ကျန်းမာရေး၊ ပညာရေး နယ်ပယ်နှင့် ပတ်သက်၍ အသိပညာပေး စာများ ရေးသားနေသည့် ဆရာမကြီး ဒေါက်တာ ဒေါ်မြင်ြ့မင့်ခင်သည် ယနေ့ နေ့လည် ၂ နာရီ ၂၀ မိနစ်ခန့်က လူကြီးရောဂါဖြင့် ရန်ကုန်မြို့ ရွှေဂုံတိုင် အထူးဆေးရုံကြီး (SSC) တွင် ကွယ်လွန်သွားပြီဖြစ်သည်။ ကွယ်လွန်ချိန်တွင် အသက် ၉၀ ရှိပြီဖြစ်သည်။
ဆရာမကြီး ဒေါ်မြင့်မြင့်ခင်သည် နှလုံး၊ ကျောက်ကပ် စသည့်ရောဂါများကြောင့် SSC ဆေးရုံကြီးတွင် လွန်ခဲ့သည့် ၄ လခန့်ကတည်းက တက်ရောက်ကုသနေရကြောင်း သားဖြစ်သူ ဒေါက်တာမြင့်ဇံက ဧရာဝတီသို့ ပြောသည်။
ဒေါက်တာ ဒေါ်မြင့်မြင့်ခင်၏ ဈာပနကို လာမည့် စနေနေ့ နေ့လည် ၃ နာရီတွင် ရေဝေးသုဿန်တွင် သဂြိၤုလ်မည်ဟု သိရသည်။
ဧရာဝတီတိုင်း ပုသိမ်ဇာတိ ဒေါ်မြင်မြင့်ခင်သည် ၁၉၃၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် တက်ရောက်ခဲ့ပြီးနောက် ၁၉၅၀ ခုနှစ်တွင် MBBS ဘွဲ့ရရှိခဲ့သည်။ ထိုနောက် အမေရိကန်နှင့် အင်္ဂလန်နိုင်ငံများတွင် ဘွဲ့လွန်ပညာကို ဆက်လက်ဆည်းပူးခဲ့သည်။
မန္တလေး ဆေးတက္ကသိုလ်တွင် ဆေးပညာ ပါမောက္ခ၊ ဌာနမှူး အဖြစ် နှစ်ပေါင်း ၂၀ ခန့် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၅ ခုနှစ်တွင် အငြိမ်းစားယူခဲ့ပြီးနောက် မလေးရှားနိုင်ငံ UKM ဆေးတက္ကသိုလ်တွင် အကြံပေး၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ အရှေ့တောင်အာရှ ဌာနခွဲတွင် အကြံပေးအဖြစ် လုပ်ကိုင်ခဲ့သည်။
ဆရာမကြီး ဒေါ်မြင့်မြင့်ခင်၏ အမျိုးသားမှာ ကမ္ဘာတွင် ပထဆုံး ဆင်စွယ်ဖြင့် အရိုးအစားထိုး ကုသမှုကို စမ်းသပ်အောင်မြင်ခဲ့သည့် အရိုးအထူးကု ဆရာဝန်ကြီး ဒေါက်တာစံဘော် ဖြစ်သည်။
ဒေါက်တာဒေါ်မြင့်မြင့်ခင်သည် ကွယ်လွန်ချိန်အထိ မြန်မာနိုင်ငံသားများ ကျန်းမာရေးအသိရှိစေရန်နှင့် ကလေးငယ် ပညာရေးဆိုင်ရာ စာအုပ်ပေါင်း များစွာ ရေးသားခဲ့သလို လက်ရှိတွင်လည်း ပြည်သူ့ခေတ် ဂျာနယ်တွင်လည်း ရေးသားနေဆဲဖြစ်သည်။
ထင်ရှားသော စာအုပ်များမှာ လူတိုင်းအတွက် ထိုးတဲ့ ခေါင်းလောင်း၊ ဆေးလိပ်အကြောင်း ဖြစ်ကြောင်းကုန်စင်၊ မိုက်ကရိုဝေ့ဗ် ဟင်းချက်နည်း၊ သက်ရှည်ကျန်းမာ၊ ကင်ဆာ၊ ဆီးချိုရောဂါနှင့် အစားအစာတို့မှာ ထင်ရှားသော ကျန်းမာရေး ပညာပေးစာအုပ်များ ဖြစ်သည်။
နောက်ဆုံးရေးသားခဲ့သည့် စာအုပ်မှာ Poetry for Me ဆိုသည့် ကိုယ်တိုင်ရေးသားသည့် ကဗျာများကို စုစည်းထားသည့် စာအုပ်ဖြစ်သည်။
လက်ရှိ ရေးလက်စ စာအုပ်မှာ ဆေးပညာသုတေသန ညွန်ကြားရေးမှူးချုပ်ဟောင်း ဆရာကြီး ဒေါက်တာ အောင်သန်းဘတူ အပါအဝင် ဆရာဝန် ၁၀ ဦးခန့်ဖြင့် တွဲဖက်ကာ ကိုလိုနီခေတ်၊ ဂျပန်ခေတ်၊ လွတ်လပ်ရေးရပြီး ဖဆပလ အစိုးရခေတ်၊ တော်လှန်ရေးကောင်စီ ခေတ်၊ မြန်မာဆိုရှယ်လစ် လမ်းစဉ်ခေတ်၊ အာဏာသိမ်း နဝတ အစိုးရခေတ်၊ ယနေ့ခေတ်အပါအဝင် ဖြတ်သန်းခဲ့ရသည့် မြန်မာနိုင်ငံ ဆေးပညာသမိုင်း( History of Medicial Education) စာအုပ်ကို ရေးသားနေကြောင်း သားဖြစ်သူ ဒေါက်တာမြင့်ဇံက ရှင်းပြသည်။