မာသံရုံးအနေနဲ့ ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားတွေကို ပစ်မထားဖို့၊ အခက်အခဲရှိလို့ ဆက်သွယ်လာရင် အကူအညီပေးဖို့နဲ့ လက်ရှိအလုပ်သမားတွေ ကြုံတွေ့ နေရတဲ့ အခက်အခဲတွေကို ထပ်ပြီး မသိကျိုးကျွံ မပြုလုပ်ဖို့ တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြန်မာ အလုပ်သမားတွေ သန်းချီရှိနေတဲ့ ထိုင်းနိုင်ငံမှာ အလုပ်သမား သံအရာရှိတဦးတည်း ထားရှိတာ မလုံလောက်တဲ့ အတွက် အလုပ်သမားတွေအရေးကို ထိထိရောက်ရောက် လုပ်ဆောင်ပေးမယ့် အဖွဲ့တွေဖွဲ့စည်း ဆောင်ရွက်ပေးဖို့နဲ့ မြန်မာအစိုးရနဲ့ မြန်မာသံရုံးဟာ မြန်မာအလုပ်သမားတွေကို ကာကွယ်ပေးသူတွေဖြစ်ဖို့ တိုက်တွန်းခဲ့တယ်လို့လည်း သိရပါတယ်။
သံအမတ်ကြီး ဦးဝင်းမောင် က“(ဆန္ဒ) ပြပြီးတော့ ကျနော်ခေါ်ပါတယ်။ ခေါ်ပြီးတော့ ကဲ ကျောင်းဆရာ ဒီဟာတွေကို သံရုံးက မသိ ချင်ယောင်ဆောင်နေတာလည်း မဟုတ်ပါဘူး။ သမ္မတကြီးကလည်း ပစ်ထားတာ မဟုတ်ပါဘူး။ ကျနော်တို့ လုပ်နေပါတယ်။ အခု အဖမ်းခံထားရတာ ရှိတယ်၊ အဲဒီနေရာကို သိနေတယ်ဆိုရင် ကျနော်တို့ အတူတူသွားကြမယ်။ သွားကြည့်မယ်လို့ ကျနော်က ပြော ပါတယ်”လို့ ရှင်းပြပါတယ်။
သူကဆက်ပြီး“ပြောတဲ့ အခါကြတော့ လောလောဆယ်တော့မသိဘူးပေါ့။ အဖမ်းခံရတယ်ကြားလို့ ပစ်ထားတယ်ကြားလို့ လာပြီး တော့ ဆန္ဒပြတယ်လို့ ပြောတယ်။ မသိရင်လည်း ပြဿနာ မရှိပါဘူး။ ဖမ်းတာ သိပြီဆိုရင်တော့ ချက်ချင်း ပြောပါ။ ဖုန်းနဲ့လည်း လာပြောပါ။ ကားခတောင် ပေးဦးမယ်လို့ ကျနော်ပြောပါတယ်”လို့လည်း ပြောဆိုပါတယ်။
တရားမဝင် အလုပ်သမားတွေကို ထိုင်းအစိုးရက ဖမ်းဆီးမှုတွေရှိနေပေမယ့် တရားဝင် အထောက်အထားရှိတဲ့ မြန်မာအလုပ် သမား တွေကိုဖမ်းဆီးနေတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး စုံစမ်းနေပေမယ့် ခိုင်လုံတဲ့ အချက်အလက်တွေ မရရှိသေးတဲ့အတွက် အတည်ပြုပြောဆိုဖို့ ခက်ခဲနေသေးတယ်လို့ ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN) ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောပါတယ်။
သို့သော်လည်း ထိုင်နိုင်ငံဆိုင်ရာ မြန်မာသံရုံးကတော့ မြန်မာ အလုပ်သမားတွေရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေး မှုတွေဟာ အရင်ကရော လက်ရှိအခြေအနေမှာပါ တိုးတက်မှုရှိမလာဘူးလို့ ပြောဆိုပါတယ်။
“အစိုးရကနေ ထိုင်းနိုင်ငံမှာရှိတဲ့ အလုပ်သမားတွေအရေးကို ဆောက်ရွက်ပေးဖို့အတွက် တရားဝင်ခန့်ထားပေးတဲ့ ပုဂ္ဂိုလ်တွေက အများကြီးပဲ။ အဲဒီပုဂ္ဂိုလ်တွေ ကိုယ်တိုင်ကလည်း ထိထိရောက်ရောက်၊ ထဲထဲဝင်ဝင် ဆောင်ရွက်ပေးတာမျိုး ကျနော်မတွေ့ဖူး သေး ဘူး”လို့ MWRN ဥက္ကဋ္ဌ ဦးအောင်ကျော်က ဧရာဝတီကို ပြောပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာ အလုပ်သမား စုစုပေါင်း ၃ သန်းခန့်ရှိပြီး ၂၀၀၉ ခုနှစ်က စတင်လုပ်ပေးခဲ့တဲ့ ယာယီ နိုင်ငံကူး လက်မှတ် အစီ အစဉ်မှာ မြန်မာ အလုပ်သမား ၁၇ သိန်းက တရားဝင် လုပ်ဆောင်ထားတယ်လို့ မြန်မာအစိုးရရဲ့ တရားဝင် ထုတ်ပြန်ထားချက် များ အရ သိရပါတယ်။